ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ သိသာထင်ရှားတဲ့ ထိရောက်မှုတွေရှိနေပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ မဟာဗျူဟာမြောက် မှားယွင်းမှုဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားရဲ့ တချို့ စီးပွားရေးကဏ္ဍတွေဟာ မျှော်လင့်ထားတာထက် ပိုပြီးခံနိုင်ရည်ရှိတာကို တွေ့ရပေမယ့် သူမြင်သိရသလောက် ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ အင်မတန် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ရုရှားဟာ အခုချိန်မှာ ကြီးမားတဲ့ ဘတ်ဂျက်လိုငွေပြမှုနဲ့ ရင်ဆိုင်နေရပါတယ်လို့ G-20 စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ရဲ့ ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် အိန္ဒိယနိုင်ငံ Bengaluru မြို့ကို ရောက်နေတဲ့ ဝန်ကြီး Yellen က ပြောပါတယ်။
နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်လက်နက်အသစ်တွေ ထုတ်လုပ်နိုင်ရေးအတွက် ရုရှားဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ဥပမာအားဖြင့် ယူကရိန်းစစ်ပွဲအတွင်း ပျက်ဆီးသွားတဲ့ တင့်ကား ၉ ထောင်လောက်ကို ပြင်ဆင်ဖို့ အခက်အခဲ ရှိနေကြောင်း ဝန်ကြီး Yellen က သတင်းထောက်တွေကို ထောက်ပြပြောပါတယ်။
ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ရုရှားနိုင်ငံက သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံကနေ ထွက်ခွာသွားကြသလို ရုရှားမှာရှိနေတဲ့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေလည်း အလုံးအရင်းနဲ့ ထွက်ခွာသွားကြပြီလို့ ဝန်ကြီး Yellen က ပြောပါတယ်။
[Unicode]