အနာဂတ်မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေတည်ဆောက်ဖို့၊ အကြမ်းဖက်မှုတွေတားဆီးဖို့နဲ့ တရားမျှတမှု ဖော် ဆောင်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးလှုပ်ရှားမှုတွေ ပိုပြီးပါဝင်လာဖို့ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ စက်တင်ဘာ ၂၁ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အဖွဲ့ဝင်တွေက နှိုးဆော်လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက နိုင်ငံရေးအမြတ်ထုတ် အသုံးချတာကို ခံနေရသလို မတူကွဲပြားတဲ့ တိုင်းရင်းသားတွေကြားမှာ လိင်နဲ့ အသားအရောင်ခွဲခြားမှုတွေ ဖိနှိပ်ချုပ်ခြယ်တာ တွေ ခံနေရတာကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကိုဦးတည်သွားနိုင်ဖို့ကြိုးစားဖို့လိုကြောင်း ဒီနေ့ စက်တင်ဘာ ၂၁ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ရန်ကုန်၊ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တောင်းဆိုလိုက်ပါတယ်။
အနှစ် ၇၀ ကျော်မှာ အုပ်ချုပ်ရေးစနစ်တွေအမျိုးမျိုးပြောင်းလဲခဲ့ပေမဲ့ မြန်မာတစ်နိုင်ငံလုံးက အမျိုးသမီးတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံမှာ ရရအလုပ်တွေလုပ်ကိုင်နေရပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့် ပြည် တွင်း ငြိမ်းချမ်းရေး ရရှိဖို့အဓိက ဆောင်ရွက်သင့်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုက အခုလိုပြောပါတယ်။
“ငြိမ်းချမ်းရေးစကားပြောဆိုမှုတွေရှိလာတယ်ဆိုတဲ့ နောက်ပိုင်းမှာတောင်မှ စစ်ပွဲတွေကဆက်ဖြစ်နေဆဲပါ။ အထူး သဖြင့်ကတော့ ကချင်ပြည်ဘက်မှာ ဖြစ်နေတာရှိတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတာရှိတယ်။ ပြီးရင် နောက်ပိုင်းမှာ ကရင်ဘက်မှာလည်းစစ်ပွဲတွေ ဆက်ဖြစ်နေတယ်ပေါ့။ ဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ စစ်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့က တခြားသောဥပဒေချိုးဖောက်မှုတွေကလည်း အများကြီဒ ဆက်ဖြစ်တယ်ပေါ့နော်။ ငြိမ်းချမ်းရေးရရှိဖို့ ဖော်ဆောင်နေတဲ့ ဒီလူတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး လိုလားမှု၊ နိုင်ငံရေး အရ အဖြေ ရှာတဲ့နေရာမှာ စိတ်ဆန္ဒဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ ကျမတို့ သုံးသပ် ပိုင်းခြား ဝေဖန်ရမှာဖြစ်ပါတယ်။”
အမျိုးသမီးတွေရဲ့ ကွဲပြားခြားနားမှုတွေကို အင်အားအနေနဲ့ အသုံးချလုပ်ဆောင်သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းတွေ မလွဲမသွေအောင်မြင်လိမ့်မယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်က တိုက် တွန်း ထားတာပါ။ လက်တွေ့အကောင်အထည်ဖော် နိုင်မယ့် ယန္တယားတွေနဲ့ အမျိုးသမီးတွေအပေါ် အကာ အကွယ်ပေးနိုင်မယ့် ဥပဒေတွေအားကောင်းဖို့လည်းလိုနေတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။
“ကျမတို့ ဥပမာပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေကိုကာကွယ်တဲ့ဥပဒေဆိုတာ မြန်မာပြည်မှာ မရှိသလောက် ပါပဲ။ မရှိပါဘူး။ ရာဇသတ်ကြီးကတော့ ဟိုးအင်္ဂလိပ်ခေတ်ကတည်းကသုံးလာပြီးတော့မှ အခုခေတ်နဲ့ ဘယ်လိုမှ ကိုက်ညီတဲ့ဥပဒေမဖြစ်တဲ့ အကြောင်း အရာတွေလည်းတွေ့ရတယ်ပေါ့နော်။ နောက်တစ်ခုက ကျမတို့ အခု အမျိုးသမီးတွေ အကြမ်းဖက်မှုအပေါ်မှာ ကာကွယ်တဲ့ ဥပဒေဆိုပြီး တော့မှ ကျမတို့ တောင်းဆိုနေပါတယ်။ အားလုံးကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီဥပဒေက ဘာဖြစ်လို့ကြန့်ကြာနေလဲ။”
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို ဒီမိုကရေစီလှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်လာတာကို တိုးမြှင့်ဖို့ရည်ရွယ်ပြီး ၁၉၉၉ ဒီဇင်ဘာ၉ ရက်မှာ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်မှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းခဲ့တာပါ။ အခုအဖွဲ့ဝင်ပေါင်း ၁၃ ဖွဲ့ ရှိနေပြီဖြစ်ပါတယ်။