ကန်သမ္မတ Nixon နုတ်ထွက်ခဲ့ရတဲ့ Watergate အရှုပ်တော်ပုံ ၄၅ နှစ်ပြည့်ပြီ

Watergate အဆောက်အဦး။

ရုံးခန်းမျိုးစုံဖွင့်ထားတဲ့ Watergate အဆောက်အဦးမှာ ၁၉၇၂ ခုနှစ် ဇွန်လက ချိုးဖျက်ခိုးဝင်မှုဖြစ်ခဲ့တာ အခုဆိုရင် ၄၅ နှစ်ရှိသွားပါပြီ။ ပထမတော့ အဲဒါကို သာမန် ခိုးဝင်မှု နောက်တခုလောက်အဖြစ်ပဲ မြင်ခဲ့ကြတာပါ။ နောက်တော့မှ အဲဒါဟာ အမေရိကန် သမ္မတအိမ်ဖြူတော်နဲ့နီးစပ်တဲ့ ထင်ပေါ်သူတွေ ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံကြီးဆိုတာ ပေါ်လာတာပါ။ အကျိုးဆက်အနေနဲ့ အဲဒီအချိန်က သမ္မတ Richard Nixon နုတ်ထွက်ပေးလိုက်ရပါတယ်။ ဗွီအိုအေ ရုရှားဘာသာဌာနရဲ့ သတင်း ထောက် Rafael Saakov က Watergate ဟော်တယ်ကိုရော၊ ဒီကိစ္စကို စုံစမ်းပြီး ဖော်ထုတ်ရေးသားခဲ့တာမှာ အဓိက အခန်း ကဏ္ဍကနေပါဝင်ခဲ့တဲ့ အဲဒီအချိန်က သတင်းထောက်တွေအလုပ်လုပ်ခဲ့ရာ ဝါရှင်တန်ပို့စ်သတင်းစာတိုက်ကိုရော သွားရောက်ပြီး သတင်းလွှာရေးထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။

“မနက်ဖြန်နေ့လည်မွန်းတည့်ချိန်ကစပြီး သမ္မတအဖြစ်က ကျနော်နုတ်ထွက်ပါမယ်။”

သမ္မတ Richard Nixon ရာထူးကနုတ်ထွက်ခဲ့ရတဲ့ အခြေအနေဟာ ၁၉၇၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က စခဲ့တာပါ။ အဲဒီနေ့မှာ သမ္မတနစ်ဆင်ရဲ့လက်ထောက်တွေ ငွေပေးခိုင်းစေခဲ့တဲ့ သူခိုးတွေက Watergate အဆောက်အဦးမှာရှိတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ရုံးချုပ်ထဲမှာ အသံဖမ်းစက်တွေ ခိုးတပ်ဖို့အတွက် ချိုးဖျက်ဝင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီဌာနချုပ် DNC မှာ လူငါးယောက်ကိုဖမ်းမိပြီး နောက်တရက်မှာတော့ အဲဒီအချိန် သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Ron Zieglar က အဲဒီဖြစ်ရပ်ကို တတိယတန်းစား ချိုးဖျက်ခိုးဝင်မှုလို့ အထင်ကရ ပြောခဲ့ပါတယ်။ ဒါပေမဲ့လဲ ဝါရှင်တန်ပို့စ် သတင်း ထောက်တွေကတော့ အဲဒီအတိုင်းမယူလိုက်ကြဘဲ သတင်းခန်းထဲကနေရော၊ ပြင်ပကနေပါ အပြင်းအထန် စုံစမ်းခဲ့ကြပါတယ်။

Martin Weil ဟာ ဝါရှင်တန်ပို့စ်သတင်းစာက ရာဇဝတ်မှုဆိုင်ရာသတင်းထောက်ပါ။

"ရာဇဝတ်မှုဆိုင်ရာသတင်းထောက်၊ ဝါရှင်တန်ပို့စ်သတင်းစာ) “သတင်းထောက်တွေဟာ အချက်အလက်တွေကို ဆုပ်ကိုင်ထားသူတွေဖြစ်ပြီး မခန့်မှန်းဖို့ ဒါမှမဟုတ် စိတ်ထင်နဲ့တွေးမကြည့်ဖို့ သူတို့ကိုပြောထားတာပါ။ ဒါပေမဲ့ အဲဒီအချိန် သတင်း ခန်းထဲမှာရှိနေသူတချို့က ဒီကိစ္စဘာဆက်ဖြစ်နိုင်တယ်ဆိုတာကို သိခဲ့ကြတယ်လို့ ကျနော်ခံစားရတယ်။”

အခင်းဖြစ်တဲ့ညက Weil ဟာ တာဝန်ကျအယ်ဒီတာဖြစ်ပြီး ရဲတွေ ဆက်သွယ်ရေး ရေဒီယိုနဲ့ ပြောတာကို သူကြားလိုက်ရတာတခု ပေါ် အာရုံကျခဲ့ပါတယ်။

“Watergate မှာ တံခါးတွေပွင့်နေတယ်လို့ပြောတာ ကြားလိုက်ရတယ်။”

အဲဒီနေ့နောက်ပိုင်းမှာ သူက သတင်းခန်းကို သွားမေးပါတယ်။

“ဒီနေ့တခုခုဖြစ်တာများရှိလားဆိုတော့ ဟား … သိပ်ရှိတာပေါ့တဲ့ … သူတို့တွေ စိတ်လှုပ်ရှားနေကြတယ်၊ လှုပ်လှုပ်ရွရွနဲ့ ပေါ့၊ အဲဒီအချိန်ကရှိနေတဲ့သူ အားလုံးကို တာဝန်တွေချပေးတယ်၊ ကျနော်က ရီပတ်ဘလီကန်ပါတီနဲ့ အဆက်အစပ်ရှိတဲ့ နာမည် ကြီးပုဂ္ဂိုလ်အမျိုးမျိုးဆီကို ဖုန်းခေါ်ဖို့ တာဝန်ကျတယ်၊ ဒီခိုးဝင်မှုဟာ ရီပတ်ဘလီကန်တွေစတာ ဒါမှမဟုတ် လုပ်တာလို့ ဘယ်သူက မှမပြောဘဲ ပြိုင်ဘက်လုပ်တာလို့ပဲ ပြောကြပါတယ်။”

Weil ဟာ Watergate အရှုပ်တော်ပုံကိစ္စကို သတင်း အဓိကလိုက်ခဲ့သူ မဟုတ်ပေမဲ့လဲ စုံစမ်း သတင်းလိုက်ခဲ့ကြသူ ပို့စ်သတင်း စာရဲ့ သတင်းထောက်တွေဖြစ်တဲ့ Carl Bernstein နဲ့ Bob Woodward တို့ နေ့ညမပြတ် လုပ်ခဲ့ကြတာကို အမှတ်ရဆဲပါ။

“အစောပိုင်းရက်တွေမှာ ဝါရှင်တန်ပို့စ်က အတော့်ကို ရှေ့ရောက်ခဲ့တယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ သတင်းက သိပ် ကောင်းလွန်းတော့ တခြားသတင်းဌာနတွေက အယ်ဒီတာတွေလဲ ဒါကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါပဲ။”

လက်ရှိအချိန်မှာလဲ DNC ရဲ့ ကွန်ပြူတာစနစ်ကို ဖောက်ဝင်ပြီး အချက်အလက်တွေ ခိုးယူသွားတာမှာ ရုရှားပတ်သက်နေသလား ဆိုတာအပေါ် စုံစမ်းစစ်ဆေးနေတာနဲ့ မီဒီယာတွေအပေါ် ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့တုန့်ပြန်ပုံတွေက Watergate တုန်းကနဲ့ ဆင်တူ နေတာတွေကို Weil က ထောက်ပြပါတယ်။

“Watergate ဖြစ်ရပ်ကနေ အစိုးရအပေါ် သံသယအမြင်နဲ့ကြည့်တာ၊ အတိုက်အခံလို ရပ်တည်ချက်ထားတာတွေ အမွေ ကျန်ခဲ့တာက အကြောင်းတစိတ်တပိုင်းပါ။ ရန်လိုတယ်လို့ ကျနော်မဆိုလိုပါဘူး၊ ဒါပေမဲ့ သံသယအမြင်ကတော့ သေချာပါတယ်။ ပြီးတော့ သမ္မတဟာ သေချာစဉ်းစားပုံမရဘဲ မီဒီယာဟာ ရန်သူဖြစ်နိုင်တယ်ဆိုပြီး တခါတခါပြောပစ်သလားလို့ ခံစားမိတယ်၊ အစိုးရထဲ တနေရာရာက ဒါမှမဟုတ် မီဒီယာထဲက လူတချို့က အိမ်ဖြူတော်ကို ရန်သူအဖြစ် မြင်ကောင်းမြင်မယ်၊ ဒါပေမဲ့ ကျနော် ကတော့ အဲဒီလိုလုံးဝမမြင်သလို ဒီမှာ အဲဒီလိုမြင်တဲ့လူ အများကြီးရှိမယ်လို့လဲ ကျနော်မထင်ဘူး။”

Watergate အရှုပ်တော်ပုံကို ဖွင့်ချတာမှာ သူနဲ့ လုပ်ဖော်ကိုင်ဘက် သတင်းထောက်တွေဟာ စာနယ်ဇင်း တာဝန်ရှိတဲ့အတိုင်း လုပ်ခဲ့ကြတယ်လို့ Weil ကပြောပါတယ်။ ၄၅ နှစ် ကြာပြီးတဲ့နောက် Weil ဟာ ဝါရှင်တန်ပို့စ်မှာ ဆက်ရှိနေသေးပြီးအဲဒီတာဝန်ကို ဆက်လုပ်နေဆဲပါပဲခင်ဗျား။

Your browser doesn’t support HTML5

ကန်သမ္မတ Nixon နုတ်ထွက်ခဲ့ရတဲ့ Watergate အရှုပ်တော်ပုံ ၄၅ နှစ်ပြည့်ပြီ