သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း ၂ နှစ်တာအတွင်း စိုက်ပျိုးရေး အခြေအနေ


တောင်ကြီးမြို့အနီးစိုက်ခင်းတခု (ယခင်မှတ်တမ်းဓာတ်ပုံ)
တောင်ကြီးမြို့အနီးစိုက်ခင်းတခု (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း အရင်ကတည်းကနိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေး မဏ္ဍိုင်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ဘက်ပေါင်းစုံကနေ ချွတ်ခြုံကျသွားပါတယ်။ ကျေးလက်နေလူငယ်တွေ မိမိနေရပ်ကို စွန့်ခွာသွားကြသလို မိရိုးဖလာခိုင်းနွားတွေ ရှားပါးလာတာ၊ ထွက်လာတဲ့သီးနှံတွေကလည်း ဈေးကောင်းမရတဲ့အတွက် တောင်သူလယ်သမားတွေ မိမိတို့ပိုင်လယ်ယာမြေတွေကို အပြည့်အဝမစိုက်ပျိုးတော့ဘဲ ပ,လပ်မြေအဖြစ် ထားကုန်လာကြကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက အခုအချိန်အထိ ၂ နှစ်တာကာလအတွင်း ကျေးလက်ဒေသတွေမှာ ပထမဆုံးဖြစ်ပေါ်လာတာကတော့ လူဦးရေ သိသိသာသာ ကျဆင်းသွားတာပါပဲ။ အဲဒီလို ကျေးလက်တွေမှာ လူဦးရေကျဆင်းသွားတဲ့အထဲမှာမှ အရွယ်ကောင်းလူငယ်လူရွယ်တွေက အများစုဖြစ်ကြပါတယ်။ လူငယ်တွေကသာ ကျေးလက်စိုက်ပျိုးရေးကို အဓိလုပ်ကိုင်နေကြတာဖြစ်ကြပြီး မိမိတို့လယ်မြေ၊ ယာမြေတွေကို သွားရောက် အလုပ်လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းလှည့်လာတာနဲ့တွေ့ရင် ရိုက်နှက်ဖမ်းဆီးခံရတာ၊ အသက်ဆုံးရှုံးတဲ့အထိ ပစ်ခတ်ခံရတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေလတ်ဒေသက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဦးတင်စိုးက အခုလိုပြောပါတယ်။

"နဂိုကမှ အလုပ်သမားရှားရတဲ့အထဲမှာ အခုလို အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ယာထဲ ချောင်းထဲမှာ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အခုအချိန်မှာ စစ်ကြောင်းတွေလာပြီဆိုလို့ရှိရင် ပြေးရတယ်။ ကိုယ့်အလုပ်ကို ထားခဲ့ပြီး ပြေးရတယ်။ တွေ့ရင်လည်း တွေ့သလို၊ ပြေးရင်လည်းပစ်မှာကြောက်ရ၊ မထင်ရင်မထင်သလို ဖမ်းမှာကြောက်ရ၊ လူကောင်းလူဆိုးလည်း ခွဲတာမဟုတ်၊ အကျိုးအကြောင်းလည်း ပြောလို့ရတာမဟုတ်၊ ဒါတွေကြောင့် ကိုယ့် ယာထဲ ချောင်းထဲကို လုပ်ကိုင်ရဲတာ မရှိကြတော့ဘူး။ အဲဒီလို ကြောက်နေကြရတော့ တချို့ ကိုယ့်ဒေသကို စွန့်ခွာပြီးတော့ အလုပ်သွားလုပ်ကြရရော။ အဲဒီတော့ ကျေးလက်ဒေသတွေမှာ အလုပ်သမားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရတယ်။"

အဲဒီလို အခြေအနေတွေကြောင့် ကျေးလက်လူငယ်တွေဟာ သူတို့ရဲ့ ဇာတိရွာနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို စွန့်ခွာပြီး မြို့ကြီးတွေအပါအဝင် ပြည်တွင်းက အလုပ်အကိုင် ရရှိနိုင်တဲ့ဒေသတွေ၊ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြဖို့ စွန့်စားထွက်ခွာကုန်ကြပါတယ်။ အဲဒီအတွက် ပထမဆုံးရလဒ်ကတော့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်သားရှားပါကုန်တာပြီး အချိန်မီမစိုက်ပျိုးနိုင်၊ အချိန်မီမရိတ်သိမ်းနိုင်ဘဲ လယ်ယာလုပ်ငန်းခွင်မှာ အကြီးအကျယ် ထိခိုက်ဆုတ်ယုတ်လာပါတယ်။

