လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်အသုံးပြုတာကို တိုက်ဖျက်တဲ့နေရာမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြတဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ Dr. Denis Mukwege နဲ့ လိင်အကြမ်းဖက်မှု ခံခဲ့ရသူ Yazidi အမျိုးသမီး Nadia Murad တို့ကို ၂၀၁၈ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တွေအဖြစ်ပူးတွဲ ချီးမြှင့်ဖို့ နိုဘဲလ်ဆုကော်မတီက ပြီးခဲ့တဲ့ သောကြာနေ့ကကြေညာခဲ့ပါတယ်။
ကမ္ဘာတဝှမ်း ပဋိပက္ခဖြစ်ပွါးရာဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက်နိုးကြားမှုရှိစေဖို့ ကြိုးပမ်းမှုကိုလည်း ခုလိုဆုချီးမြှင့်မှုက အထောက်အကူပြုရာလဲရောက်ပါတယ်။ ဒီနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်တွေရဲ့ တုန့်ပြန်ချက်တွေနဲ့အတူ သူတို့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။