ကမ္ဘာတဝန်း လူပေါင်း သန်း ၇၀၀ ကျော်ဟာ သန့််ရှင်းပြီး ဘေးကင်းတဲ့ သောက်သုံးရေ မရကြဘူးလို့ The Water Project အဖွဲ့ကပြောပါတယ်။ ကမ္ဘာပေါ်က လူ ၉ ယောက်မှာ ၁ ယောက်ဟာ ဘေးကင်း သန့်ရှင်းတဲ့သောက်ရေ မရပါဘူး။ ဒီအခြေအနေ ကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်စဉ် ကမ္ဘာ့ရေသီတင်းပတ်ဆိုတာကို သတ်မှတ်ပြီး ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့မှာ NGO တွေ၊ ပရဟိတအဖွဲ့တွေ၊ အစိုးရတွေ စုဝေး ဆွေးနွေးကြပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “ရေနဲ့ ဖြုန်းတီးမှု၊ လျှော့ချပါ၊ ပြန်သုံးပါ” ဆိုတာပါပဲ။
ဆွေးနွေးပွဲတက်ရောက်တဲ့ World Resources Institute က Todd Gartner က ဗွီအိုအေကို Skype ကနေတဆင့် အခုလို ပြောပါတယ်။
“စွန့်ပစ်ရေပမာဏရဲ့ ၄-၅% လောက်ကို ဘယ်လိုအသုံးတည့်မယ့် ကိစ္စမျိုးအတွက်မဆို ပြန်ပြီး သန့်စင်နေပါ တယ်။ စွန့်ပစ်ရေ ၉၀% ကျော်ဟာ သဘာဝရေသက်သက်ပါပဲ။ အဲဒီထဲမှာ သန့်စင်ဖယ်ထုတ်ပစ်ရမယ့် ပစ္စည်းတွေပါနေပါတယ်။ ဒါပေမဲ့လဲ အဲဒီစွန့်ပစ်ရေကို သန့််စင်ပြီး ပြန်အသုံးပြုနိုင်ဖို့ လုပ်ရမယ့်နည်းပညာ ပိုရှိလာနေပါပြီ။”
ရိုးရိုးလေးလုပ်ရုံနဲ့ ကြီးမားတဲ့အကျိုးရှိနိုင်ပြီး တချို့နေရာတွေမှာ လက်တွေ့ဖြစ်နေပြီးသား အခြေအနေတွေ သက်သေရှိတယ်လို့ Gartner ကပြောပါတယ်။
“သောက်လို့ရတဲ့ရေဖြစ်အောင် ပြုပြင်သန့်စင်တဲ့နေရာတွေ အများကြီးရှိနေပါပြီ။ ဒါကို နည်းလမ်းတခုအနေနဲ့ စဉ်းစားမယ်ဆိုရင် အကြိမ်တိုင်းမှာ ရေအသစ်ကိုသုံးဖို့ ကျနော်တို့ရဲ့စဉ်းစားချက် အများကြီးလျော့သွားနိုင်ပါတယ်။”
စွန့်ပစ်ရေကို သန့်စင်တာက လူတွေအတွက် အထောက်အကူဖြစ်ရုံသာမကပါဘူး၊ ချောင်းတွေ၊ မြစ်တွေနဲ့ သမုဒ္ဒရာတွေထဲ အညစ်အကြေးတွေ ရောက်မသွားအောင် တားနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက်လဲ အကျိုးရှိတာပါ။
“ကမ္ဘာတဝန်းက ရေ ၈၀% ဟာ လုံး၀ မပြုပြင်မသန့်စင်ရသေးပါဘူး။ ဆိုလိုတာက အဲဒီရေတွေဟာ သမုဒ္ဒရာထဲ၊ ပင်လယ်အော်ထဲ၊ ရေစီးကြောင်းတွေထဲ စီးဝင်သွားတာပါပဲ။”
နောက်ပြဿနာတခုက ကျနော်တို့မှာရှိတဲ့ ရေပမာဏထက် ပိုသုံးနေကြတာပါပဲ။ တောင်ပိုင်းကာလီဖိုးနီးယားတက္ကသိုလ် က ပါမောက္ခ Sarah Feakins ကလဲ Skype ကတဆင့် အခုလိုပြောပါတယ်။
