တရုတ် ပါကစ္စတန် စီမံကိန်း စစ်ရေးနဲ့ မပတ်သက်

CPEC ဆွေးနွေးပွဲတက်ရောက်လာတဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Jing(ယာ) ဒီဇင်ဘာ ၁၈၊ ၂၀၁၇။

ပါကစ္စတန်နိုင်ငံမှာ ဒေါ်လာ ဘီလီယံ အများအပြားသုံးပြီး ဆောက်လုပ်နေတဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေမှာ စစ်ဘက်နဲ့ဆိုင်တဲ့ လျှို့ဝှက်အစီအစဉ်တွေလည်း ပါတယ်ဆိုတာကို တရုတ်နိုင်ငံက အပြင်းအထန် ငြင်းဆိုထားပါတယ်။ ဒီစီမံကိန်း တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောက်နေတယ်လို့ တရုတ်ဘက်ကပြောပြီး ဘယ်လိုစီမံကိန်းတွေ ပါဝင်ပါသလဲ … ပါကစ္စတန် နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Ayaz Gul ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ပါကစ္စတန်မှာ ဆိပ်ကမ်းတွေ၊ အဝေးပြေးလမ်းမတွေ၊ အမြန်လမ်းမကြီးတွေ၊ ရထားလမ်းတွေ၊ လေဆိပ်တွေ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ဒေါ်လာ ၆၃ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံ မယ်လို့ တရုတ်က ကတိပြုထားတာပါ။

အာရေဗျပင်လယ်ထဲက Gwadar ပါကစ္စတန် ရေနက်ဆိပ်ကမ်းကိုလည်း တရုတ်က တိုးချဲ့တည်ဆောက်ပြီး အသုံးပြုနေပြီဖြစ်ပါ တယ်။ အဲဒီဆိပ်ကမ်းဟာ CPEC လို့ခေါ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လို့ခေါ်တဲ့ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုကြီးမှာ အဓိကအချက်အခြာကျပါတယ်။ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိတဲ့ အဲဒီဆိပ်ကမ်းကို လက်ရှိမှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီက လည်ပတ်လုပ်ဆောင်နေတာပါ။

တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ စိတ်ကူးအစီအစဉ်ဖြစ်ပြီး ဒေါ်လာ ဘီလီယံတထောင်ကျော် ရင်းနှီးမြှုပ်နှံမယ့် Belt and Road Initiative (BRI) ကမ္ဘာလုံးဆိုင်ရာ ပိုးလမ်းမသစ်စီမံကိန်းရဲ့ ရှေ့ပြေးစီမံကိန်းအဖြစ် CPEC ကို တရုတ်က သတ်မှတ်ထားပါတယ်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Jing က ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းတခုမှာ အခုလိုပြောပါတယ်။

“BRI စီမံကိန်းနဲ့ အဲဒီအောက်က CPEC စီမံကိန်းတို့ဟာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းသက်သက် ဖြစ်တယ်ဆိုတာ ကျနော် ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ အဲဒီမှာ စစ်ရေး ဒါမှမဟုတ် မဟာဗျူဟာရေးဆိုင်ရာ ထည့်သွင်းထားတာမျိုး ကျနော်တို့မှာ မရှိ ပါဘူး။”

CPEC ကို အချောသတ်ရေးဆွဲပြီး စတင်တဲ့ ငါးနှစ်အတွင်းမှာ CPEC အောက်မှာပါတဲ့ စီမံကိန်း ၄၃ ခုထဲက ကနဦးစီမံကိန်း ၂၂ ခု ပြီးသွားမယ် ဒါမှမဟုတ် လုပ်ဆောင်နေဆဲဖြစ်မယ်လို့ သံအမတ်ကြီး Jing ကပြောပါတယ်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၁၉ ဘီလီယံရှိ တဲ့ အဲဒီစီမံကိန်းတွေဟာ ပါကစ္စတန်ရဲ့ နှစ်ပေါင်း ၇၀ သမိုင်းအတွင်း အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှုပါ။ ဒီစီမံကိန်းတွေကနေ ပါကစ္စတန်နိုင်ငံသားတွေအတွက် အလုပ်အကိုင် ၆၀,၀၀၀ ဖန်တီးပေးထားပြီးဖြစ်သလို နိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ စွမ်းအင်ကဏ္ဍ အကျပ်အတည်းကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးထားပြီးဖြစ်ပါတယ်။

