စစ်ကောင်စီဟာ အစိုးရတရပ်အနေနဲ့ အုပ်ချုပ်နိုင်မှုနဲ့ တိုင်းပြည်တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိတဲ့အတွက် "သာမန်မဟုတ်သောအခြေအနေ"လို့ သတ်မှတ်လိုက်တာဖြစ်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကပြောပါတယ်။ စစ်အာဏာသိမ်း ၂ နှစ်ပြည့်အထူးအစီအစဉ်အဖြစ် မအင်ကြင်းနိုင်က ယာယီသမ္မတ ဒူဝါလရှီးလကို သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။
အင်ကြင်းနိုင်။ ။ မင်္ဂလာပါ သမ္မတကြီးရှင့်
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ မင်္ဂလာပါ မင်္ဂလာပါ
အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့။ အခုလို ဗွီအိုအေက ဆက်သွယ်တာမေးမြန်းကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီတော့ သမ္မတကြီးကို မမေးမြန်းခင် နာရီပိုင်းအလိုမှာ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီမှာဖော်ပြထားတာကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်တယ်။ အဲဒီရဲ့ ရလဒ်မှာတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေအဖြစ်သုံးသပ်တယ်လို့လည်း ဖော်ပြထားတယ်။ ပြီးတော့ စစ်ကောင်စီအုပ်ချုပ်ရေးသက်တမ်းကလည်း ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကုန်ပြီဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ လိုအပ်တဲ့အချက်အလက်တွေကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။ ဆိုတော့ အခုစစ်ကောင်စီကဆက်ပြီးသွားမယ့် ခြေလှမ်းပေါ့နော်။ လမ်းကြောင်းအနေအထားနဲ့ ပတ်သက်ပြီးတော့ NUG ကြားကလ အစိုးရအနေနဲ့ကရော ဘယ်လိုသုံးသပ်ရှုမြင်ပါသလဲရှင့်
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ ဟုတ်ကဲ့ သူတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘက်က အကွက်ပေါ်မှာ သူတို့က လျှောက်သွားမယ်ဆိုတာ ကျွန်တော်တို့ တွက်ချက်ထားပြီးသားဖြစ်ပါတယ်။ ပညာရှင်တွေရော လေ့လာသူတွေတော်တော်များများ သုံးသပ်ထားတာက သာမန်အားဖြင့်မဟုတ်တဲ့အချိန်ဆိုတာက သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ရဲ့ ၄၂၅အရဆိုရင် ထပ်ပြီးတော့ အာဏာသိမ်းတယ်ဆိုတဲ့ သဘောပဲ။ အာဏာသိမ်းမှုကို ဆက်ပြီးယူဆောင်သွားမယ်ဆိုတဲ့သဘော။ ကျွန်တော်တို့ အဲ့လိုပဲယူဆပါတယ်။ သာမန်အချိန်မဟုတ်တဲ့အအတွက်ကြောင့် သာမန်အစိုးရအနေနဲ့ အုပ်ချုပ်လို့မရဘူးပေါ့။ အာဏာအပ်ရင်လည်း မအုပ်ချုပ်နိုင်ဘူး။ ဒါကြောင့် သူတို့ စစ်တပ်ကပဲထပ်ပြီး အချိန်ယူသွားမယ်ဆိုတဲ့သဘောမျိုးပဲ ဖြစ်ဖို့များတယ်လို့ ကျွန်တော်တို့ခန့်မှန်းရပါတယ်။