စစ်အာဏာသိမ်းထားတဲ့ကာလမှာ လုပ်သားရှားပါးမှုလိုပါပဲ နောက်ထပ် ကြုံတွေ့ရတဲ့ အခြေအနေတခုကတော့ လောင်စာဈေးတွေ အဆမတန်တက်ခဲ့တဲ့အတွက်ကြောင့် တပိုင်တနိုင် လက်တွန်းထွန်စက်တွေအပါအဝင် လယ်ယာသုံး စက်ပစ္စည်းကို အသုံးမပြုနိုင်ကြတော့ပါဘူး။ အဲဒီလို လယ်ယာသုံးစက်ပစ္စည်းတွေကိုမသုံးဘဲ ခေတ်အဆက်ဆက် သုံးလာခဲ့ကြတဲ့ မိရိုးဖလာ ခိုင်းနွားတွေကို ပြန်လည် သုံးပြုဖို့ဆိုတော့လည်း အဲဒီ ခိုင်းနွားတွေလည်း အတော်ကို ရှားကုန်ပါပြီ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မကွေးတိုင်း မင်းဘူးမြို့နယ်က ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်ပြီး လယ်သမားအရေးကိုပါ ဆောင်ရွက်နေတဲ့ဦးမြင့်နိုင်က အခုလို ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျနော်တို့ လယ်ယာလုပ်ငန်းကဏ္ဍက အကြီးအကျယ်ကို ထိခိုက်သွားပါတယ်။ အဓိက,က ကျနော်တို့ တောင်သူတွေမှာ ဘာအခက်အခဲ ဖြစ်သွားလဲဆိုတော့ စက်သုံးဆီဈေးပေါ့။ စက်သုံးဆီဈေးကလည်း အဆမတန် မြင့်တက်သွားတယ်။ လက်တွန်းထွန်စက်ကလေးတွေ စက်မှုပိုင်းနဲ့ သုံးတာကတော့ စိုက်ရေးပျိုးရေးအနေနဲ့ကတော့ စက်သုံးဆီ ဈေးကြီးလာကြတော့ စက်သမားတွေလည်း ခေါက်နေ (ရပ်နေ) ကြရတာပေါ့။ နွားက အရင်ကဆို တရွာလုံးတွက်ရင် အရှဉ်း လေးငါးရာလောက်ကို ရှိနိုင်တယ်။ အခုကတော့ တရွာမှာ ရှိလှမှ ၁၅ ရှဉ်းထက်မရှိဘူး။ ခိုင်းနွားတွေ ရှားပါသွားတဲ့အနေအထားမှာဖြစ်တာ အမှန်ပါ။"

အဲဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်မှုလယ်ယာ အဆင့်မရောက်ရှိတဲ့အပြင် မူရင်းမိရိုးဖလာ ကျွဲနွားနဲ့လူလုပ်အား ပေါင်းစပ်ထွန်ယက်စိုက်ပျိုးတဲ့ လက်မှုလယ်ယာ အဆင့်ကတောင်မှ လျော့ကျသွားတယ်လို့ ဆိုကြပါတယ်။ စစ်အာဏာသိမ်းတဲ့ကာလ လက်ရှိအချိန်အထိ ၂ နှစ်တာ ကာလအတွင်းမှာ တောင်သူလယ်သမားတွေအနေနဲ့ နောက်ထပ် ရင်ဆိုင်ကြရတဲ့အခြေအနေဆိုးတခုကတော့ သွင်းအားစုလို့ ခေါ်ကြတဲ့ ပြည်ပကနေတင်သွင်းတဲ့ ဓါတ်မြေသြဇာ မြေဆီဈေးတွေ အဆမတန် ဈေးတက်ကုန်တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတနှစ်ကြာမှ ပြည်ပကတင်သွင်းရတဲ့ ဓါတ်မြေသြဇာက မြေဆီတအိတ်ကို တသိန်းဈေးပေါက်နေတဲ့အတွက် တောင်သူလယ်သမားများစုဟာ မိမိတို့ပိုင် လယ်၊ ယာမြေတွေကို အပြည့်အဝမစိုက်တာ၊ တချို့လည်း အကုန်ကိုမစိုက်တော့ဘဲ ပ,လပ်မြေအဖြစ်နဲ့ လွှတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် မိမိပိုင်ယာမြေအားလုံးကို စိုက်ပျိုးခြင်းမရှိတော့ဘူးလို့ မကွေးတိုင်းအတွင်းက တောင်သူကြီးတဦးက အခုလိုပြောပါတယ်။

“ဒီနှစ်တော့ မြေသြဇာဈေးတွေ ကြီးတော့ တွက်ခြေမှမကိုက်တာ။ အရှုံးခံပြီးတော့ မလုပ်ဘူး၊ တကွင်းလုံးကို လွှတ်ပစ်တာ၊ အကုန်လွှတ်ထားတာ၊ မလုပ်ကြတော့ဘူး၊ လုပ်တဲ့လူကို မရှိတော့ဘူး။ ရတာနဲ့ ကုန်တာနဲ့ မကိုက်တော့ မလုပ်တော့ဘူး။”

