သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ-ပေါက်တော ရေလမ်းခရီးသွားလာခွင့်ပိတ် 



စစ်တွေမြို့နယ် ဆပ်ရိုးကျချောင်းအတွင်းရပ်နားထားတဲ့ ရေယာဉ်များ။ (ဓာတ်ပုံ-သက်နိုင်/ဗွီအိုအေ)
စစ်တွေမြို့နယ် ဆပ်ရိုးကျချောင်းအတွင်းရပ်နားထားတဲ့ ရေယာဉ်များ။ (ဓာတ်ပုံ-သက်နိုင်/ဗွီအိုအေ)

[[Zawgyi/Unicode]]

ရခိုင်မြောက်ပိုင်းမှာ ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေ ပိတ်ပင်ကန့်သတ်မှုကို မြန်မာစစ်တပ်ဘက်က ထပ်တိုးလိုက်တာကြောင့် ဒေသခံခရီးသည်တွေ အခက်ကြုံနေရသလို စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဆုံးရှုံးထိခိုက်နေတယ်လို့ ပြောကြပါတယ်။ ဒေသခံစစ်တပ်က နှုတ်မိန့်နဲ့ ပိတ်ပင်နေတဲ့ ကန့်သတ်ချက်တွေဖြစ်ပြီး ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျမသိရတဲ့အတွက်လည်း လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလာသူတွေ အခက်တွေ့နေပါတယ်။ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအကြောင်းပြ ကန့်သတ်မှုတွေအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော် တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပစ်ခတ်မှုတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့ နယ်တချို့မှာ ကုန်းလမ်း ရေလမ်းတချို့ကို ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကတည်း စစ်ကောင်စီက ပိတ်ထားပါတယ်။ အခုတော့ ရခိုင်မြောက်ပိုင်းမှာ ပြေးဆွဲနေတဲ့ တခုတည်းသော စစ်တွေ ပေါက်တော ရေကြောင်းကို မြန်မာစစ်တပ်ဘက်က ထပ်မံ ပိတ်လိုက်တယ်လို့ ရွှေပြည်တန် မြန်ယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောပါတယ်။

“ အခုထပ်ပိတ်တာကတော့ စစ်တွေ-ပေါက်တောကို ထပ်ပိတ်တာပါ။ စာနဲ့ ပိတ်တာတော့ မဟုတ်ဘူး။ နှုတ်နဲ့ ပိတ်တာပေါ့နော်၊ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာလည်းမပြောဘူး။ အခု ဆွဲခွင့်ပြုထားတာကတော့ စစ်တွေ- ကျောက်ဖြူ- ရမ်းဗြဲ- တောင်ကုတ်- မာန်အောင် ပေါ့နော်။”

ရခိုင်ပြည်နယ်ရဲ့တခုတည်းသော ရေကြောင်းပြေးဆွဲနေတဲ့ရွှေပြည်တန်အမြန်ယာဉ်ဟာ စစ်တွေကနေ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်တွေကို ပြေးဆွဲနေတာဖြစ်ပါတယ်။ အခုလို ကန့်သတ်လိုက်တဲ့အတွက် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်တွေကိုသာ ပြေးဆွဲခွင့်ရှိပါတော့တယ်။

လက်ရှိ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီက ကန့်သတ်ထားတာဟာ ရွှေပြည်တန်အမြန်ယာဉ်တခုတည်းမဟုတ်ပဲ တခြားခရီးသွားနေတဲ့ ရေယာဉ်တွေအကုန်လုံးကို ကန့်သတ်ထားတယ်လို့လည်း ပေါက်တောမြို့နယ်က ကုန်သည်တဦးကပြောပါတယ်။

