(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ ထောင်နဲ့ချီ ရှိနေပြီး ဒီအထဲမှာ ဖမ်းဆီးပြီး ဘယ်ကို ခေါ်ဆောင်သွားတယ် ဆိုတာ မသိရတဲ့သူတွေ၊ မတရားသဖြင့် တရားစွဲဆိုခံထားရသူတွေ အများအပြား ရှိနေတယ်လို့ တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ ဒီလိုလူတွေ ပြန်လွတ်လာဖို့အတွက် သင့်အတွက် ရှေ့နေများအဖွဲ့က ဥပဒေရေးရာ အကြံဉာဏ်တွေ အခမဲ့ ပေးတာ၊ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်ပေးနေပါတယ်။ ဘာကြောင့် ခုလို ဆောင်ရွက်ဖြစ်တာပါလဲ။ ဘယ်လို အမှုတွေကို အဓိက လိုက်ပါ ကူညီပေးနေလဲ။ ဘယ်လိုအခြေအနေတွေ အဓိက ကြုံတွေ့ရသလဲ ဆိုတာတွေကို သင့်အတွက်ရှေ့နေများအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ဒေါ်သွယ်သွယ်စိုးတို့က မြန်မာနိုင်ငံမှာ အခု စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားလို့ အဖမ်းခံရတဲ့သူတွေကို အကျဉ်းထောင်တွေ၊ တရားရုံးတွေ၊ ရဲစခန်းတွေကိုသွားပြီး သူတို့နဲ့ပတ်သက်ပြီး အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒါကို ဘယ်လို စလုပ်ဖြစ်ကြသလဲ။ ဘယ်လိုပုံစံနဲ့ အကူအညီတွေ ပေးနေတယ်ဆိုတာ အရင်ဆုံး အကျဉ်းချုပ် ပြောပြပေးပါလားရှင့်။
“ဟုတ်ကဲ့ပါရှင့်။ ကျမတို့ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း (ဖေဖော်ဝါရီလ) ၂၆ ရက်နေ့မှာ ကျမတို့ထဲက ဆရာမ နှစ်ယောက်က အင်းစိန်ထောင်ရှေ့ကိုသွားတယ်။ သွားပြီးတော့မှ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိနေတယ်ပေါ့နော်။ ဒီလူတွေကို ကျမတို့တွေ ဘယ်လိုကူညီကြမလဲ လို့ သူတို့ တွေးမိတယ်။ တွေးမိတဲ့အချိန်မှာ အဲ့ဒီနားမှာဆိုရင် အရင်စနစ်အတိုင်းပဲပေါ့။ တံဆိပ်ခေါင်းတွေ၊ ဖောင်တွေ၊ တွေ့ခွင့်ရဖို့ လုပ်နေတာတွေကို တွေ့ရတယ်။ အဲ့ဒီလိုတွေ့ရတဲ့အတွက် ကျမတို့တွေက - သြော်… ပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံနေရတယ်။ ဒီလိုကြုံနေရချိန်မှာ ငါတို့ ဘယ်လိုကူညီကြမလဲ ဆိုပြီးတော့ စဉ်းစားကြတာပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ကျမတို့ကတော့ ငါတို့ နောက်နေ့ကျရင် လာမယ်။ ကိုယ့်အမှုသည်တွေကို အင်းစိန်ထောင်ရှေ့ပဲ ချိန်းလိုက်မယ်။ သူတို့ အင်းစိန်ထောင်ထဲမှာ အဖမ်းခံရသူတွေ အတွက် အဝတ်အစားတွေ၊ အစားအသောက်တွေ ပေးလို့ရရင်းနဲ့ ငါတို့ကိုပါ တခါတည်း တွေ့ပြီးတော့၊ ကျမတို့ကတော့ ဒီလို ဥပဒေ ဝန်ဆောင်မှုကို ပေးမယ်။ ပေးတဲ့အချိန်မှာလည်း ကျမတို့က ဒီခေတ်ကာလဖြစ်တဲ့အပြင် အရှေ့ပိုင်းမှာဆိုရင်လဲ ကိုဗစ်ကြောင့်မိုလို့ ပြည်သူတွေဟာ စီးပွားရေးကျပ်တည်းနေတယ်။ ဒါကြောင့်မိုလို့ အခမဲ့ ကူညီပေးမယ်ပေါ့။ စေတနာ မေတ္တာသက်သက်နဲ့ ကူညီပေးမယ် ဆိုပြီးတော့ အဲ့ဒီလိုစိတ်ဓာတ်နဲ့ ကျမတို့သူငယ်ချင်း သုံးယောက် အဲ့ဒီလိုမျိုး စုစည်းမိသွားတယ်။ ဒါလေးက ကျမတို့ ဒါကို စလုပ်ဖြစ်တဲ့အကြောင်းလေးပါ။”