အင်ကြင်းနိုင်။ ။ NUG ဘက်ကရော အခုလိုအာဏာသိမ်းပြီးတော့ ၂နှစ်ကြာလာတဲ့အချိန်မှာ အစိုးရတရပ်အနေနဲ့ပေါ့နော်။ နိုင်ငံတဝှမ်းမှာ နယ်မြေအုပ်ချုပ်ရေးအတွက် ထိန်းသိမ်းထားနိုင်တဲ့ အတိုင်းအတာဘယ်လောက်ထိရှိပါသလဲရှင့်။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ အဲဒါတော့ ကျွန်တော်တို့ကလည်း မကြာခဏပြောသလို ကျွန်တော်တို့နိုင်ငံရဲ့ ထက်ဝက်ကျော်ကိုတော့ ကျွန်တော်တို့ NUG အစိုးရနဲ့ ERO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြို့နယ်ပေါင်း ၁၅၇မြို့နယ်ကို သူတို့အနေနဲ့ မချုပ်ကိုင်နိုင်တော့ဘူး မလုပ်နိုင်တော့ဘူးဆိုတဲ့သဘော ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ အခုအချိန်မှာ ဒေသန္တရအုပ်ချုပ်ရေးတွေလည်း ကျွန်တော်တို့စနေပါတယ်။ ဒါကြောင့်မလို့ မြို့နယ်ပေါင်း ၂၃မြို့နယ်မှာ ဥပဒေရုံးတွေ ဖွင့်လှစ်နိုင်တယ်။ တရားရေးရုံးကလည်း ၂၅ရုံးဖွင့်လှစ်ပြီးတော့ ခရိုင်ဥပဒေတောဝန်ခံတွေ ခန့်အပ်နေပါတယ်။ ဆောင်ရွက်နေပါတယ်။ နောက်တခု တရားသူကြီး ၁၁၈ဦးကို ခန့်အပ်ပြီးတော့ ပြည်သူ့တရားစီရင်ရေးကိုလက်တွေ့ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ပါတယ်။ အလားတူပဲ ပညာရေးဝန်ဆောင်မှုပိုင်းမှာရော၊ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းမှာရော NUG အစိုးရအနေနဲ့ တနိုင်ငံလုံးကို ရှေ့ဆက်ပြီးလုပ်ဆောင်နေပါတယ်။ အဲအထဲမှာ ပညာရေးဝန်ဆောင်မှုကို မြို့နယ် ၉၅မြို့နယ်ကို လုပ်ဆောင်လျက်ရှိပါတယ်။ အလားတူပဲ ကျန်းမာရေးကိုလည်း ၁၉၈မြို့နယ်မှာ ကျွန်တော်တို့ လက်တွေ့ပြည်သူလူထုကို ကူညီစောင့်ရှောက်နေပြီဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။
အင်ကြင်းနိုင်။ ။ အခုမြန်မာနိုင်ငံကို ပြန်ပြီးတော့ တည်ဆောက်ရမယ်။ ဆက်ပြီးတော့ ရှေ့ဆက်လှမ်းမယ်ဆိုတဲ့အပိုင်းမှာ စစ်တပ်ကချပြထားတဲ့ ရွေးကောက်ပွဲကိုလည်း NUG က လက်မခံထားဘူးပေါ့နော်။ အဲတော့ သမ္မတကြီးတို့ဘက်ကရော သမ္မတကြီးတို့ချမှတ်ထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းကို ပြန်ရောက်ဖို့အတွက် ဘယ်လိုသွားဖို့ရှိလဲရှင့်။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့လမ်းပြမြေပုံကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် Charter ဟာ ကျွန်တော်တို့ရဲ့လမ်းပြမြေပုံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လမ်းပြမြေပုံအရက ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံကိုတည်ထောင်မယ်။ စစ်တပ်ရဲ့ အာဏာရှင်အုပ်ချုပ်မှုကို ကျွန်တော်တို့ လုံးဝဖယ်ရှားသွားမယ်။ ပြည်သူလူထုက ဘယ်လိုမှလက်ခံနိုင်တဲ့အနေအထားမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြည်သူလူထုရဲ့စကားနားထောင်ရမယ့် အစိုးရဖြစ်တဲ့ အားလျှော်စွာ ပြည်သူလူထုရဲ့အသံ၊ သူတို့ရဲ့ သဘောထားအတိုင်းပဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲတော့ ဖယ်ဒရယ်ဒီမိုကရေစီ Charter မှာပါတဲ့အတိုင်း ဆက်ပြီးတော့လုပ်ဆောင်မယ်။ အဲ့အထဲမှာ ကျွန်တော်တို့ မကြာခင်မှာပဲ အသွင်ကူးပြောင်းရေးကာလကို ပြင်ဆင်ထားတာရှိပါတယ်။ စစ်ကောင်စီကို ကျွန်တော်တို့ ဖယ်ရှားပြီးတာနဲ့ အသွင်ကူးပြောင်းကာလအုပ်ချုပ်ရေးရောက်သွားမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ပြင်ဆင်နေတယ်။ အဲဒီမှာအသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ အားလုံးသဘောတူညီချက်ရအောင်လုပ်ပြီး မကြာခင်မှာ ထုတ်ပြန်ကြေညာနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ကြိုးလည်းကြိုးစားနေပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့တတွေဟာ ရှေ့လမ်းစဉ်မှာ ကျွန်တော်တို့ရဲ့ အားလုံးတန်းတူညီမှုရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတဲ့ ကျွန်တော်တို့ နဂိုကပါတဲ့ ခွဲခြားမှုမရှိတဲ့ အုပ်ချုပ်ရေးကိုသွားနိုင်အောင် ဆွေးနွေးကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
အင်ကြင်းနိုင်။ ။ မြန်မာနိုင်ငံမှာ ပြောင်းလဲရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ သွားမှာလား။ NUG ကကြေညာထားတဲ့ ခုခံတော်လှန်တဲ့ လမ်းကြောင်းနဲ့ သွားမှာလား။ တဖက်မှာလည်း NUG ကတွေ့ဆုံဆွေးနွေးရေးလို့ သတ်မှတ်ထားတဲ့နေရာမှာလည်း အချက်လေးချက် ကိုပြောထားတာဆိုတော့ ဘယ်လိုလမ်းကြောင်းနဲ့ ပြောင်းလဲမယ်ဆိုတာကို သမ္မတကြီးတို့ဘက်က မြင်ထားပါသလဲ။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ ဘယ်နိုင်ငံမဆို တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာကြပါတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကတော့ သေဆုံးမှုနည်းမယ်၊ သွေးထွက်သံယိုမှုနည်းမှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က တကိုယ်ကောင်းဆန်တယ်၊ အာဏာမက်မော်နေတဲ့အတွက်ကြောင့် သူတို့ လိုချင်တဲ့ ပုံစံကို လုပ်သွားမှာပဲလို့ ကျနော်တို့က ခန့်မှန်းထားပါတယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးမှုကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့ကလည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ သူတို့ကိုယ်တိုင်က ဆွေးနွေးဖို့ သဘောမတူရင် NUG အစိုးရကလည်း ဆွေးနွေးလို့ မရပါဘူး။ စစ်တပ်က ကျူးလွန်ထားတဲ့ မြောက်များလှစွာသော ရာဇဝတ်မှုတွေက ပြည်သူလူထုအတွက် အင်မတန်နာကြည်းဖွယ်ရာဖြစ်နေပြီး သူတို့ အလွန်ပဲ ခံစားခဲ့ရပါတယ်။ အဲဒါတွေ ပြန်ပြီးတော့ ဖြေရှင်းရမယ့် အနေအထားတွေလည်းရှိပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ထောင်ဖို့ စိတ်ကို ဒုန်းဒုန်းချထားကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်တပ်အနေနဲ့ နိုင်ငံရေးလောကကနေထွက်သွားပြီးတော့ ပြည်သူလူထုကို အာဏာအပ်နှင်းမယ်ဆိုရင် သူတို့လည်း သိက္ခာရှိမယ်၊ နိုင်ငံလည်း အေးချမ်းမယ်၊ သူတို့လည်း သိက္ခာရှိမယ်၊ ပြည်သူလူထုလည်း ဒုက္ခတွေ ထပ်မရောက်တော့တဲ့ အခြေအနေရောက်မှာဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ ဒီတကြိမ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နေရာမှာ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုက တတိုင်းတပြည်လုံး အရှိန်အဟုန်ကြီးမားခဲ့တဲ့အခြေအနေမှာ အထူးသဖြင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ စွန့်ခွာထွက်ပြေးလာတဲ့ အရေအတွက် ၃၀၀၀ ကျော်ရှိတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးတော့လည်း NUG ဘက်က ပံ့ပိုးကူညီထားတယ်လို့ သိရပါတယ်။ တဖက်မှာတော့ NUG ကို ပြန်ပြီးဝေဖန်နေတဲ့အပိုင်းက