[[ ZAWGYI / UNICODE ]]
အမေရိကန်မှာ သန္ဓေသားဖျက်ချခွင့် တရားရုံးချုပ်ပယ်ဖျက်
အမေရိကန် ပြည်ထောင်စုမှာ သန္ဓေသားဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတာကို တရားရုံးချုပ်က သောကြာနေ့မှာပဲ ပယ်ဖျက်လိုက်ပါတယ်။ နှစ်ပေါင်း ၅၀ လောက် တရားဝင်ခွင့်ပြုထားတာကို ဖျက်သိမ်းလိုက်တဲ့အတွက် ဆက်ခွင့်ပြုသင့်၊ မသင့် သက်ဆိုင်ရာ ပြည်နယ်တွေက ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့တာပါ။
“တရားရုံးချုပ် အတွက်ရော၊ တိုင်းပြည်အတွက်ပါ ဝမ်းနည်းစရာ နေ့တနေ့ပါ။” လို့ သမ္မတက အိမ်ဖြူတော်မှာ သောကြာနေ့က ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြသူတွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်ကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
အမေရိကန် ရှေ့နေချုပ် Merrick Garland ကလည်း တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် တရားရေးဌာနက အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ သမ္မတဟောင်း Donald Trump ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး၊ သူ့လက်ထက်မှာ ခန့်အပ်ခဲ့တဲ့ တရားသူကြီးတချို့ရဲ့ ထောက်ခံမှုနဲ့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း အောင်မြင်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။
သန္ဓေသားဖျက်ချခွင့်ကို ပယ်ဖျက်ဖို့ သဘောထားပေးခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးတွေထဲက တဦးဖြစ်တဲ့ Samuel Alito ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သန္ဓေသားဖျက်ချခွင့်နဲ့ ပတ်သက်လို့ ဖော်ပြထားတာ မရှိသလို၊ ဖွဲ့စည်းပုံနဲ့အညီ အကာအကွယ်ပေးရမယ့် အခွင့်အရေးတွေထဲမှာလည်း မပါဘူးလို့ ပြောပါတယ်။
သန္ဓေသား ဖျက်ချခွင့် သုတေသနလေ့လာနေတဲ့ Guttmacher ဌာနကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် အမေရိကန် တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသတွေက အများစု ပါဝင်တဲ့ ပြည်နယ် ၂၆ ခုမှာ သန္ဓေသားဖျက်ချခွင့်ကို တားမြစ်နိုင်ကြောင်း ပြောပါတယ်။ ပြည်နယ်ဥပဒေတွေအရ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့အခါ ခွင့်ပြုထားတဲ့ ပြည်နယ်တွေအထိ သွားကြရမယ့် အမေရိကန် အမျိုးသမီး သန်းနဲ့ချီ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
===============
{{ UNICODE }}
အမရေိကနျမှာ သန်ဓသေားဖကြျခခြှင့ျ တရားရုံးခြုပျပယျဖကြျ