ဇွန်လ ၁၅ ရက် သောကြာနေ့ကကန်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေမှာ ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ အုပ်စု B က ပေါ်တူဂီ နဲ့ စပိန်တို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီးတဲ့နောက် တဘက် သုံးဂိုးစီနဲ့ သရေကျသွားပါတယ်။
ပွဲစပြီး ၄ မိနစ်အတွင်းမှာပဲ ပေါ်တူဂီအသင်း ပန်နယ်လ်တီရပြီး ရိုနယ်လ်ဒို ကန်သွင်း တာကြောင့် အဖွင့်ဂိုး အရင်ရပါတယ်။ ဒီဂိုးဟာ လက်ရှိအချိန်အထိ ကစားပြီးသမျှ ပွဲတွေထဲ အမြန်ဆုံးရတဲ့ဂိုး ဖြစ်သွားပါပြီ။ အဲဒီနောက် ၂၄ မိနစ်မှာ စပိန်အတွက် ချေပဂိုး ကို Costa က ၂၄ မိနစ်မှာ သွင်းယူူပါတယ်။
ပထမပိုင်း ၄၄ မိနစ်မှာ ရိုနယ်လ်ဒိုပဲ ကန်သွင်းတဲ့ဘောလုံးကို စပိန်ဂိုးသမား de Gea ဖမ်းလိုက်ပေမဲ့လည်း အပိုင်မမိလိုက်ဘဲ ဝင်သွားတာကြောင့် ပေါ်တူဂီက ဒုတိယ ဦးဆောင်ဂိုး ပြန်ရသွားပါတယ်။
ဒုတိယပိုင်းစပြီးတဲ့နောက် ၅၅ မိနစ်မှာ Costa ကပဲ စပိန်အတွက် ဒုတိယချေပဂိုးကို သွင်းယူူပါတယ်။ နောက် ၃ မိနစ်အကြာ ၅၈ မိနစ်မှာ စပိန်အတွက် တတိယဂိုးနဲ့ ဦးဆောင်ဂိုးကို Nacho က သွင်းယူပါတယ်။
အဲဒီနောက် နာရီဝက်အကြာ ၈၈ မိနစ်မှာတော့ စပိန်ဂိုးစည်း အပြင်ဘက်လေးနားမှာ ပေါ်တူဂီရတဲ့ ပြစ်ဒဏ်ဘောကို ရိုနယ်လ်ဒ်က ကန်သွင်းပြီး ချေပဂိုးနဲ့အတူူ ဟက်ထရစ်ဂိုး သွင်းယူလိုက်တာကြောင့် တဘက် ၃ ဂိုးစီနဲ့ အဆုံးသတ်သွားတာပါ။
အစောပိုင်းကကန်တဲ့ အုပ်စု A က အီဂျစ်နဲ့ ဥရုဂွေးပွဲမှာ ဥရုဂွေးက တဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပါတယ်။ ဥရုဂွေးအတွက် တလုံးတည်း သော အနိုင်ဂိုးကို ၈၉ မိနစ်မှာ Gimenez က သွင်းယူတာပါ။
အုပ်စု B က မော်ရိုကိုနဲ့ အီရန်ပွဲမှာတော့ မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို ၆ မိနစ်ပေးတာမှာ ၅ မိနစ်အရောက် မော်ရိုကို အသင်းက Bouhaddouz ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့အတွက် အီရန်အသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဇွန်လ ၁၆ ရက်နေ့မှာ ကန်မယ့်ပွဲတွေကတော့ အုပ်စု C က ပြင်သစ်နဲ့ သြစတြေးလျ၊ အုပ်စု D က အာဂျင်တီးနားနဲ့ အိုက်စ်လန်၊ အုပ်စု C က ပီရူးနဲ့ ဒိန်းမတ်ပွဲတွေဖြစ်ပါတယ်။