ပြင်းထန်ဆဲ ကချင်စစ်ပွဲ အရပ်သားတဦးသေဆုံး

KIA ကချင်တပ်

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ အနီးကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို နမ္မတီးမြို့နယ်က ရွာတရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားတဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ်။ ကားမိုင်းနဲ့ တနိုင်းဖက်မှာ တိုက်ပွဲအကြား ပိတ်မိနေသူတွေဟာလည်း စစ်ဘေးလွတ်ရာကို ခေါ်ယူဖို့အတွက် အခက် အခဲတွေ ရှိနေဆဲ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီလ ၁၁ရက်နေ့က အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာနဲ့ တပ်စခန်းအနည်းဆုံး ၄နေရာလောက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာက ၁၂ရက်နေ့မှာတော့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။

ဒီကနေ့ မနက် အစောပိုင်းမှာတော့ နမ္မတီးမြို့နယ်က ကျေးရွာတရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် လူအထိအခိုက် အသေအပျောက် ရှိခဲ့သလို လိုင်ဇာအနီးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် ကချင်ပြည်နယ်က စစ်ရှောင်တွေကို ကူညီသူ တဦးက ပြောပါတယ်။

“ခုဒီမနက်မှာတော့ နမ္မတီးဖက်မှာတော့ လူတယောက် ထိတယ်လေ။ ဒွန်ဘွန်းခဖက်မှာ။ မနက် ၅နာရီ လောက်မှာ ရွာထဲကို လက်နက်ကြီး ပစ်ထည့်တာ။ တစ်လုံး အိမ်ထဲထိတာနဲ့ ယောက်ျားတော့ ဆုံးသွားတယ်။ မိန်းမတော့ ဒဏ်ရာနဲ့ဖြစ်သွားတယ်။ မနေ့က လိုင်ဇာဖက်မှာလည်း လက်နက်ကြီးတော့ တော်တော်လေး ဖြစ်တယ်လို့ ပြောတယ်။ မနေ့ည ၁၂နာရီနောက်ပိုင်းပေါ့။ ၁၂နာရီနဲ့ တစ်နာရီကြားလောက်မှာ ထင်တယ်။ လက်နက်ကြီး ၁၀လုံးကျော်လောက်ပစ်တယ်။ ထိတာခိုက်တာတော့ မကြားဘူး။”

ဒွန်ဘွန်းခရွာမှာ ကျတဲ့ လက်နက်ကြီးကျည်ကို အစိုးရ တပ်မတော်ဖက်က ပစ်ခတ်တာလို့ ပြောဆိုတာတွေ ရှိပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ လိုင်ဇာအနီးက အခြေအနေကို မေးမြန်းဖို့ KIO ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးမှာ ရောက်နေတာကြောင့် ပြန်လည် ဖြေဆိုတာ မရှိခဲ့ပါဘူး။

၁၂ရက်နေ့က လိုင်ဇာအနီးဘန်ဒေါင်ရွာမှာ တိုက်ပွဲတကြိမ်၊ တနိုင်းမြို့နယ် KIA တပ်မဟာ ၂အခြေစိုက်ရာ အောင်လော့ဒ် ရွာအနီးမှာ တကြိမ်နဲ့ အင်းတော်ကြီးဒေသမှာတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA အဖွဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အင်းတော်ကြီးဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မန်ဝဲရွာသား ၁၅၀ကျော်ဟာ ကာမိုင်းမြို့ကို တိမ်းရှောင်ဖို့ ပြင်ဆင်ထားပေမဲ့ လောလောဆည်မှာ အခက်အခဲတွေရှိနေကြောင်း ဖားကန့်မြို့နယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ဆီကနေ မြို့မိမြို့ဖက ဦးစိန်ကြည်နဲ့ ဦးလဆိုင်း သွားကြိုတယ်။ မနေ့ကသွားကြိုတော့ တပ်ကနေပြီး သူတို့ပဲ ကောင်းကောင်း ပြုစုထားပါမယ်၊ ထိန်းသိမ်း ထားပါမယ်ဆိုပြီး ထားတာ ဒီကနေ့ မနက်ကျ မလိုတော့ဘူး သူတို့ဟာသူတို့ ပို့ပေးမယ်။ သူတို့ဟာသူတို့ တာဝန်ယူတယ်ဆိုပြီး လုပ်ပြန်တာ။ ဒါ လူထုတွေက ဒုက္ခရောက်နေပြီ။ တပ်မမှုးက မလာခိုင်းဘူးတဲ့။ သူတို့က ချောင်းဝက လုံးတုံဖက်လာမလား ဘယ်လို လာမလဲ မသိဘူး။ ကျနော်တို့က အဲဒီကနေ ဖောက်ထွက်လိုက်လို့ရှိရင် ကာမိုင်းကျော်တယ်လေ။ ကာမိုင်းမှာ အရံသင့် လုပ်ထားတယ်။ မိုးညှင်းမှာလည်း လုပ်ထားတယ်။ ”

စစ်ရှောင်တွေဟာ ဒီကနေ့ ညနေမှာတော့ ချောင်းဝရွာကို ရောက်နေပြီလို့လည်း ပြောပါတယ်။

KIA တပ်မဟာ ၂ အခြေပြုရာ တနိုင်းမြို့နယ် အောင်လော့ဒ်ရွာဖက်က စစ်ရှောင်တွေဟာ တနိုင်းမြို့ကို ခေါ်ယူဖို့အတွက် အစိုးရတပ်မတော်ကခွင့်မပြုသေးကြောင်းလည်း တနိုင်းမြို့က ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“ညှိတော့ ညှိနေတယ်ခင်ဗျ။ ဒါပေမဲ့ အဲဒီဖက်မှာ မသွားကြဖို့ ဆိုတာတော့ ကျနော်တို့လူတွေကို ပြောထားတယ်။ ညှိလို့တော့ မရဘူး။ သူတို့ အကြောင်း ကြားလာမယ်တော့ ပြောတယ်။ သွားလို့ ဖြစ်လာရင် သူတို့ တာဝန်မယူဘူးလို့ ပြောထားတယ်။ အယောက် ၂ထောင်ဝန်းကျင်ရှိတယ်လို့ ကျနော်တို့ သတင်း ရတယ်ခင်ဗျ။ အောင်လော့ဒ်ဖက်ကတော့ တိုက်ပွဲတော့ ဖြစ်နေတယ်။ ဆက်တိုက်ဖြစ်နေတယ်။”

ကချင်ပြည်နယ်မှာ ဒီလ ၁၁ရက်နေ့မှာ စတင်တဲ့ တိုက်ခိုက်မှုတွေအပေါ် အစိုးရတပ်မတော်က KIA အပေါ် ထိုးစစ်ကြီးတရပ်ဆင်ပြီး တိုက်ခိုက်တာအဖြစ် ပြောဆိုတာတွေ ရှိပေမယ့် စစ်ရေးသုံးသပ်သူတွေကတော့ ဒီလ ၆ရက်နေ့က ဖြစ်ပွားတဲ့ ဖားကန့်မြို့နယ်က တံတားညီနောင် တိုက်ပွဲအပေါ် လက်တုံ့ပြန်တာ ဖြစ်နိုင်ကြောင်း ပြောဆို ထားပါတယ်။

Your browser doesn’t support HTML5

ပြင်းထန်ဆဲ ကချင်စစ်ပွဲ အရပ်သားတဦးသေဆုံး