မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မှာတော့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအပါအဝင် စစ်ဘေးရှောင်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။
ဒီနေ့ မနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ခရီးစဉ်ကို ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။
" ဒီနေ့ကတော့ ကျနော်တို့မြစ်ကြီးနားရောက်နေပါပြီ။ မနက်ကတော့ အစိုးရအဖွဲ့နဲ့တွေ့ပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရ အဖွဲ့နဲ့တွေ့တယ်။ အခုကတော့ ကျနော်တို့ ဒုက္ခသည်စခန်းမှာပါ။ ဒီ့မတိုင်ခင်ကတော့ မြစ်ကြီးနားထောင်ကိုရောက်တယ်။ အခုကတော့ ဒုက္ခသည်စခန်းတခုရောက်နေပါတယ်။"
ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့အခါမှာ Ms Yanghee Lee အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားမြို့မှာ သေဆုံးခဲ့ရတဲ့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်ရဲ့ ကိစ္စကို မေးမြန်းခဲ့ပါတယ်။
အဲ့ဒီနောက် မြစ်ကြီးနားမြို့နယ်အတွင်းမှာရှိတဲ့ ဇီးလွန် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ကို သွားရောက်ခဲ့တာပါ။ စခန်းကို လှည့်လည်ကြည့်ရှုပြီး ဒုက္ခသည် ၁၀ ဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ စခန်းကော်မတီဝင် ဒေါ်လုဆန်က အခုလို ပြောပါတယ်။
" အော် လာပြီးမှ ကမ့်တွေ လိုက်ပတ်ကြည့်တယ်။ နောက်ပြီးမှ ကမ့်က လူကြီးပိုင်းပေါ့နော် လူကြီးပိုင်းတွေကို ယောက်ျားငါးယောက်၊ မိန်းမငါးယောက် ဆယ်ယောက်ကို အခုအဆင်ပြေလား။ ဘယ်လိုနေနေကြလဲ။ ဒါမျိုးပဲ မေးတယ်တဲ့။"
Ms Yanghee Lee ဟာ ညနေပိုင်းမှာတော့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ မဒီရာဟိုတယ်မှာ ၁ နာရီခန့်တွေ့ဆုံပြီး ဖားကန့်ဒေသမှာ သယံဇာတတွေ အလွန်အကျွံတူးဖော်နေတဲ့အရေး အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေအရေး ဆွေးနွေးခဲ့ပါတယ်။
ပါဝင်တွေ့ဆုံခဲ့တဲ့ ကချင်အမျိုးသမီးများကွန်ယက်က ဒေါ်နန်ပူကတော့ တိုက်ပွဲတွေကြားက အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် တင်ပြခဲ့တယ်လို့ အခုလို ပြောပါတယ်။
"ကျမကတော့ IDP နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်မှုပေါ့နော်။ ၂၀၁၁ ကနေ ဒီနေ့အထိ အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေရှိတယ်။ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုရှိတယ်။ အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုတွေရှိတယ် ဆိုတဲ့အကြောင်းရယ် ပြီးတော့ အဲ့ဒီ့အပေါ် မူတည်ပြီးတော့ ကေ့စ်သုံးခုလေးခုကို ကျမပြောပြတယ်။ အဖြစ်အပျက်ပေါ့နော်။ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အရာတွေကိုပြောပြတယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ recommendation လည်း တောင်းလိုက်တယ်။ recommendation ကတော့ ဒီစစ်ကို ရပ်ဖို့အတွက် ပြီးတော့ ရွာဘေးမှာ ရှိတဲ့ စစ်စခန်းတွေကို ဆုတ်ပေးဖို့အတွက်ကို ပြောပေးပါပေါ့နော်။ ဒီကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ လုပ်ပေးပါဆိုတာကို ကျမပြောတယ်။"
မနက်ဖြန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သွားရောက်မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ရန်ကုန်မြို့မှာပဲ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ Ms Yanghee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်အားလုံးအပြီးမှာတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားဖို့လည်းရှိပါတယ်။