“ မနေ့က စလို့ ရွေပြည်တန်လည်းမထွက်ရဘူး။ လိုင်းဘုတ်တွေလည်း မထွက်ရဘူး။ ဘုတ်သေးသေးလေးတွေလည်းမထွက်ရဘူး။ ကျန်းမာရေးအတွက်တောင်မထွက်ရဘူး။ မနေ့ကဆိုရင် အရေးပေါ်ဖြစ်လို့ ဆေးရုံကိုသွားတာ မသွားရလို့ ပြန်လှည့်လာရတယ်၊ ဒီလိုမျိုးအခက်အခဲတွေ ကြုံရတယ်ဗျာ၊ သူတို့ကဘယ်လိုလဲမသိဘူး AAကို မကြေနပ်တာနဲ့ ပြည်သူတွေကိုပဲ ဒုက္ခပေးနေတာ။”

စစ်တွေနဲ့ ပေါက်တောမြို့နယ်ကို သွားတဲ့ မြစ်ထဲမှာ ရပ်တန့်ထားတဲ့ မြန်မာစစ်တပ် ရေတပ်သင်္ဘောပေါ်ကနေလည်း ကုန်သည်တွေဆီကနေ ငွေတောင်းတာတွေ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ စစ်တွေ ပေါက်တော ကုန်စည်ပို့ဆောင်နေတဲ့ ကုန်သည် တဦးကပြောပါတယ်။

“ ရေလုပ်သားတွေ ငါးတွေ ဘာတွေ စစ်တွေကိုသွားရောင်းလို့ရှိရင် သူတို့က ငါးတွေကို စိတ်ကြိုက်ယူတယ်ဗျာ ပြီးတော့ ပိုက်ဆံလည်း ငွေနှစ်သောင်း တခါတလေ ၃ သောင်းပေး ရတယ်။ သူတို့ခေါ်တဲ့အချိန် နေဗီမှာ ဘုတ်ကပ်တာ နည်းနည်းလောက် ထိသွားရင် စက်လှေပေါ်ကလူကိုခေါ်ပြီးတော့ ပါးရိုက်တယ်၊ သတ်တယ်။”

အခုလို မြန်မာစစ်တပ်ဘက်က ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာခွင့်တွေကို ပိတ်ပင်ထားတာဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေးကြေငြာစာတမ်းပါ အပိုဒ် ၁၃ကို ချိုးဖောက်နေတာဖြစ်ပြီး ဒေသခံတွေအတွက် အခက်အခဲရှိနေတာကြောင့် ပြန်ဖွင့်ပေးသင့်တယ်လို့လည်း ရခိုင်လူ့ အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

“ပြောချင်တာကတော့ တိုက်ပွဲဖြစ်တာ ဖြစ်တာတပိုင်းပေါ့နော်။ သူတို့အချင်းချင်း နှစ်ဘက်တိုက်ပွဲ ဖြစ်ဖြစ်၊ လှမ်းနေတာပဲဖြစ်ဖြစ် ခရီးသွားလာခွင့်တွေကို ပိတ်ပင်တယ်ဆိုတော့ ဒီတိုက်ပွဲမဖြစ်တဲ့နေရာကလူတွေက စားရေးသောက်ရေး၊ သွားရေးလာရေး၊ ကျန်းမာရေးအတွက်ကော အခက်အခဲရှိမယ်။ ဒုက္ခရောက်မယ်။ မဖြစ်သင့်တဲ့ဟာတွေ ဖြစ်မယ်၊ ကျန်း မာရေးနဲ့ဆိုရင်လည်း အရေးတကြီးဖြစ်နေပြီးသွားမယ်ဆိုရင် သွားလို့မရဘူး။ အသက်တောင် ဆုံးရှုံးသွားမယ့်စစ် အနေအထားဖြစ်မယ်။ အဲလိုတွေမဖြစ်ရအောင် သွားရေးလာရေးတွေကို ခွင့်ပြုသင့်တယ်။”

တကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်သယ်ယူခွင့်တွေ၊ ခရီးသွားလာခွင့်တွေကို မြန်မာစစ်တပ်ဘက်က ပိတ်ပင်ကန့်သတ်နေတာဖြစ်ပါတယ်။ အခုလို ခရီးသွားလာခွင့်ပိတ်ထားတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူတွေဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]













XS
SM
MD
LG