ရခိုင်မြောက်ပိုင်းလုံခြုံရေး ပြည်သူတွေ ရတက်မအေး

ရခိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြစဉ် (သြဂုတ် ၂၄-၂၀၁၇) ( Credit to Dr Win Myat Aye)

ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်တိုက်ခဲ့ပြီးနောက်မှာ ဒေသခံတွေ ကျီးလန့်စာစား အခြေနေမှာ ရှိနေကြပြီး၊ ဒေသအာဏာပိုင်တွေက ညမထွက်ရအမိန့် ကာလကို အချိန်တိုး သတ်မှတ်လိုက်ပါတယ်။ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ရအောင် ရဲနဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့က ညဖက်ကင်းလှည့်နေတယ်ဆိုေ့ပမယ့် လုံခြုံရေးအရ စိုးမိုးနိုင်စွမ်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မေယုဒေသလို့ သိကြတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ လုံခြုံရေး ရဲကင်းစခန်း (၃၀)လောက်ကို Arakan Rohingya Salvation Army လို့ခေါ်တဲ့ အကြမ်းဖက်အုပ်စုက သြဂုတ်လ(၂၅) သောကြာမနက်စော အချိန်မှာ တပြိုင်နက် ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။ အကြမ်းဖက်သမား ၁၅၀ လောက်က သေနတ်တွေ၊ အိမ်လုပ်ဗုံးတွေသုံးပြီး တိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ညမထွက်ရအမိန့်ကာလကို ညနေ(၆)နာရီကနေ မနက်(၆)နာရီအထိ အချိန်တိုး သတ်မှတ်လိုက်ကြောင်း မောင်တော ဒေသခံ ကိုစောဘဦးကြီးက ပြောပါတယ်။

“ Curfew အမိန့်တိုးလိုက်ပါတယ်။ ည ၆နာရီကနေ မနက်၆ နာရီအတွင်း ညမထွက်ရအမိန့် ပြောင်းလိုက်တယ်။ ဒီမြို့ထဲမှာ တွေ့ရသလောက်ကတော့ လုံခြုံရေးကတော့ ကင်းလှည့်နေတယ်။ ရဲရော တပ်မတော်ကရော တွေ့တယ်။ နောက်ပြီးတော့ လမ်းဆုံလမ်းဂွ တွေမှာလည်း လုံခြုံရေး ချထားတာတွေ့ရတယ်။”

ညဖက်အချိန်မှာ ရဲနဲ့စစ်တပ် ပူးပေါင်းတပ်ဖွဲ့က ကင်းလှည့်ပေးနေကြောင်း မောင်တောမြို့နယ် ရဲမှူး ကျော်မြဝင်းက VOA ကိုပြောပါတယ်။

" ကျနော်တို့ လုံခြုံရေးယူထားပါတယ် လမ်းပေါ်မှာ ရောက်နေကြပါတယ်။"

ဒီလို လုံခြုံရေးယူပေးနေတယ်ဆိုပေမဲ့ ဒေသခံပြည်သူတွေမှာ ကျီးလန့်စာစားနေကြရပြီး၊ နောက်ဆိုရင် အစားအသောက် အခက်အခဲ ကြုံရနိုင် တယ်လို့ ကိုစောဘဦးကြီးက ပြောပါတယ်။

