Your browser doesn’t support HTML5
ဦးသိန်းစိန်အစိုးရလက်ထက်ကရော၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD အစိုးရကရော နိုင်ငံခြားရောက် ပညာတတ်မြန်မာတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ပြန်လာသူဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ဗိုလ်နေဝင်းရဲ့ မဆလ ဆိုရှယ်လစ်ခေတ်မှာ နိုင်ငံခြားအများဆုံး ထွက်သူဟာ ကျွမ်းကျင်လုပ်သား သင်္ဘောသားတွေ ဖြစ်ပါတယ်။ မြန်မာပြည်က အပြီးအပိုင်ထွက်ခွါသွားသူတွေကတော့ အလွန်နည်းပါတယ်။ နိုင်ငံခြားက ဆွေမျိုးများကခေါ်လို့ ထွက်ခွါသူတွေနဲ့ နိုင်ငံခြားမှာ အလုပ်ရလို့ ထွက်ခွါသွားသူလောက်ပဲ ရှိပါတယ်။ ပညာတတ်ဟာ မိမိရထားတဲ့ ဘွဲ့အတွက် မဆလအစိုးရကို လျှော်ကြေးပေးပြီးမှ ထွက်ခွါရပါတယ်။
၁၉၈၈ ပြည်သူ့အုံကြွမှုကြီး ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားကို ထွက်ခွါတဲ့ မြန်မာပြည်သားတွေ သန်းနဲ့ချီပြီး ရှိလာပါတယ်။ အလုပ်လုပ်ဖို့ ထွက်ခွါသူတွေအပြင် စစ်အစိုးရ ဖိနှိပ်လို့ ထွက်ခွါကြတဲ့ ဒုက္ခသည်တွေလည်း သိန်းနဲ့ချီလာပါတယ်။ အမေရိကန်မှာ အခြေချခွင့်ရတဲ့ မြန်မာပြည်သား တသိန်းခွဲလောက် ရှိပါတယ်။ ဖိနှိပ်မှု၊ စားဝတ်နေရေးခက်ခဲမှု၊ တက်လမ်းကင်းမဲ့မှုတို့ကြောင့် မြန်မာပြည်သား (၁၀) ရာခိုင်နှုန်းလောက် နိုင်ငံခြားမှာ အလုပ်လုပ်နေကြပါတယ်။ ဒီအထဲမှာ ရွှေ့ပြောင်းလုပ်သား၊ ကျွမ်းကျင်လုပ်သားနဲ့ ပညာတတ်တွေ ပါဝင်ပြီး ထိုင်း၊ မလေးရှား နဲ့ စင်္ကာပူတို့မှာ အများဆုံး နေထိုင်ကြပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်သူတွေက အများဆုံးဖြစ်ပြီး ဆောက်လုပ်ရေးမှာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီပြီး ရှိနေပေမယ့် ကျွမ်းကျင်လုပ်သားကတော့ တသောင်းလောက်ပဲ ရှိမယ်လို့ ခန့််မှန်းပါတယ်။ ကျွမ်းကျင်လုပ်သား ပညာတတ်တွေအကြောင်း ထိုင်းအခြေစိုက် ဘောဂဗေဒပညာရှင် ဒေါက်တာမြတ်မွန်က ၂၀၁၄ မှာ စာတမ်းတစောင် ရေးခဲ့ဖူးပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရ တက်လာပြီး တက္ကသိုလ်တွေ ပိတ်ထားချိန်မှာ မြန်မာပြည်က ထွက်ခွါသူတွေ အများဆုံး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် ကျွမ်းကျင်လုပ်သားကို ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်ဆိုပြီး ဒေါက်တာမြတ်မွန်က အုပ်စုနှစ်စုခွဲပြီး လေ့လာထားပါတယ်။
ပထမမျိုးဆက်မှာ တက္ကသိုလ် ကထိက၊ အစိုးရအရာထမ်း၊ ဆရာဝန်စတဲ့ ဘွဲ့ရပညာတတ်တွေဖြစ်ပြီး အသက် (၃၀) နဲ့ (၄၀) ကြားတွေ များပါတယ်။ အသက် (၅၀) ကျော်ကတော့ လူနည်းစု ဖြစ်ပါတယ်။ ထိုင်းကိုရောက်လာတဲ့ ပညာတတ်အမျိုးသမီးတွေထဲမှာ အများစုဟာ အိမ်ထောင်မရှိပါဘူး။ ပညာသင်ဖို့ (သို့မဟုတ်) မိဘနဲ့ အတူလိုက်လာသူတွေကို ဒုတိယမျိုးဆက်လို့ ဒေါက်တာမြတ်မွန်က သတ်မှတ်ထားပါတယ်။ ထိုင်းမှာ နိုင်ငံတကာပညာရေး စီမံချက်တွေ အကောင်အထည်ဖော်ချိန်မှာ ရောက်လာကြတာမို့ ပထမမျိုးဆက် (၅၀) ရာခိုင်နှုန်းကျော်ဟာ သင်ကြားရေးမှာ အလုပ်ရကြတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ (၄) ရာခိုင်နှုန်း၊ အင်ဂျင်နီယာအလုပ်မှာ (၃၀) ရာခိုင်နှုန်း၊ ရုံးအလုပ်မှာ (၇) ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်ကြပါတယ်။ ဒီအထဲမှာ အမေရိကန်၊ ကနေဒါ နဲ့ Australia ကို ထွက်ခွါသူတွေလည်း ရှိပါတယ်။
ထိုင်းနိုင်ငံမှာ ပညာသင်ကြားပြီး ဘွဲ့ရတဲ့ ဒုတိယမျိုးဆက်မြန်မာတွေကို ကွန်ပြူတာ အတတ်ပညာ အိုင်တီလုပ်ငန်းမှာ အများဆုံး တွေ့နိုင်ပါတယ်။ ထိုင်းပညာရှင်တွေ နိုင်ငံခြားက ပြန်မလာလို့ ကျွမ်းကျင်လုပ်သားအားနည်းတဲ့ ထိုင်းအိုင်တီလုပ်ငန်းကို မြန်မာက အားဖြည့်ပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။ ဒုတိယမျိုးဆက်မြန်မာ (၄၆) ရာခိုင်နှုန်း အိ်ုင်တီလုပ်ငန်းမှာ ရောက်နေပါတယ်။ (၂၀) ရာခိုင်နှုန်းဟာ ဆေးရုံတွေမှာ စကားပြန် လုပ်ကြပါတယ်။ ဘန်ကောက်မှာ လစဉ် ဆေးကုသခံယူတဲ့ မြန်မာက သုံးလေးထောင် ရှိတာမို့ သူတို့အတွက် ဒုတိယမျိုးဆက် ကျွမ်းကျင်လုပ်သားတွေက စကားပြန်လုပ်ပေးပါတယ်။ ထိုင်းပညာရေးစနစ်ကို မြန်မာပညာတတ်တွေ အကျိုးပြုတာ ထင်ရှားပါတယ်။ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ မဟာဌာနမှုး နဲ့ ဌာနမှုးအဆင့်အထိ ရောက်နေတဲ့ မြန်မာတွေ ရှိတယ်လို့ ဒေါက်တာမြတ်မွန်က ဆိုပါတယ်။
ထိုင်းအခြေစိုက် ကျွမ်းကျင်လုပ်သား ပညာတတ်အများစုဟာ မိသားစုနဲ့အတူ နေတာမို့ သူတို့ရဲ့ ဝင်ငွေကို မိသားစုရဲ့ စားဝတ်နေရေး၊ ပညာရေးအတွက် သုံးတာများပါတယ်။ ဒါကြောင့် မြန်မာပြည်ကို ငွေပြန်ပို့သူ အလွန်နည်းတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ သားသမီးတွေဟာ ထိုင်းတက္ကသိုလ်တွေက ဘွဲ့ရပြီး အလုပ်အကိုင်ကောင်းကောင်းရနေကြတာမို့ မြန်မာပြည် ပြန်နေဖို့ စိတ်မကူးကြပါဘူး။ ဒုတိယမျိုးဆက်ထဲမှာ အမေရိကန်၊ ကနေဒါ နဲ့ Australia မှာ ပညာဆက်သင်ဖို့ ကြိုးပမ်းနေသူတွေလည်း ရှိပါတယ်။ သူတို့အဖို့ကတော့ ထိုင်းနိုင်ငံဟာ ယာယီစခန်းတခုသာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံခြား အရင်းအနှီးတွေ ဝင်ရောက်လာလို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာပေမယ့် အရည်အချင်းရှိတဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ကြုံနေရပါတယ်။ တွေ့ဆုံမေးမြန်းတဲ့ ဒုတိယမျိုးဆက် မြန်မာပညာတတ်တွေထဲမှာ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေသူ (၇) ရာခိုင်နှုန်း ရှိတယ်လို့ ဒေါက်တာမြတ်မွန်က ဆိုပါတယ်။ ဒါကလဲ လွန်ခဲ့တဲ့ တနှစ်ကျော်က မေးမြန်းထားတာမို့ အခုဆိုရင် ပြည်တော်ပြန်သူတွေလည်း ရှိနိုင်ပါတယ်။ နိုင်ငံခြားဘွဲ့ရ ကျွမ်းကျင်လုပ်သား ပညာတတ်တွေဟာ မြန်မာပြည်က နိုင်ငံခြားကုမ္ပဏီအချို့မှာ အလုပ်ပြန်လုပ်တာ အများဆုံး တွေ့ရပါတယ်။