NUG ဘက်က ကူညီမှုတွေမှာ အားနည်းမှုတွေရှိတယ်။ လွတ်မြောက်နယ်မြေရောက်လာတဲ့အခါမှာ အခက်အခဲတွေ နဲ့ ဆက်ပြီးရင်ဆိုင်နေရဆဲဖြစ်တယ်။ နောက်ထပ် တပ်ကနေ ထွက်ပြေးလာတဲ့ သူတွေလည်း ကျဆင်းသွားပြီ ဆိုတဲ့ အခြေအနေတွေလည်းရှိနေပါတယ်။ အဲတော့ CDM နဲ့ ပတ်သက်လို့ NUG ဘက်က ဘယ်လို စိန်ခေါ်မှုတွေရှိနေပါလဲ။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ ကျနော်တို့ NUG အနေနဲ့ defactors (တပ်ကနေ ဘက်ပြောင်းလာသူတွေ) တွေအတွက် task force လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ လေးငါးဖွဲ့ ဖွဲ့ထားပြီးတော့ စနစ်တကျ ဆောင်ရွက်တဲ့နေရာမှာ အလွန်အောင်မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အစကတည်းကပြောပါတယ်။ တပ်ကနေ ဘက်ပြောင်းလာသူတွေအတွက် ငွေကို ရေလို သုံးနိုင်ရမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ကမ္ဘာကလည်း ကူညီမှပဲ ရမယ်။ ကျနော်တို့က တော်လှန်ရေးဆိုတော့ ပြည်သူလူထု ထည့်ဝင်သလောက် အလှူငွေတွေနဲ့ ပဲ လုပ်ကိုင်ရတာဆိုတော့ တပ်ကနေ ဘက်ပြောင်းလာသူတွေကို ကောင်းကောင်းအကူအညီမပေးနိုင်တာကတော့ အမှန်ပါပဲ။ နောက် သူတို့အတွက် စိုးရိမ်စရာ ကောင်းတဲ့ အချက်ကတော့- အင်မတန်စွန့်စားလုပ်ရတဲ့ အခြေအနေရှိနေပါတယ်။ သူတို့မိသားစုအတွက်လည်း စွန့်စားရတဲ့အခါမှာ ထိုက်တန်အောင် ပံံ့ပိုးဖို့ လိုတယ်ဆိုတာ စဉ်းစားခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ကမ္ဘာက အထူးဂရုစိုက်ပြီး ရံပုံငွေကို လုံလောက်အောင် ထောက်ပံ့မယ်ဆိုရင် စစ်တပ်ကနေ ထွက်လာသူတွေရဲ့ မိသားစုတွေကိုပါ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ဘက်ပြောင်းလာမယ့်သူတွေ အများကြီးရှိနေပါတယ်။ CDM တွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ကို မသွားနိုင်တဲ့ အခြေအနေတွေရှိနေတယ်။ စစ်ကောင်စီက ပိုပြီး ဖိအားပေးလာတယ်။ သူတို့ရဲ့ ကွန်ရက်တွေကို ဖိနှိပ်နေတဲ့အခါမှာ စစ်တပ်ကနေ ထွက်လာချင်သူတွေက ထွက်လို့မရဖြစ်နေတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်တယ်။ အမျိုးမျိုးအကြပ်ကိုင်လာတဲ့အခါကျတော့ အခက်အခဲရှိတယ်။ ဒုတိယအချက်အနေနဲ့က ကျနော်တို့က ငွေရေးကြေးရေး လုံလောက်အောင် မပံ့ပိုးနိုင်ဘူး။ သူတို့ကလည်း စွန့်စွားပြီးထွက်လာတာ။ ဒီဘက်မှာလည်း NUG ကလုံလောက်အောင် မပံ့ပိုးပေးနိုင်ဘူးဆိုတဲ့ အနေအထားက သူတို့အချင်းချင်းပြန်ပြီး သတင်းပို့ကောင်းပို့နိုင်မယ်။အဲတော့ ထိရောက်မှုမရှိဘူးသဘောမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်တပ်က ဘက်ပြောင်းလာသူတွေအရေးကိစ္စ အောင်မြင်အောင်လုပ်နိုင်ရင် ကျနော်တို့ အချင်းအချင်း အရပ်တိုက်စရာမလိုပဲနဲ့ စစ်တပ်က အလိုအလျောက် ပြိုကျသွားဖို့ ဆိုတဲ့ မဟာဗျူဟာ ချထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာအနေနဲ့ ငွေကြေးအရ ထောက်ပံ့မယ်ဆိုရင်တော့ စစ်တပ်က ဘက်ပြောင်းလာတဲ့ အစီအစဉ် အောင်မြင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
Your browser doesn’t support HTML5