“ကျီးလန့်စာစားနေရတယ်ပေါ့၊ ဘာလို့လဲဆိုတော့ နေ့လည်နေ့ခင်းတောင်မှ သိပ်ပြီးအပြင်မထွက်ရဲ ကြတော့ဘူး ကျနော်တို့ဆီမှာ။ သတင်းတခုခု ကြားရင် ကြောက်နေရပြီ … ဘာဖြစ်လာမလဲ .. ဘာဖြစ်လာမလဲ။ အကုန်လုံးပဲ ထိန့်လန့်နေရပြီ။ ဒီလိုသာဖြစ်နေမယ် ဆိုရင် နောက်ဆို ဘယ်သူမှ နေရဲကြတော့မှာ မဟုတ်ဘူး။ ခုတောင်မှာ တချို့လူတွေဆိုရင် စုပြီးတော့ ညတောင်မအိပ်ရဘူးလို့ ပြောတယ်။ ဈေးတွေလဲ သိပ်မဖွင့်ဘူးလေ။ မြို့ထဲမှာတော့ နည်းနည်းပါးပါးရောင်းတာပေါ့။ နောက်ပြီး မြို့ပြင်ဘက်ဆိုပိုဆိုးမှာပေါ့ နယ်ဖက်တွေမှာ။ အစားအသောက်တွေ နောက်ဆိုဒီထက် အခက်အခဲဖြစ်လာမှာပေါ့။ ပြောမယ်ဆိုရင် ကျနော်တို့ဒေသမှာက ဥပဒေစိုးမိုးမှု မရှိဘူးလို့ ခံစားနေရ တာပေါ့။ ဘာလို့လဲဆိုရင် လုံခြုံရေးဆိုရင်လဲ အားမရဘူးပေါ့ ကျနော်တို့မောင်တောမှာ။ ကျနော်တို့ကြားမိတာက ရဲက လုပ်ပိုင်ခွင့် မရှိလို့ပဲ ဖြစ်နေရတာ။ လုပ်ပိုင်ခွင့်ဆိုတာက အထက်အောက်နဲ့ ဆုံးဖြတ်ရတဲ့ခါကျတော့ အပေါ်ကိုပဲ ခွင့်တောင်းနေရတယ်လို့ ကြားမိတယ်။ ”

သောကြာ ညဦးပိုင်းတုန်းကတော့ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူ၊ မြင်းလွှတ်တို့ဘက်မှာ ပစ်ခတ်သံတွေ ကြားရပေမယ့် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ကိုစောဘဦးကြီးက ပြောပါတယ်။

" ညနေပိုင်းတုန်းကတော့ မြင်းလွှတ်တွေဘက်မှာ ကျောက်ပန်းတူတို့ဘက်မှာ နည်းနည်းပြသနာဖြစ်ကြတယ်လို့ပြောတယ်။ မောင်တော တောင်ပိုင်းပေါ့။ လူတွေအကုန်လုံးက ကျီးလန့်စာစားတွေဖြစ်နေကြတာ။ အကုန်လုံးက ပစ်တာခတ်တာတွေ ဖြစ်တယ် ၂၀၁၂တုန်းကလည်းဖြစ်တယ် ၂၀၁၆ကလည်းဖြစ်တယ် အခုလည်းဖြစ်တယ်ဆိုတော့ လူတွေက စိုးရိမ်စိတ်တွေနဲ့ စိတ်ဒဏ်ရာရကြတယ် အခုနယ်မှာဆိုရင် မနေရဲကြတာတွေရှိတယ် လက်ရှိ လက်နက်ကိုင်တွေကိုတောင် ဝင်ပြီးတော့ စီးတယ်ဆိုတော့ လူတွေမှာ ဘာမှာမှ မရှိတာ စိုးရိမ်စိတ်တွေနဲ့နေနေရတယ်။"

လက်ရှိ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာပါဝင်တဲ့ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများနဲ့ ဒီအကြမ်းဖက်သမားတွေအတွက် တာဝန် ရှိတဲ့ Arakan Rohingya Salvation Army (ARSA)တို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၆-င)အရ “အကြမ်းဖက်အုပ်စု” အဖြစ် သတ်မှတ်လိုက်ကြောင်း သြဂုတ်(၂၅)ရက်နေ့စွဲနဲ့ အစိုးရက ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာ သလို မြို့နေပြည်သူတွေလည်း လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။ သောကြာနေ့ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် (၁၁)ဦးနဲ့ လဝက အရာရှိ (၁)ဦး သေဆုံးခဲ့ရပြီး၊ တိုက်ပွဲအတွင်း အကြမ်းဖက်သမား (၇၇)ဦး သေဆုံးကာ (၂)ဦး အရှင်ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်မြောက်ပိုင်းလုံခြုံရေး ပြည်သူတွေ ရတက်မအေး