ယီမင်နိုင်ငံမှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေသူ သန်းပေါင်းများစွာ အတွက် အစားအစာနဲ့ အဟာရဆိုင်ရာ အရေးပေါ် အစီအစဉ်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အပြင်း အထန် လုပ်ဆောင်နေပါတယ်။ သုံးနှစ်ကျော်ကြာ တိုက်ပွဲတွေဖြစ်နေတာကြောင့် စီးပွားရေးနဲ့ ကျန်းမာရေး စနစ်တွေ ပျက်စီးလုနီးနေပြီဖြစ်တဲ့အတွက် ယီမင်အခြေအနေဟာ ဆက်ပြီး ပိုဆိုးလာနေတယ်လို့ WFP က သတိပေးပါတယ်။ ဂျီနီဗာကနေ Lisa Schelin ပေးပို့တဲ့ သတင်း လွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ယီမင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလို့ WFP က ပြောပါတယ်။ လူဦးရေရဲ့ သုံးပုံနှစ်ပုံ လူပေါင်း ၁၈ သန်းလောက်ဟာ နောက်တနပ်စားစရာ ဘယ်ကရမယ် ဆိုတာ မသိကြဘူးလို့လည်း WFP အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံရဲ့ အရေးပါတဲ့ Hodeidah ဆိပ်ကမ်းမြို့ကို ဟူူသီသူပုန်တွေ လက်ထဲကနေ ပြန်သိမ်းဖို့ အရှိန်မြှင့်တိုက်ခိုက်နေတာကြောင့် အခြေအနေတွေ ပိုဆိုးလာမယ်လို့လည်း WFP က သတိပေးပါတယ်။ ဇွန်လ ကတည်းကဆိုရင် လူပေါင်း ၅ သိန်းကျော် အိုးအိမ်စွန့် ထွက်ပြေးသွားကြရပြီ လို့လည်း ပြောပါတယ်။
လူအမြောက်အများ အိုးအိမ်မဲ့ဖြစ်နေချိန်မှာပဲ ယီမင်နိုင်ငံသုံးငွေကြေးက ဆိုးဆိုးရွားရွားကို တန်ဖိုးကျသွား တာကြောင့် အခြေခံ စားကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်သွားတယ်လို့ WFP ပြောခွင့်ရ Herve Verhoosel ကပြောပါတယ်။
“ဒီအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်ထပ် ယီမင်နိုင်ငံသား ၃ သန်းခွဲ၊ စုစုပေါင်း လူ ၁၂ သန်းနီးပါးဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးလုနီး အခြေအနေမျိုးကို ရောက်သွားတာ တွေ့ရပါလိမ့်မယ်။”
ယီမင်အစိုးရကို ပံ့ပိုးပေးတဲ့အနေနဲ့ ၂၀၁၅ ခုနှစ် မတ်လကစပြီး ဟူသီသူပုန်တွေကို ဆော်ဒီ အာရေးဘီးယားက ဗုံးကျဲတိုက်ခိုက် ချိန်ကတည်းကဆိုရင် ကလေးငယ်အများအပြားပါဝင်တဲ့ အရပ်သား ၁ သောင်း ၆ ထောင် ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ ကြပြီးပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အဆိုးရွားဆုံး ဖြစ်ရပ်တခုမှာ ဆိုရင် ပြီးခဲ့တဲ့သြဂုတ်လက ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတခုမှာ ဘတ်စ်ကားတစင်းကိုမှန်ပြီး ကလေးငယ် အယောက် ၄၀ အပါအဝင် လူ ၅၀ သေဆုံးခဲ့ရပါတယ်။
ယီမင်ကလေးငယ် ၄ သိန်းလောက်ဟာ အရမ်းကိုဆိုးရွားတဲ့ အဟာရမပြည့်ဝမှုဒဏ်ကို ခံစားနေကြရပြီး ၂ သန်း နီးပါးက ဆိုးရွားတဲ့ အဟာရမပြည့်ဝမှုဒဏ်ကို ခံစားနေကြရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ပြောပါတယ်။ အစားအစာမရှိတာနဲ့ အသက်ကယ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်တဲ့အခြေအနေ မရှိတာ ကြောင့် ကလေးငယ်တွေ နေ့စဉ်လို သေဆုံးနေကြရ တယ်လို့လည်း ပြောပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း Hodeidah မြို့တွင်းနဲ့ပတ်ပတ်လည်မှာ တိုက်ပွဲတွေပိုဖြစ်လာပါတယ်။ အဲဒီအခြေအနေ အောက်မှာပဲ လူသားစာနာမှု အကူအညီပေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ WFP က ပြောပါတယ်။