“ရေအားလုံးကို စိုက်ပျိုးရေးအတွက် သုံးနေတာကြောင့် ရေပမာဏာ လျော့လာနေတယ်ဆိုတာ သိထားပြီးသား ကိစ္စပါ။ ဒါကြောင့် အခုလုပ်နေသလိုမျိုး ရေရှည် ဆက်လုပ်သွားလို့မရပါဘူး။ တကယ်က ကျမတို့လုပ်နေပုံကို ပြောင်းပစ်ရပါမယ်”
အဓိပ္ပါယ်ကတော့ သစ်တောထိန်းသိမ်းတာနဲ့ ပေါက်နေတဲ့ရေပိုက်တွေကို ပြင်ဆင်တာလို နည်းပညာသိပ်မလိုတဲ့ နည်းလမ်းတွေနဲ့ ပင်လယ်ရေကနေ ဆားငံဓာတ်ထုတ်ပေးတဲ့စက်ရုံတွေနဲ့ ခေတ်မီ ဆည်ရေပေးနည်းပညာလို အဆင့်မြင့်နည်းပညာသုံး နည်းလမ်း တွေကို ပေါင်းစပ်ဖို့ဖြစ်တယ်လို့ Gartner ကပြောပါတယ်။
“ရေဟာ လူ့အခွင့်အရေးတခုပါ။ သန့်ရှင်းတဲ့ရေကို လူတိုင်း အလုံအလောက်ရစေချင်ပါတယ်။ လက်ရှိမှာက ဒါဟာ လူ့အခွင့်အရေးဖြစ်ပြီး လူတိုင်း တန်းတူ ခံစားထိုက်တယ်ဆိုတဲ့ စဉ်းစားချက်မျိုး ရှိမနေပါဘူး။”
ဒါပေမဲ့လဲ ရေတိုမှာတော့ ရေရှားပါးတာ၊ လူတိုင်းအတွက် ရေအလုံအလောက်မရတာက ကျနော်တို့ လက်တွေ့ဘဝရဲ့ တစိတ် တပိုင်းဖြစ်လာမယ်လို့ Gartner ကပြောပါတယ်။
ကိုယ့်ရဲ့ ဇနီးခင်ပွန်းဖြစ်သူ ညအိပ်တဲ့အခါ ဟောက်တတ်ပါသလား၊ စမာ့တ်ခေါင်းအုံးက ကူညီပါလိမ့်မယ်။
နွားနို့ကုန်နေပြီဆိုတာ ရေခဲသေတ္တာကတွေ့တာနဲ့ ကိုယ်ဝယ်နေကျ စားကုန်ပစ္စည်းပို့တဲ့ဆိုင်ကို နွာနို့လာပို့ဖို့ မှာလိုက်ပါလိမ့်မယ်။
ကိုယ့်မျက်လုံးပတ်ဝန်းကျင်မှာ အရေးအကြောင်းတွေ ပေါ်လာလို့ စိတ်ညစ်နေပါသလား၊ စမာ့တ်ကြည့်မှန်က အဲဒါကို ခွဲခြမ်း စိတ်ဖြာသုံးသပ်ပြီး ရလာတဲ့အခြေအနေကို ကိုယ့်ရဲ့ စမာ့တ်ဖုန်းကို ပို့ပေးပါမယ်၊ ကဲ … သင့်တော်တဲ့ မျက်နှာလိမ်းဆေးကိုသာ မှာယူလိုက်ပါ …
ပစ္စည်းပစ္စယများရဲ့ အင်တာနက် … Internet of Things ကမ္ဘာကနေ ကြိုဆိုပါတယ်။ အတိုကောက်အားဖြင့်တော့ IoT ပေါ့ ခင်ဗျာ။ ဒါနဲ့ပတ်သက်ပြီး နည်းပညာသတင်းဌာနတခုဖြစ်တဲ့ Mobile Geeks က Nicole Scott က အခုလိုပြောပါတယ်။
“IoT ခိုင်မာလာပြီဆိုတာနဲ့ လွယ်လင့်တကူ အသုံးပြုပုံအမျိုးမျိုး ရှိလာမှာပါ။ အမှိုက်ပုံးကနေ ရေခဲသေတ္တာထိ၊ သွားပွတ်တံတွေထိ ရောက်သွားမှာဖြစ်ပြီး အဲဒီထက် ပိုပိုကျယ်သွားပါလိမ့်မယ်။ ကိုယ်က တကယ့်လူပျင်းမို့လို့ပဲဖြစ်ဖြစ်၊ နည်း ပညာကို သိပ်သိလို့ပဲဖြစ်ဖြစ် ကိုယ့်ဘဝရဲ့ကိစ္စတိုင်းကို အလိုအလျောက် လုပ်ချင်လာမှာပါ။”
ဒီနှစ်ကုန်ရောက်ရင် အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ပစ္စည်းပစ္စယပေါင်း ၈.၄ ဘီလီယံထိ ရှိလာတော့မယ်လို့ သတင်းနည်းပညာ သုတေသနကုမ္ပဏီ Gartner ကပြောပါတယ်။ Andrew Hoyle ကတော့ နည်းပညာဆိုင်ရာဝက်ဘ်ဆိုက်တ် CNET Technology ကပါ။
