သြစတြေးလျ ဌာနေတိုင်းရင်းသားတွေ ဗြိတိန်ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ

[[ ZAWGYI / UNICODE ]]

သြစတြေးလျ ဌာနေတိုင်းရင်းသားတွေ ဗြိတိန်ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ် ကွယ်လွန်သွားတဲ့အတွက် သြစတြေးလျနိုင်ငံမှာ နိုင်ငံတော်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ကျင်းပနေချိန်မှာပဲ ဘုရင်နဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေကို ဌာနေတိုင်းရင်းသားတွေ ကန့်ကွက်ဆန္ဒပြကြပါတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်အရ သြစတြေးလျကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘတ်ရဲ့ စွမ်းဆောင်မှုတွေကို ဝန်ကြီးချုပ် Anthony Albanese က ကြာသပတေးနေ့ ကင်ဘာရာမြို့က အခမ်းအနားမှာ ချီးကျုးပြောကြားတဲ့ တချိန်တည်းမှာပဲ ဘုရင်စနစ်ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့တာပါ။

သြစတြေးလျ နိုင်ငံသား အများအပြား ဘုရင်မကြီးကို အထွတ်အမြတ်ထား လေးစားကြပေမဲ့၊ ဌာနေတိုင်းရင်းသားတွေအတွက်တော့ ၁၇၈၈ ခုနှစ် ဗြိတိသျှ အခြေချသူတွေ ရောက်လာပြီး ရက်ရက်စက်စက် ကိုလိုနီနယ်ချဲ့စနစ်ကို ကိုယ်စားပြုသူအဖြစ် မြင်ကြပါတယ်။ ကြာသပတေးနေ့မှာပဲ ဘုရင်စနစ် ဆန့်ကျင်ရေး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ Brisbane, Sydney, Melbourne နဲ့ Canberra မြို့တွေမှာ စုဝေးခဲ့ကြတာပါ။

လူမျိုးရေးခွဲခြားတဲ့ ကိုလိုနီ နယ်ချဲ့စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့အနေနဲ့ သြစတြေးလျနဲ့ ဗြိတိန် အလံတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ ဗြိတိန်ဘုရင်အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ ဘုရင်ခံချုပ် David Hurley ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့ နာကျင်ခံစာမှုတွေကို နားလည်လက်ခံကြောင်း ပြောခဲ့တာပါ။

ဝန်ကြီးချုပ်ကတော့ သြစတြေးလျကို သမ္မတနိုင်ငံအဖြစ် ပြောင်းလဲသင့်၊ မသင့် လူထုဆန္ဒခံယူပွဲ နောက်တကြိမ် ကျင်းပမယ့် အစီအစဉ်ကို အနည်းဆုံး ၂၀၂၅ ခုနှစ်အထိ ဆိုင်းထားဖို့ ဆုံးဖြတ်ထားပြီး၊ တချိန်တည်းမှာပဲ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးတွေကို အခြေခံဥပဒေမှာ အခိုင်အမာ ထည့်သွင်းနိုင်ရေး အာရုံစိုက်ဖို့ ပြောဆိုထားပါတယ်။

၁၉၉၉ ခုနှစ်က နောက်ဆုံးအကြိမ် လူထုဆန္ဒခံယူပွဲကျင်းပရာမှာတော့ ဗြိတိန်ဘုရင်စနစ်နဲ့ လမ်းခွဲမယ့် အစီအစဉ်ကို သြစတြေးလျနိုင်ငံသား အများစုက လက်မခံခဲ့ကြပါဘူး။

==============

{{ UNICODE }}