အာဏာသိမ်းပြီး တနှစ်အကြာမှာ အစိုးရဘက်က စိုက်ပျိုးစရိတ် အမတော်ကြေးထုတ်ချေးတာလည်း ဒေသအတော်များများမှာ သိပ်မတွေ့ရတော့တာ၊ ဒါ့ပြင် ထွက်ကုန်သီးနှံတွေ ဈေးကောင်းမရရှိကြတာတွေကြောင့်
တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေတွေကို ပ,လပ်ပြီးထားတာဟာ ဥပဒေကြောင်းအရ မညီညွတ်တာသိပေမယ့် အရှုံးခံပြီး စိုက်ပျိုးမနေကြတော့ဘဲ စိုက်ပျိုးရေးကို စွန့်ခွာနေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က လူထုအုံကြွမှုကို အပြင်းထန်ဆုံး၊ အရက်စက်ဆုံး ဖိနှိပ်လာခဲ့ရာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေအတွင်း ဧရာဝတီမြစ်အနောက်ပိုင်း မြို့နယ်တချို့မှာ လက်လုပ်တူမီးသေနတ်အပါအဝင် ရရာလက်နက်စွဲကိုင်ခုခံခဲ့ကြပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်တွေကလည်း ကျေးရွာတွေမီးရှို့တာအပါအဝင် စိုက်ပျိုးခင်းတွေကို ဖျက်ဆီးတာ၊ ရလာတဲ့သီးနှံတွေကို မီးရှို့တာတွေလုပ်တဲ့အတွက် အဲဒီဒေသတွေဘက်က စိုက်ပျိုးရေးလုပ်ငန်းတွေဟာ မရေမရာအခြေအနေမှာ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ကမ်းဘေးက ကနီမြို့နယ် ရွေးကောက်ခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က အခုလိုပြောပါတယ်။

" အခုဟာက စစ်ပွဲတွေက ဖြစ်နေတာဆိုတော့ လယ်ယာမြေတချို့ကတော့ မစိုက်ရဘူး။ ကွက်လပ်တွေအများကြီးကျန်ရစ်ခဲ့တယ်။ တချို့ဆိုလို့ရှိရင် လယ်တွေ ရိတ်သိမ်းရိတ်ဆဲတွေကို စစ်တပ်ကနေ မီးတွေဘာတွေရှို့သွားတာတွေ တွေ့ရတယ်။ စပါးပုံတွေမီးရှို့သွားတာတွေတွေ့ရတယ်။ အခုဟာကတော့ လေယာဉ်တွေနဲ့လာတော့ ပြေးရတာပေါ့ဗျာ။ အသက်လုပြေးရတာဆိုတော့ ရာနှုန်းပြည့်မလုပ်နိုင်ဘူး "

ချင်းပြည်နယ်မှာလည်း ဒေသအများအပြားမှာ စစ်အာဏာသိမ်းပြီးကတည်းက ဒေသခံ ချင်းတိုင်းရင်းသားတွေဟာ သူတို့ရဲ့မိရိုးဖလာ တောင်ယာလုပ်ငန်းကိုစွန့်ခွာပြီး အနီးဆုံး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်ကို ထွက်ပြေးကြရသလို အများအပြားဟာလည်း ပြည်တွင်းဒုက္ခသည် IDP တွေအနေနဲ့ တောတောင်တွေထဲမှာ ပုန်းအောင်းနေကြရပါတယ်။ တချို့လည်း တောင်ယာလုပ်ငန်းကို စစ်ကောင်စီတပ်တွေမသိအောင် ခိုးပြီး ပြန်လုပ်ကြတာတွေရှိပေမဲ့ တောင်ယာစပါးရိတ်သိမ်းခါနီးအချိန်မှာ မီးရှို့ဖျက်ဆီးခံကြရတာရှိတယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မှာလည်း ရှမ်းပြည်တောင်ပိုင်း RCSS/SSA နဲ့ မြောက်ပိုင်း SSPP/SSA ၂ ဖွဲ့တိုက်ပွဲတွေကြောင့်ရော တအောင်း ပလောင် TNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြားတိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်ကြဘ စစ်ပြေးနေကြရပါတယ်။ ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကေအင်ယူတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ကရင်ပြည်နယ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်မှာလည်း ဒေသခံတွေဟာ စိုက်ပျိုးရေးကိုစွန့်ခွာပြီး စစ်ပြေးနေကြရတဲ့ ဒေသခံတွေ များပြားလာနေပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း အဲဒီလို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တိုးတက်မှုတွေမရှိကြတဲ့အတွက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုကတော့ ၃၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန UNODC က ပြီးခဲ့တဲ့လက ထုတ်ပြန်ထားပါတယ်။ ဒါဟာဆိုရင် ဒေသတွင်း နိုင်ငံတွေကို အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]

















ဆက်စပ်သတင်းများ ...

XS
SM
MD
LG