သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကပြန်ပို့တဲ့ မြန်မာ ၁၅၀ အနက် ရေတပ်အရာရှိဟောင်းနဲ့ဇနီး ရန်ကုန်လေဆိပ်မှာအဖမ်းခံရ


အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)
အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)

[[Zawgyi/Unicode]]

ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာရေတပ်အရာရှိဟောင်းတဦးအပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားနိုင်ငံက အခုလအတွင်း နေရပ်ပြန်ပို့လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့လအတွင်းက ဖမ်းဆီးထားတဲ့ ရေတပ်အရာရှိဟောင်း ၆ ဦးကို အောက်တိုဘာလ ၆ ရက်နေ့က လေယာဉ်နဲ့ပြန်ပို့လိုက်တယ်လို့ အမည်မဖော်လိုတဲ့သတင်းအရင်းအမြစ်ကိုကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။ အဲဒီအထဲက အရာရှိဟောင်းတဦးနဲ့ဇနီးတို့ကို ရန်ကုန်လေဆိပ်အရောက်မှာ ဖမ်းဆီးလိုက်တယ်လို့လည်း ရိုက်တာက ရေးပါတယ်။ သူတို့ဟာ မလေးရှားနိုင်ငံတွင်း နေထိုင်ခွင့်အထောက်အထားမရှိတာကြောင့် (ပြန်ပို့လိုက်တာ) လို့ မလေးရှားသတင်းအရင်းအမြစ်က ရိုက်တာကို ပြောပါတယ်။

ဒါပေမယ့်လည်း ဒီအရာရှိဟောင်းတွေထဲကတချို့ဟာ ဒုက္ခသည်များဆိုင်ရာကုလမဟာမင်းကြီးရုံး UNHCR ဆီမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား ၁၅၀ ဦးကို မြန်မာနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ရေတပ်အရာရှိဟောင်းတွေ ပါဝင်တယ်လို့တော့ ဖော်ပြတာမရှိပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးရော၊ နိုင်ငံခြားရေးဌာနကိုပါ ရိုက်တာက ဆက်သွယ်ပေမယ့် တုံ့ပြန်မှုမရဘူးလို့ ဆိုပါတယ်။

UNHCR ကတော့ အခု ပြန်ပို့ခံရတဲ့သူတွေထဲ ခိုလှုံခွင့်လျှောက်သူတွေ ပါမပါကို မပြောပေမယ့် အခုလို နေရပ်ပြန်ပို့တဲ့အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ တုံ့ပြန်ပါတယ်။ အခုသတင်းဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရော မလေးရှားအစိုးရဘက်ကပါ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

#ရေတပ်အရာရှိဟောင်း #မလေးရှားလဝက #နေရပ်ပြန်ပို့ #အထောက်အထားမဲ့မြန်မာ #UNHCR
===========

[[Unicode]]







===========

XS
SM
MD
LG