ရွေးကောက်ပွဲကြောင့် မတည်ငြိမ်မှုပိုဖြစ်နိုင်လို့ ကန်သတိပေး 

မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အရေးပေါ်အခြေအနေ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီဘက်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကြောင့် တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်တယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel က ခုလိုပြောကြားခဲ့ပါတယ်။

"စစ်ကောင်စီဘက်က သတ်ဖြတ်မှုတွေ ဆက်ကျုးလွန်နေပြီး ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိတဲ့သူတွေကို ဖမ်းဆီးတာ၊ ထွက်ပြေးအောင် အတင်းအကြပ် ဖိအားပေးတာနဲ့ ငြိမ်းချမ်းတဲ့ အတိုက်အခံတွေကို ရက်ရက်စက်စက် အကြမ်းဖက်နေတာကြောင့် စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ နောက်ထပ် အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကိုပဲ မီးထိုးပေးသလို ဖြစ်ပါလိမ့်မယ်"လို့ အမေရိကန် နိင်ငံခြားရေး ဝန်ကြီးဌာန ဒု ပြောခွင့်ရ Vedant Patel က မနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အာဏာသိမ်း ၂ နှစ်ပြည့်ချိန်မှာ အခြေအနေတွေဟာ ပုံမှန်ပြန်လည် မရောက်သေးတဲ့အတွက်ဆိုပြီး စစ်ကောင်စီက အရေးပေါ်အခြေအနေ သက်တမ်းတိုးခဲ့တာပါ။ ဒီလို သက်တမ်းတိုးလိုက်တဲ့အတွက် တရားမဝင် စစ်အုပ်ချုပ်ရေးနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေ သက်တမ်း ရှည်ကြာစေမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို အရေးယူနိုင်ဖို့၊ တာဝန်ခံယူမှုရှိအောင် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကို ထောက်ခံပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း ပြောဆိုထားပါတယ်။ အတိဒုက္ခ အဆိုးဝါးဆုံး ကြုံနေရတဲ့ မြန်မာပြည်တွင်းက ပြည်သူတွေကို ကာကွယ်ပေးနိုင်‌ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုး ထောက်ခံသွားမယ့် အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီအတွက် လက်နက်ခဲယမ်းတွေကို ရုရှားကဖြည့်တင်းပေးနေတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့လွန်စွာမှ စိုးရိမ်ပူပန်မိသလို ရုရှားနဲ့မြန်မာစစ်ကောင်စီကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်အာဏာသိမ်း ၂ နှစ်ပြည့်သတင်း စာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

[Unicode]






[Unicode]