ပူးတွဲကုမ္ပဏီက တည်ဆောက်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀,၀၀၀ ကျော် ထပ်ထုတ် ပြီး ဇွန်လမှာ မဟာဓာတ်အားလိုင်းထဲ ပို့လွှတ်ပေးမှာမို့ လျှပ်စစ်ဓာတ်အားပမာဏ ပိုလာတော့မှာပါ။

အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ CPEC စီမံကိန်းနဲ့ တိုးတက်မှုကို သူတို့ကိုယ်တိုင်လာကြည့်ပါလို့ ဗွီအိုအေနဲ့မေးမြန်းခန်း အတွင်း သံအမတ်ကြီး Jing က ဖိတ်ခေါ်လိုက်ပြီးတော့ အဲဒီလိုလာကြည့်ရင် CPEC နဲ့ပတ်သက်လို့ နားလည်မှုလွဲနေတာတွေ အဆုံးသတ်သွားစေနိုင်ပါမယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

“စီမံကိန်းထဲမှာ လျှို့ဝှက်ကိစ္စတွေ ပါနေနိုင်တယ်ဆိုတဲ့ သံသယတချို့ရှိနေပါတယ်။ အကောင်အထည်ဖော်နေတဲ့ နေရာကိုလာပြီး ဒီစီမံကိန်းနဲ့ တိုးတက်မှုတွေကို ကိုယ်တိုင်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ဒီမှာဘာလုပ်နေတယ်ဆိုတာ ပိုပြီး နားလည်သွားနိုင်ပါတယ်။”

တရုတ်တို့ဟာ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးဖို့အတွက် အနာဂတ်မှာ Gwadar ဆိပ်ကမ်းကို စစ်ဘက်ဆိပ်ကမ်းတခုအဖြစ် ပြောင်း ပစ်လိုက်နိုင်တယ်လို့ အမေရိကန်နဲ့အိန္ဒိယတို့က စိုးရိမ်နေတဲ့အပေါ် သံအမတ်ကြီးက တုန့်ပြန်ပြောဆိုတာပါ။

တရုတ်ရဲ့ရည်ရွယ်ချက်အပေါ် သံသယဝင်ကြတဲ့ အကြောင်းရင်းတွေထဲ တခုကတော့ Gwadar မှာ လေဆိပ်ကြီးတခု ဆောက်နေ တာကြောင့်ပါပဲ။ ၁၂ ကီလိုမီတာအရှည် လေယာဉ်ပြေးလမ်းပါတဲ့ အဲဒီလေဆိပ် တည်ဆောက်ရေးအတွက် တရုတ်က ဒေါ်လာ သန်း ၃၀၀ နီးပါး ကူညီထားပါတယ်။

ပါကစ္စတန်နိုင်ငံဟာ သူ့နိုင်ငံမှာအခြေစိုက်ပြီး အာဖဂန်နစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက် ဝါဒီတွေကိုနှိမ်နင်းရေး ထိထိရောက်ရောက် မလုပ်ဘူးလို့ အမေရိကန်ကပြောထားတာကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကျဆင်းနေချိန်မှာ တရုတ်နဲ့ ပါကစ္စတန်အကြားဆက်ဆံရေး ပိုပြီး နက်ရှိုင်းလာနေတာပဲ ဖြစ်ပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

တရုတ် ပါကစ္စတန် စီမံကိန်း စစ်ရေးနဲ့ မပတ်သက်