“လူတွေက ချိတ်ဆက်နိုင်သမျှ အားလုံးကို ချိတ်ဆက်ဖို့ ကြိုးစားနေကြပါတယ်။ တခါတခါကျတော့ ဒါက ဘာ ပစ္စည်းပဲဖြစ်ဖြစ် ချိတ်ဆက်လိုက်တာပဲလို့ ပြောနိုင်ဖို့သက်သက် လုပ်ကြတာပါ။”
ကိုယ်လိုအပ်လို့ ခေါ်လိုက်တာနဲ့ ရောက်လာပြီး လိုချင်တာလုပ်ပေးမယ့် အာလာဒင်ရဲ့ မီးအိမ်စောင့် ဘီလူးလိုမျိုး၊ နည်းပညာနဲ့ ဖန်တီးထားတဲ့ Apple ရဲ့ Siri, Google ရဲ့ “OK Google,” Amazon ရဲ့ Alexa စတာတွေဟာ အရှင်သခင်ဖြစ်တဲ့ ကျနော်တို့ ခိုင်း တာလုပ်ပေးဖို့ အမြဲတမ်း အဆင်သင့်ရှိနေကြပါတယ်။
ဒါနဲ့ပတ်သက်လို့တော့ CNET Technology ကပဲ Shara Tibken ပြောပြတာက -
“ကိုယ်ဘာလိုချင်တယ်၊ ဘာကြိုက်တယ်ဆိုတာ မပြောရသေးခင်မှာကိုပဲ ကိုယ်လိုချင်တာ၊ ကြိုက်တာကို ခန့်မှန်းပြီး ကိစ္စတွေကို သက်သာလွယ်ကူအောင် လုပ်ပေးတာပါပဲ။”
အခုလောလောဆယ်ရှိနေတဲ့ တခုတည်းသော မေးခွန်းကတော့ အဲဒီပစ္စည်းတွေကို တခုနဲ့တခု ဘယ်လိုချိတ်ဆက်ပြီး အတူတူ အလုပ်လုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာပါပဲလို့ Andrew Hoyle ကပြောပါတယ်။
“ဒါက ဦးစားပေးကိစ္စတော့ မဟုတ်သေးပါဘူး။ အဓိကအကြောင်းကတော့ ကုမ္ပဏီအမျိုးမျိုးကထုတ်တဲ့ ပစ္စည်း တွေ အမျိုးမျိုးရှိနေပြီး အဲဒါတွေအားလုံးကို ခေတ်မီနည်းပညာအိမ်ထဲမှာ ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာ တကယ်တမ်း နားမလည်တဲ့လူ အများကြီး ရှိနေပါသေးတယ်။”
ဒါ့အပြင် အားလုံးဟာ အင်တာနက်နဲ့ ဆက်နွယ်နေတာမို့ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မပေါက်ကြားရေးတွေအပေါ် စိုးရိမ်တာမျိုးက အမြဲရှိနေတာပါပဲ။ လောလောဆယ်တော့ ဒါနဲ့ပတ်သက်ပြီး အတိအကျမသိနိုင်သေးဘူးလို့ Android နည်းပညာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Nirave Gondhia ကပြောပါတယ်။
“လက်ရှိအချိန်မှာ ဒါက ဘေးကင်းလုံခြုံပါရဲ့လား၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထားတာတွေ မတွေ့ရသေးတော့ ဘယ်သူသိမလဲဗျာ။”
ဘယ်လို နည်းပညာ ပစ္စည်းပစ္စယမျိုးပဲ ရှိပါစေ၊ သုံးပါ၊ အဲဒီအပေါ် ကျေနပ်ပါ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုတော့ ပေးမသိပါနဲ့၊ ဘာ့ကြောင့်လဲဆိုရင် ဘယ်သူနားထောင်နေမယ်ဆိုတာ ခင်ဗျားမသိနိုင်တဲ့အတွက်ကြောင့်ပါပဲလို့ ကျွမ်းကျင်သူတွေ က အကြံပေးကြပါတယ်။