ရခိုင်ဒေသခံတွေ ခရီးသွားလာမှု AA သတိပေး

ပု ဏ္ဏကျွန်း ဘဲ ၅၀၀ တောင် ဘုရားပွဲတော်လာကြသူများ နိုဝင်ဘာ ၁၈၊ ၂၀၂၁

စစ်ရေးတင်းမာနေတဲ့ ရခိုင့်ပြည်နယ်အတွင်း စစ်ကောင်စီဖက်က ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ များလာတာကြောင့်၊ ဒေသခံပြည်သူတွေအနေနဲံ မလိုအပ်ပဲ ခရီးမသွားဖို့နဲ့၊ သွားလာမယ်ဆိုရင် တယ်လီဖုံး ကွန်ပြူတာ ဆက်သွယ်ရေးပစ္စည်းတွေကို သတိပြုကိုင်တွယ်ကြဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က သတိပေးထားပတယ်။ တလောက မောင်းတောတိုက်ပွဲအပြီး အစစ်အဆေးတွေ ပိုများလာလို့လည်း ဒေသခံတွေ အခက်ကြုံကြရတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်း ကိုစံကျော်ပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေနဲ့ ဒေသခံတွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ၊ ကုန်းလမ်းရေလမ်း တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြင့်စစ်ဆေးနေတာတွေနဲ့ ဒေသခံတွေရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် ဖုန်း၊ ကွန်ပြူတာ စတဲ့ပစ္စည်းတွေကို ရှင်းလင်းပြီးမှ ယူဆောင်သွားဖို့နဲ့ သေရေးရှင်ရေးကိစ္စကလွဲရင် ခရီးသွားလာတာတွေမလုပ်ကြဖို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီအနေနဲ့ အခုလို ပြည်သူတွေကို တင်းကြပ်စစ်ဆေးနေတာတွေ ကြောင့် ဒေသခံတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ မြောက်ဦးမြို့နယ်တွင်း ဒေသခံ ကိုဝင်းအောင်ကျော်က ပြောပါတယ်။

“ ကျနော်တို့ အခုဆိုရင် ခရီးသွားရင်လည်း လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူး သွားချင်တဲ့ နေရာကိုသွားလို့မရဘူး။ ပြီးတော့ ညဖက် နေမကောင်းလို့ တခုခုဖြစ်လို့ ဆေးရုံဆေးခန်း သွား မယ်ဆိုရင်တောင် ကြောက်နေရတယ်။ လမ်းမှာ ဖမ်းမလာ စစ်မလားဆိုတာကို။ အခု AAက ထုတ်ပြန်သတိပေးလိုက်တော့ ကျနော်တို့ ပိုသတိထားရတော့မယ့်။ ဘယ်လိုလုပ်ရ မလဲဆို တာလည်းမသိတော့ဘူး။”

စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး တာတွေဟာ ပုံမှန်လုပ်နေကြဆိုပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းဖြစ်ပွားခဲ့တဲ့ မောင်တော တိုက်ပွဲအပြီးမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပိုပြီးတော့ တင်းကြပ်လာတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ အခုဖြစ်လာပြီဆိုရင် သွားရေးလာရေး ကန့်သတ်တာတို့ ကုန်စည်စီးဆင်းမှုကို ကန့်သတ် တာတို့ အနီးအနားရှိတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးတာတို့ ပြီးတော့ ဆိုင်ကယ်နဲ့ ကားနဲ့ သွား တဲ့သူတွေကို ဖုန်းတွေကို စစ်ပြီးတော့ အထက်မှာအချက်အလက်ရှာဖွယ်ပြီးတော့ အဲတာကို တရားစွဲတာတို့ အဲတာတွေက လုပ်နေကြဖြစ်တယ်။ အခုမောင်တော တိုက်ပွဲ နောက်ပိုင်းမှာ အဲလိုမျိုးလုပ်တာ ပိုပြီးတော့ စိပ်တာကိုတွေ့ရတယ်”

စစ်ကောင်စီအနေနဲ့ ရခိုင်ဒေသခံတွေပိုင်ဆိုင်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Tablet စတဲ့ ဆက်သွယ်ရေးကိရိယာတွေကိုအဓမ္မသိမ်းယူပြီးတော့ ရခိုင်လက်နက်ကိုင်AA အဖွဲ့နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေ အချက်အလက်တွေကိုရှာယူပြီး၊ လူမှုကွန်ယှက်ပေါ်မှာ စစ်ကောင်စီကို တိုက်ခိုက်ရေးသားထားတဲ့ ပိုစ်ရေးထားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဇွန်လကလည်း ရခိုင်ဒေသခံ ၃၀ကျော်ကို စစ်ကောင်စီကဖမ်းဆီးတရားစွဲတာတွေ ရှိခဲ့ပါတယ်။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်နေရာချနေတာကြောင့်၊ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေကို သတိထားနေထိုင်ကြဖို့လည်း ရခိုင်လက်နက် ကိုင် AA အဖွဲ့က သတိပေးထားပါတယ်။

SEE ALSO:

ရခိုင်ဒေသခံတွေ ခရီးသွားလာမှု AA သတိပေး

=====================









