သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်ပေါ်က မြန်မာ့အရေး


၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မိန့်ခွန်းပြောစဉ်။( စက်တင်ဘာ ၂၄၊ ၂၀၂၂၂)
၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai မိန့်ခွန်းပြောစဉ်။( စက်တင်ဘာ ၂၄၊ ၂၀၂၂၂)

ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံကြီးကို ၂၀၂၂၊စက်တင်ဘာလ (၁၃) ရက်နေ့ကစတင်ပြီး၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါရဲ့ အကန့်အသတ်တွေကြောင့် အွန်လိုင်းကတစ်ဆင့် အစည်းအဝေးတွေ ပြုလုပ်နေရာက သုံးနှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ခေါင်းဆောင်တွေ လူကိုယ်တိုင်တက်ရောက်ကြတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ အထွေထွေညီလာခံကြီးမှာ ကမ္ဘာ့ရေးရာအနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ စစ်ပွဲကိစ္စက လွှမ်းမိုးနေပေမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ကြတာ တွေ့ရပါတယ်။ ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က သူ့ရဲ့အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြား သတိပေးခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အခြေအနေတွေဟာ စိတ်ပျက်စရာပါ။ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ တနေ့တခြား ပိုဆိုးလာနေပါတယ်”

အမေရိကန်သမ္မတကြီး ဂျိုးဘိုင်ဒန်ကလည်း ”မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်အာဏာပိုင်တွေရဲ့ဆိုးရွားတဲ့ ဖိနှိပ်မှုတွေ၊ အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အမျိုးသမီးနဲ့မိန်းကလေးတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လာနေပါတယ်” လို့ စက်တင်ဘာ (၂၁) ရက်နေ့ကပြောကြားတဲ့ ကုလသမဂ္ဂမိန့်ခွန်းကို VOA က ဖော်ပြခဲ့ပါတယ်။

တူရကီသမ္မတနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ကလည်း မြန်မာ့အရေးကို ပြောကြားရာမှာ ရိုဟင်ဂျာအရေးကို အဓိကထား ပြောကြားခဲ့ကြပါတယ်။ အာဆီယံခေါင်းဆောင်တွေလည်း မြန်မာ့အရေးကို အလေးထားပြောကြားခဲ့ကြတာ တွေ့ရပါတယ်။ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး အကျပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တုံ့ပြန်ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် အလေးထားလုပ်ဆောင်မှု နည်းနည်းလေးမှ မရှိခဲ့ကြောင်း၊ မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ တုံ့ပြန်ဖြေရှင်းပုံတွေဟာ တော်တော်ကို ဝမ်းနည်းစရာကောင်းကြောင်း၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို လက်ရှောင်နေပြီး အာဆီယံအပေါ် ပုံချနေတယ်လို့ ပြောဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြပါတယ်။

နိုင်ငံခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂအဖွဲ့အစည်း အကြီးအကဲတွေ၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေနဲ့ မြန်မာနိုင်ငံထဲက ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေတွေအကြောင်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှာ တင်ပြခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလိုတင်ပြခဲ့ကြရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး Nadal Al-Nashif က လူ့အခွင့်အရေးကောင်စီရဲ့ (၅၁) ကြိမ်မြောက် ညီလာခံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလဲနိုင်ရေးအတွက် အရေးပေါ် လုပ်ဆောင်မှုတွေ လိုအပ်နေတယ်။ မြန်မာစစ်တပ်ဟာ အတိုက်အခံအင်အားစုတွေကို ပစ်မှတ်ထား တိုက်ခိုက်ရုံတင်မကဘဲ အတိုက်အခံတွေကို ထောက်ခံအားပေးတယ်လို့ ယူဆတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ တင်ပြခဲ့တာ တွေ့ရပါတယ်။

အခုလို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် ကုလသမဂ္ဂအကြီးအကဲတွေရဲ့တင်ပြချက်၊ ပြောကြားချက်တွေကို ကြည့်ရင်၊ မြန်မာနိုင်ငံတွင်းအခြေအနေတွေဟာ အလွန်ဆိုးရွားနေတာ ပေါ်လွင်လှပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖိနှိပ်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်သွားအောင် ဟန့်တားနိုင်ခြင်း မရှိပါဘူး။ စိုးရိမ်ကြောင်း အထပ်ထပ်ပြောနေပေမဲ့ လက်တွေ့မှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်တဲ့ ဟန့်တားမှုတွေ၊ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ဆိုရင် လုံခြုံရေးကောင်စီဟာ အဓိကကျပြီး၊ အရေးပါလှပါတယ်။

လုံခြုံရေးကောင်စီဆိုရာမှာလည်း ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားတို့ပေါ်မှာ တည်နေပါတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဖို့ဆိုရင် မှားတာ၊ မှန်တာ၊ တရားတာ၊ မတရားတာထက် ဆုံးဖြတ်ချက်တွေကို ဗီတိုသုံးပြီး ပယ်ချနိုင်တဲ့ တရုတ်နဲ့ ရုရှားတို့ ရပ်တည်ချက်
ပေါ်တည်နေတယ်ဆိုတာ အားလုံးအသိပါ။ ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကုလသမဂ္ဂရဲ့ လေးလံနှေးကွေးတဲ့ ဗျိုရိုကရေစီယန္တယား၊ အထူးသဖြင့် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လုံခြုံရေးကောင်စီမှာ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေး တင်သွင်းဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘယ်လို အဖြေ၊ ဘယ်လို ဆုံးဖြတ်ချက် ထွက်ပေါ်လာမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂစင်မြင့်မှာရော၊ နောက်
ကွယ်မှာပါ ရိုဟင်ဂျာအရေးဟာ အဓိကကျတဲ့ အကြောင်းရင်းတစ်ရပ်ဆိုတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။

အရှေ့တီမောသမ္မတ José Ramos-Horta ကတော့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စင်မြင့်ထက်ကနေ မြန်မာပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

”မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ်။ သစ္စာဖောက် ခံထားရတယ်လို့ ခံစားနေကြပါတယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည်အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကြတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက် အသေခံနေကြပါတယ်" လို့ ပြောဆိုခဲ့ကြောင်းပါ။

=== Unicode ====












XS
SM
MD
LG