တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ဟာ လောလောဆည် မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ နဲ့အတူ ကြိုးပမ်းသွားနေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ပြောခွင့်ရသူက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ပြောဆိုပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ချုပ်ဆိုထားတဲ့ နှစ်ဘက်သဘောတူစာချုပ်အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ဒီကနေ့ ဆွေးနွေးပွဲမှာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး KNPP ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ဆွေးနွေးပွဲအပြီးမှာ အခုလို ပြောဆိုပါတယ်။
“ NCA ရေးထိုးနိုင်ရေးကတော့ ဒီကနေ့ ကျနော်တို့ ကျေကျေလည်လည် ပြောခဲ့ကြပါတယ်။ အခုဟာကလည်း အားလုံး သိကြတဲ့ အတိုင်းပေါ့။ NCA ကိုယ်တိုင်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလပေါ့။ အဲဒီအကျပ်အတည်းကို ဖြေလျော့နိုင်ဖို့က အစိုးရဘက်ကလည်း အင်မတန်ကြိုးပမ်းနေတာကို ကျနော်တို့ မြင်ရတယ်။ ထိုနည်းတူပဲ NCA ကို လက်မှတ် ရေးထိုးသွားပြီးတဲ့ အဖွဲ့တွေလည်း လိုက်ပြီးတော့ ကြိုးပမ်းနေတာကို တွေ့ရတယ်။ အဲဒါတွေက အားရမှုရှိပါတယ်။ ထိုနည်းအတူပဲ KNPP လို အဖွဲ့တွေက NCA လမ်းကြောင်းပေါ် သွားပါမယ်ဆိုတဲ့ မူအရပေါ့နော် ကျနော်တို့လည်း ပါဝင်ပြီးတော့ ကြိုးပမ်းနေပါတယ်။ ကြိုးပမ်းမှုကတော့ ဒီလို ဆွေးနွေးရင်းနဲ့ပဲ တဖြည်းဖြည်းနဲ့ လိုရာကို ရောက်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”
KNPP အဖွ့ဲဟာ ၂၀၁၂ခုနှစ်က ငြိမ်းချမ်းရေးအတွက်ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ဆိုင်ရာ နှစ်ဘက်သဘောတူစာချုပ်တွေကို လက်မှတ် ရေးထိုးထားပြီးဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ ဒီ Bilateral ခေါ် နှစ်ဘက် သဘောတူ စာချုပ်က အကောင် အထည်ဖော်ဖို့ ခက်ခဲတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ဆက်ပြောပါတယ်။
“Bilateral သဘောတူညီချက်ထဲမှာ ကျနော်တို့ အကောင်အထည်ဖော်ဖို့ လုပ်ငန်းတွေက ဒေသဖွံ့ဖြိုးရေး၊ ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးပေါ့။ အဲဒီကဏ္ဍတွေမှာ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲတွေ ရှိတာပေါ့နော်။ သဘောတူညီချက် အရက တချို့ ကိစ္စတွေမှာဆို ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ်။ တစ်ချို့ ကိစ္စတွေကျတော့ ပူးတွဲပြီးတော့ ဆောင်ရွက်ရမယ်ဆိုတာတွေကို သဘောတူထားကြတယ်။ တကယ့်လက်တွေ့ မှာကျတော့ အဲလိုလုပ်နိုင်တဲ့အနေအထားတွေက အမြဲတမ်းမရှိဘူး။ များတာကတော့ မရှိတာများတယ်။ အဲလိုအပေါ်မှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား တင်းမာမှုတွေ ပိုဖြစ်တယ်။ အဲလို တင်းမာမှုတွေကို ပြည်နယ်အဆင့်မှာလည်း လစဉ် အစည်းအဝေးတွေ မှာ ဖြေလျော့နိုင်ဖို့ ဆွေးနွေးကြတယ်။ ဒါပေမဲ့ လိုချင်တဲ့ အောင်မြင်မှုအတိုင်းအတာထိ မရောက်တော့ အခုလိုမျိုး ကျနော်တို့လည်း NRPC မှာ ပြည်ထောင်စုအဆင့်မှာပေါ့ လာဆွေးနွေးပြီးတော့ နည်းလမ်းရှာကြတယ်။”
ပြည်နယ်အဆင့် လစဉ်အစည်းအဝေးတွေကို အရင်က ပြည်နယ်အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့သာ ဆွေးနွေးခဲ့ရာက နောက်ပိုင်းမှာ NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင် က ပါ ပါဝင်ဆွေးနွေးဖို့ သဘောတူခဲ့ကြောင်း လည်း ပြောပါတယ်။
KNPP အဖွဲ့ဟာ မနက်ဖြန်မှာတော့ တပ်မတော်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိပြီး ဒီတွေ့ဆုံပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှာ သေဆုံးခဲ့ရတဲ့ KNPP တပ်ဖွဲ့ဝင် ၃ယောက်အရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အထောက်အကူပြု အဖွဲ့ဝင် ဦးကျော်လင်းဦးက ဒီကနေ့ ဆွေးနွေးပွဲအပေါ် အခုလို ပြောဆိုပါတယ်။
“ ကျနော်တို့ KNPP နဲ့ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ၃ကြိမ်ဆွေးနွေး ခဲ့ပါတယ်။ ဒီဆွေးနွေးမှုရဲ့ ရလဒ်အရပေါ့ နေပြည်တော်မှာ ထပ်ပြီး တွေ့တာဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာတော့ ရလဒ်ကောင်းတွေ အများကြီးပါပါတယ်။ အဓိကကတော့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ။ ဖြေရှင်းရမယ့် ကိစ္စတွေ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းနိုင်တယ်။ ပြီးရင် ကျနော်တို့ ဒီ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ သဘောတူညီချက်အရ လစဉ် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေ ကိုလည်း ဆက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင်လာမယ့် ဧပြီလ မကုန်ခင်မှာ နောက်တစ်ကြိမ် ထပ်ပြီးတွေ့ဖို့လည်း နှစ်ဘက် သဘောတူခဲ့ပါတယ်။ ”
ဒီကနေ့ဆွေးနွေးပွဲမှာ NRPC အဖွဲ့ဘက်ကတော့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဦးဆောင်ခဲ့သလို KNPP ဘက်ကတော့ ဒုဥက္ကဌ ခူးဦးရယ်က ဦးဆောင်ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၁ရက်နေ့မှာတော့ NRPC ဟာ KNPP အပါအဝင် NCA လက်မှတ် မရေးထိုးသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိသလို တပ်မတော်ကလည်း တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။
Your browser doesn’t support HTML5