သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင် လေ့လာ


ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Yanghee lee ရန်ကုန်မြို့ အကျဉ်း ဦးစီးဌာန (အင်းစိန်)သို့ သွားရောက်၍ အကျဉ်းဦးစီးဌာန (အင်းစိန်) ဒုတိယ ညွှန်ကြားရေးမှူး များနှင့်တွေ့ဆုံ(MOI)
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Yanghee lee ရန်ကုန်မြို့ အကျဉ်း ဦးစီးဌာန (အင်းစိန်)သို့ သွားရောက်၍ အကျဉ်းဦးစီးဌာန (အင်းစိန်) ဒုတိယ ညွှန်ကြားရေးမှူး များနှင့်တွေ့ဆုံ(MOI)

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ပြည်နယ် သုံးပြည်နယ်ကို သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ရန်ကုန်မြို့ အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ရန်ကုန်မြို့မှာပဲ လူ့အခွင့်အရေးကော်မရှင်၊ သတင်းမီဒီယာကောင်စီတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ခရီးစဉ်တစ်လျှောက်လိုက်ပါနေတဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ခရီးစဉ်ကို အခုလို ပြောပြပါတယ်။

“ဒီနေ့အင်းစိန်ထောင်သွားတယ်။ နောက်ပြီးတော့ မြန်မာလူ့အခွင့်အရေးကော်မရှင်နဲ့တွေ့တယ်။ နောက်ပြီး မီဒီယာကောင်စီနဲ့တွေ့ပါတယ်ခင်ဗျ။ အင်းစိန်ထောင်ကတော့ မနက် ၉ နာရီလောက်က လူ့အခွင့်အရေးကော်မရှင်ကတော့ ၁၁ နာရီကျော်ကျော်လောက်က။ နောက်တခါ မီဒီယာကောင်စီကတော့ ၂ နာရီခွဲလောက်က တွေ့ပါတယ်။”

Yanghee lee မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေး (MOI)
Yanghee lee မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေး (MOI)

Ms. Yanghee Lee ဟာ ကချင်ပြည်နယ်မှာတုန်းက မြစ်ကြီးနားထောင်ကို သွားရောက်ခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာလည်း အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့တာပါ။ ထောင်တွေမှာ လေ့လာတွေ့ရှိရတဲ့အခြေအနေတွေ၊ ခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က အခုလိုပြောပါတယ်။

“သူကထောင်ထဲမှာတွေ့လာတဲ့အကြောင်းတွေဆွေးနွေးပါတယ်။ နောက်ပြီးတော့ camp တွေ ဒုက္ခသည် camp တွေပေါ့နော်၊ နေရာရွေ့ပြောင်းလာတဲ့ camp တွေမှာ တွေ့ရတာလေးတွေ ပြောပါတယ်။ ကျန်တာတော့ တပ်တော်တို့ ၊ ရဲတို့ ၊ တိုင်းနဲ့ပြည်နယ်တွေမှာ promotion လုပ်တဲ့အကြောင်းတွေ တင်ပြပါတယ်။ ကျနော်တို့လည်း ထောင်တွေ ထိန်းသိမ်းရေးစခန်းတွေသွားစစ်တယ် ဆိုတဲ့အကြောင်း ပြန်တင်ပြပါတယ်ခင်ဗျ။ သူ့ဘက်ကတော့ ထောင်ထဲမှာ တွေ့ခဲ့တဲ့ဟာတွေပဲ သူပြောပါတယ်။”

Yanghee lee သတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံ (MOI)
Yanghee lee သတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံ (MOI)

လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကို လေ့လာသွားခဲ့တယ်လို့ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။ စာနယ်ဇင်းကောင်စီဘက်ကလည်း လတ်တလောဖြစ်ပွားနေတဲ့ 7 Day Daily သတင်းစာကို စစ်တပ်က တရားစွဲဆိုနေတာတွေ အပါအဝင် သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ ဦးသီဟစောက အခုလို ပြောပါတယ်။

“အဓိကတော့ ဒီမှာဖြစ်နေတဲ့ 7 Day ကိစ္စတို့ BBC သတင်းသမားကိစ္စတွေကို ရှင်းပြပါတယ်။ ဒါပေမယ့် အဲဒီမှာ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာ ဥပဒေအရ ဆောင်ရွက်ခွင့်မရဘူးလို့ပြောဆိုကြတယ်။ ထုံးစံကတော့ ကိစ္စဖြစ်ရင် News Media Law သတင်းမီဒီယာ ဥပဒေအရ သတင်းမီဒီယာကောင်စီ ကိုတိုင်ကြားလို့ရတယ်။ တိုင်ကြားပြီးတော့ complain committee ကဖြေရှင်းပေါ့နော်။ အဲလိုမဖြစ်ပဲနဲ့ ဒီအတိုင်းပဲ တန်းသွားကြတဲ့အခါကျတော့ အခုလိုအမှုမျိုးတွေလည်းရှိတယ်။ အဲဒီကိစ္စတွေပြောပြတာပေါ့။ သတင်းမီဒီယာဥပဒေကို ဒီထက်ပိုပြီးတော့ဆောင်ရွက်စေချင်တယ်။ ကျေနော်တို့လည်း ပြင်ချင်တယ်၊ ပြင်စရာတွေရှိတယ် အဲဒါကိုပဲ သုံးကြစေချင်တယ် အဲဒါကိုပြောတယ်။ နောက်ပြီးတော့ သတင်းသမားတွေရဲ့ capacity ကိုမြင့်တင်ဖို့လုပ်စရာတွေရှိတယ် အဲဒါကိုကူညီပါပေါ့ ။”

ဒါ့အပြင် ပဋိပက္ခအတွင်း သတင်းလိုက်ယူတဲ့ အခြေအနေတွေ ကိုလည်း ဆွေးနွေးဖြစ် ခဲ့တယ်လို့ ဦးသီဟစောက ပြောပါတယ်။

Ms Yanghee Lee ဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အားလုံးအပြီး ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားမှာပါ။ အဲ့ဒီနောက် ခရီးစဉ်မှာ လေ့လာတွေ့ရှိတဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို အစီရင်ခံစာတရပ်ရေးပြီး စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG