(Zawgyi / Unicode)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်မှာ AIDS ရောဂါကို ပထမဆုံး စသိခဲ့ချိန်ကဆိုရင် အဲဒါဟာ သေဒဏ်ကျသလို အခြေအနေ ရောက်သွားတာပါပဲ။ အခုချိန်ထိ ဒီ AIDS ရောဂါ ပပျောက်မသွားသေးပေမယ့် ကုသလို့ရတဲ့ အဆင့်ကိုတော့ ရောက်လာပါပြီ။ AIDS ရောဂါ ကာကွယ်ကုသရေးမှာ တိုးတက်မှုတွေ ရထားပေမယ့်လည်း ကပ်ရောဂါဆိုးတခုအဖြစ် ဆက်ရှိနေတယ်ဆိုတာ လူတွေ သဘောပေါက် နားလည်စေဖို့ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ Carol Pearson ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
AIDS ရောဂါဆိုးကို သတိပြုကြပါ၊ စမ်းသပ်စစ်ဆေးကြပါ၊ ကာကွယ်တားဆီးကြပါဆိုတဲ့ အသိပေးချက်တွေနဲ့အတူ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ကို ကမ္ဘာတဝန်းမှာ နှစ်စဉ် အထိမ်းအမှတ် ပြုကြပါတယ်။ ဒီရောဂါကို ကာကွယ်တားဆီးဖို့ အလွယ်ကူဆုံးနည်းကတော့ လိင်ဆက်ဆံတဲ့အခါ အမြဲတမ်း condom သုံးတာပါပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ကျန်းမာရေးဝန်ကြီးတွေ ပထမဆုံး သတ်မှတ်ခဲ့ချိန်တုန်းက AIDS ရောဂါဖြစ်စေတဲ့ HIV ရောဂါပိုးဟာ တခြားရောဂါပိုးတွေနဲ့မတူဘဲ ကမ္ဘာတဝန်း ပျံ့နှံ့နိုင်တယ်ဆိုတာ နားလည်ခဲ့ကြပါတယ်။ Paul Kawata ဟာ အစောပိုင်းကာလကတည်းက AIDS ရောဂါဆိုင်ရာ တက်ကြွလှုပ်ရှားသူတဦး ဖြစ်ပါတယ်။
“အစောပိုင်းကာလတွေကတည်းက ကျနော်ပါခဲ့ပါတယ်။ ဒီရောဂါကိုတိုက်ဖျက်ဖို့ လုပ်ဆောင်ခဲ့သလို ကျနော်တို့ ချစ်ရသူ အများအပြားရဲ့ နာရေးကိုလည်း လုပ်ပေးခဲ့ရပါတယ်။”
Dr. Anthony Fauci ဟာလည်း ဒီရောဂါတိုက်ဖျက်ရေး အစောပိုင်းကတည်းက လုပ်လာသူပါ။ HIV ရောဂါပိုးကို ကုသနိုင်ဖို့ သူ ကြိုးစားခဲ့ပါတယ်။ ကုသရေးက ဘယ်လောက်ထိရောက်လာသလဲဆိုရင် ရောဂါပိုးရှိသူတဦးဟာ တနေ့ကို ဆေးတလုံးသောက်ရုံနဲ့ တခြား ဘယ်သူ့ဆီကိုမှ ရောဂါပိုးကူးစက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ရောဂါပိုးမရှိသေးသူတွေ မကူးစက်အောင် တားဆီးနိုင်တဲ့ Turvada ဆိုတဲ့ဆေးလည်း ပေါ်လာပါတယ်။ AIDS ရောဂါကို အဆုံးသတ်ဖို့က မခက်ပါဘူးလို့ Dr. Fauci က ပြောပါတယ်။
“ရောဂါပိုးရှိသူတွေအတွက် ကုသရေးကို ကြိုတင်ကာကွယ်ရေးအဖြစ် လုပ်ဆောင်တာနဲ့ ရောဂါပိုး ကူးစက်နိုင်ခြေ ရှိသူတွေအတွက် ဆေးသောက်တဲ့နည်းနဲ့ ကြိုတင်ကာကွယ်တာဆိုတဲ့ နည်းလမ်းနှစ်ခုကို အပြည့်အဝ အကောင်အထည် ဖော်မယ်ဆိုရင် သီအိုရီအားဖြင့် ဒီကပ်ရောဂါကို အလွယ်လေး အဆုံးသတ်နိုင်ပါတယ်။”
HIV ရောဂါပိုး ကူးစက်တဲ့ အရေအတွက်ဟာ ဒီဆေးဝါးတွေကြောင့် သိသိသာသာ ကျသွားပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းကဆိုရင် AIDS ရောဂါနဲ့ဆက်စပ်တဲ့ သေဆုံးမှုဟာ ၅၅% ကျော် ကျသွားပါတယ်။ ဒါပေမယ့် HIV ရောဂါပိုးရှိသူ ၆၀% လောက်ပဲ ဆေးသောက်ကြပါတယ်။
Kawata ဟာ AIDS ရောဂါတိုက်ဖျက်ရေး ကျန်းမာရေး တန်းတူညီမျှမှုနဲ့ လူမျိုးရေး တရားမျှတမှုတို့အတွက် လှုံ့ဆော်စည်းရုံးတဲ့ NMAC ဆိုတဲ့အဖွဲ့မှာ လုပ်ကိုင်နေပါတယ်။ လူတွေ ခွဲခြားဆက်ဆံခံရတဲ့ နေရာတိုင်းမှာ AIDS ရောဂါ ပြန့်ပွားတယ်လို့ သူက ပြောပါတယ်။
“ပထမဆုံးအနေနဲ့ ဒီရောဂါဟာ လူဖြူမဟုတ်သူတွေမှာ အဖြစ်များပါတယ်။ ဒုတိယအနေနဲ့ လိင်တူချစ်သူတွေ အဖြစ်များပါတယ်။ တတိယကတော့ ဆင်းရဲနွမ်းပါးသူတွေမှာ အဖြစ်များပါတယ်။”
အမေရိကန်မှာ HIV ရောဂါပိုးရှိသူ အများစုဟာ ဆင်းရဲနွမ်းပါးသူတွေပါ။ အမေရိကန်ကမဟုတ်တဲ့ ရောဂါပိုးရှိသူ အများစုကတော့ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ အလယ်အလတ် ဝင်ငွေအဆင့် နိုင်ငံတွေက ဖြစ်ပါတယ်။ နေရာတိုင်းက လူငယ်တွေမှာ အန္တရာယ်ရှိပါတယ်။ သူတို့ဟာ စစ်ဆေးစမ်းသပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆွေးနွေးအကြံပေးမှုတွေ မရသလောက်ပါပဲ။ ဒါကြောင့်လည်း ဒီရောဂါတိုက်ဖျက်ရေး ဆေးဝါးအပြင် တခြားတခုခုလိုတယ်လို့ Dr. Fauci က ပြောပါတယ်။
“ကာကွယ်ဆေးမရှိဘဲနဲ့တော့ HIV ရောဂါပိုးကို အပြတ်ရှင်းနိုင်မှာ မဟုတ်ပါဘူး။”
ကာကွယ်ဆေးဖော်ထုတ်ဖို့ လုပ်နေတာ အားရစရာကောင်းပေမယ့် လက်ရှိမှာ အကောင်းဆုံးကတော့ လူတွေ စမ်းသပ်စစ်ဆေးပြီး ရောဂါပိုးရှိသူတွေ ကုသမှုခံယူဖို့၊ ရောဂါပိုး ကူးစက်နိုင်ခြေရှိသူတွေကို Truvada ဆေးတိုက်ဖို့နဲ့ HIV ရောဂါပိုးကို နိုင်ငံရေး၊ ကိုယ်ကျင့်သိက္ခာ ဒါမှမဟုတ် လူမှုရေးကိစ္စလို့ မသတ်မှတ်ဘဲ ရောဂါပိုးတခုအဖြစ် သတ်မှတ်ဖို့တို့ပဲဖြစ်တယ်လို့ Dr. Fauci က ပြောပါတယ်။
------------------------------
(Unicode)