ကမ္ဘာတဝန်း လူပေါင်း ၇၁ သန်းနီးပါးဟာ စစ်ပွဲ၊ ဖိနှိပ်အုပ်ချုပ်မှုနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြ ရတယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ ကပြောပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ ဒုက္ခသည်နေ့ မတိုင်ခင် ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီလိုပြောထားတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ မှာ UNHCR ကို ဖွဲ့စည်းခဲ့ချိန် ကတည်းကဆိုရင် အခု ဒုက္ခသည်အရေအတွက်ဟာ အများဆုံးပဲလို့လည်း UNHCR ကပြောပါတယ်။ Zlatia Hoke ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူမျိုးစုချင်း တိုက်ခိုက်ကြတာကြောင့် ဇွန်လအစောပိုင်းကတည်းက ဆိုရင် လူပေါင်း ၃ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ စိုက်ပျိုးရေးလုပ်သူတွေနဲ့ မွေးမြူရေးလုပ်သူတွေကြားဖြစ်တဲ့ ပဋိပက္ခတွေ ကြောင့် ပြီးခဲ့တဲ့တပတ်ထဲမှာတင် လူပေါင်း ၁၆၀ ကျော်သေဆုံးရတယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
စိုက်ပျိုးရေးလုပ်သူတွေနဲ့ မွေးမြူရေးလုပ်သူတွေကြားဖြစ်တဲ့ ပဋိပက္ခတွေ ကြောင့် ပြီးခဲ့တဲ့ တပတ်ထဲမှာတင် လူပေါင်း ၁၆၀ ကျော်သေဆုံးရတယ်လို့ UNHCR ပြောခွင့်ရ Babar Baloch က ပြောပါတယ်။
“ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ အိုးအိမ်စွန့်ပြေးတာ ဆက်ဖြစ်နေတာနဲ့အမျှ Albert ကန်ကြီးကိုဖြတ်ပြီး ယူဂန်ဒါဘက်ကို ထွက်ပြေးသူတွေ ပိုများလာမယ့်အရေး စိုးရိမ်ရပါတယ်။”
အိုးအိမ်စွန့်ပြေးရသူ အများစုက သူတို့အိမ်တွေဆီပြန်ရဖို့ မျှော်လင့်ကြပါတယ်။ ဂျော်ဒန်က ဒုက္ခသည် စခန်းတခုမှာ သူတို့ဘဝ အများစုအချိန်တွေ ကုန်ဆုံးခဲ့ရပြီးသား ပါလက်စတိုင်း ဒုက္ခသည်တွေတောင်မှပဲ အိမ်ပြန်ဖို့ မျှော်လင့်နေကြဆဲပါ။
ဂျော်ဒန်က ဒုက္ခသည်စခန်းတခုမှာ သူတို့ဘဝ အများစုအချိန်တွေ ကုန်ဆုံးခဲ့ရပြီးသား ပါလက်စတိုင်းဒုက္ခသည် Mohammed Diab လို လူမျိုးတွေတောင်မှပဲ အိမ်ပြန်ဖို့ မျှော်လင့်နေကြဆဲပါ။
“ကျနော်တို့အမိမြေကို စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနာဂတ် မျိုးဆက်တွေက လက်လျှော့မှာမဟုတ်ပါဘူး။ ကျနော်တို့ သေသွားလည်း တခြားလူတွေ ရှိတာပဲလေ … ဟုတ်တယ်မလား …”
ဒါပေမယ့် အိမ်ပြန်ခွင့်ရသွားတဲ့ အရေအတွက်က သိပ်နည်းလွန်းပြီး ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်ဖြစ်လာတာနဲ့အမျှ ဒုက္ခသည်တွေလည်း ထပ်တိုးလာပါတယ်။ ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ပြေးသူ လက်ရှိ အရေအတွက်ဟာ ပြင်သစ်နိုင်ငံ လူဦးရေနီးပါး ရှိနေပါပြီ။ ဒုက္ခသည်အများစုဟာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာနိုင်ငံတွေကပါ။
UNHCR နယူးယောက်ရုံးခွဲရဲ့ ဒါရိုက်တာ Ninette Kelley က
“အဲဒီနိုင်ငံတွေကိုကြည့်မယ်ဆိုရင် အာဖဂန်နစ္စတန်မှာရော ဆိုမာလီ ယာမှာပါ နှစ် ၄၀ ကျော်ကာလအတွင်း အိုးအိမ်စွန့်ပြေးတာက ထပ်ထပ်ပြီးဖြစ်နေတာပါ။”
အီသီယိုးပီးယားနဲ့ ကင်မရွန်းလို တချို့နိုင်ငံတွေမှာ ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ပြေးတာတွေ ထပ်ခါတလဲလဲဖြစ်ရတာက လူမျိုးစု ပဋိပက္ခတွေကြောင့်ဆိုပေမယ့် တချို့နေရာတွေမှာက မကြာသေးခင်ကမှ ဖြစ်လာတာလို့ Ninette Kelley ကပြောပါတယ်။
“တခြားကြီးမားတဲ့ အခြေအနေကတော့ ဗင်နီဇွဲလားပါပဲ။ ၂၀၁၅ ခုနှစ်ကတည်းကဆိုရင် လူပေါင်း ၄ သန်းကျော် ထွက်ပြေးခဲ့ရပြီးပါပြီ။”
အခုဆိုရင် ကိုလမ်ဘီယာမှာ စာရင်းသွင်းထားတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၁.၃ သန်းရှိပြီး ပီရူးမှာ ၈ သိန်းလောက်ရှိပါတယ်။ တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်နိုင်ငံတွေမှာတော့ ဆီးရီးယားနိုင်ငံသားအများစု ခိုလှုံနေပါတယ်။
တချို့နိုင်ငံတွေမှာ ပြည်ပဒုက္ခသည်တွေ ရှိနေရုံသာမက သူတို့ပြည်တွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒေသခံလူထုလည်း ရှိနေတာပါ။
လူအများစုဟာ နောက်ဆုံးနည်းလမ်းအနေနဲ့ အိုးအိမ်စွန့်ထွက်ပြေးကြတာဖြစ်ပြီး ဗဟိုအမေရိကန်ဒေသကလူတွေ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို အမြောက်အများထွက်ပြေးကြတာမှာ ဒီအချက်က အဓိကပဲလို့ Kelley ကပြောပါတယ်။
“သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေတွေကတော့ အိမ်နီးချင်းတွေကို ဒါမှမဟုတ် ကိုယ့်ရပ်ကွက်ကို ပြိုင်ဘက်ဂိုဏ်းတွေက ထိန်းချုပ်ထားတာမျိုးပါ။ လူငယ်တဦးအနေနဲ့ ဂိုဏ်းတခုထဲဝင်ပြီး တခြားလူတွေကို သတ်မလား ဒါမှမဟုတ် ကိုယ့်ကိုလာသတ်တာ ခံမလားဆိုတာ ရွေးဖို့ပါပဲ။ အမျိုးသမီးငယ်တဦး အနေနဲ့ကတော့ လူမှောင်ခိုကူးခံမလား ဒါမှမဟုတ် လိင်ပိုင်းမတော်မတရားလုပ်တာ ခံမလားဆိုတာပဲ ရွေးစရာရှိပါတယ်။”
လူတွေ အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လုံခြုံရေးပိုင်း တိုးတက်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက ရင်းနှီး မြှုပ်နံှလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။