အဓိက ဘယ်လို အကူအညီတွေကို ပေးရတာရှိပါသလဲ။ ဘယ်လိုအမှုတွေနဲ့ စွဲဆိုခံရတာ များပါလဲရှင့်။
“ဟုတ်ကဲ့။ ကျမတို့အနေနဲ့ ဖမ်းဆီးခံရသူတွေကို စပြီးဖမ်းဆီးတဲ့အချိန်မှာ ဘယ်နေရာမှာထားသလဲ။ ပြီးတော့ မိသားစုတွေက ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်လိုက်ရမလဲ မသိနေကြဘူး။ မသိနေတဲ့အတွက် ဒီမှာဆိုလို့ရှိရင် ဖမ်းဆီးပြီးတော့ တနေကုန် ဖမ်းဆီးထားတဲ့သူတွေကို ညဘက်အချိန်တွေကျရင် အင်းစိန်ထောင်ကို ပို့တယ်။ ပို့တဲ့အတွက်ကြောင့်မိုလို့ နောက်နေ့မနက်ကျရင် မိသားစုဝင်တွေက အင်းစိန်ထောင်မှာ လာပြီး စုံစမ်းမေးမြန်းတာပေါ့။ မေးမြန်းတဲ့အခါမှာလည်း ဒီဘက်ကို ရောက်လား မရောက်ဘူးလားဆိုတာ တချို့က မသိနေကြဘူးပေါ့နော်။ မသိနေတဲ့ အတွက်ကြောင့်မိုလို့ အထဲထဲမှာ ဖမ်းထားတဲ့သူတွေက ဘာမှ အဆင်မပြေနိုင်ဘူး။ ဒါကြောင့်မိုလို့ လာ စုံစမ်းရင်း စုံစမ်းရင်းနဲ့ သူတို့ကို ကူညီပေးရတာပေါ့။”
တချို့ဆိုရင်တော့ တရားစွဲခံထားရတဲ့ အမှုတွေ ဆိုရင်ရော အဲ့ဒီအမှုတွေမှာ ဘယ်လိုပုံစံနဲ့ လိုက်ပါဆောင်ရွက်ပေးလဲ။
“အမှုဖွင့်ခံရတယ်။ တရားစွဲခံရပြီ ဆိုလို့ရှိရင် အင်းစိန်ထောင်ထဲမှာ ယာယီတရားရုံး ရှိတယ်။ အဲ့ဒီ ယာယီတရားရုံးမှာ အမှုတွေ တရားစွဲတင် တယ်။ အမှုတွေကို ရမန်ပေးတဲ့အဆင့်တွေ ရောက်နေပါပြီ။ အခုကျန်ခဲ့တဲ့အမှုတွေရော၊ ထပ်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေရော အများစုကတော့ ပုဒ်မ ၅၀၅ - က နဲ့ တပ်ပါတယ် ဆရာမ။ အခုလက်ရှိတော့ အဲ့ဒီလူတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတာပါ။ မရှိတဲ့သူတွေကိုလည်း ဘယ်မှာရှိနိုင်မလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ကျမတို့ ရှာပေးတယ်။ ရှိနိုင်တဲ့နေရာပေါ့နော်။ အခုလတ်တလောဆိုရင် အများစုက ဖမ်းဆီးမိတဲ့အချိန်မှာ ရွှေပြည်သာဘက်မှာရှိတဲ့ စစ်အကျဉ်းထောင်လို့ ခေါ်တယ်။ အဲ့ဒီဘက်ကို ခေါ်သွားပြီးတော့မှ အဲ့ဒီမှာ သူတို့ မေးမြန်းစရာရှိတာတွေ မေးမြန်းပြီးတော့မှ အင်းစိန်ထောင်ကို ပို့ပေးပါတယ်။ အင်းစိန်ထောင်ကို ရောက်သွားပြီးတော့မှ သူတို့ တရားစွဲခံရပြီ။ ပုဒ်မ တပ်ခံရပြီ။ ရမန်ဘယ်နေ့လဲ ပြောပြီဆိုတာနဲ့ ကျမတို့ကတော့ ဥပဒေဆိုင်ရာ အကူအညီတွေကို ပေးပါတယ်ရှင့်။”
ဒေါ်သွယ်သွယ်စိုးတို့ အနေနဲ့ အခုအချိန်မှာ တကယ်ကို ခက်ခဲနေတဲ့အချိန်မျိုးမှာ ကိုယ့်အတွက်လဲ အချိန်မရွေး ကိုယ့်ကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုး ရှိနေတဲ့ကြားကနေ ဘာကြောင့် အခုလို လိုက်ပါ ဆောင်ရွက် ပေးဖြစ်တာပါလဲရှင့်။
“ဟုတ်ကဲ့။ ကျမတို့ကတော့ အခုလိုအခြေအနေမျိုးမှာ ဘာလို့ လိုက်ပေးနေရလဲဆိုရင် ကျမ တယောက်တည်း ခံယူချက်ကတော့ ဒီအခြေအနေမှာ ကျမကို သူတို့ အန္တရာယ်ပြုလိုက်မယ်။ တခုခုနဲ့ လုပ်လိုက်လို့ ကျမ သေသွားပြီဆိုရင် ကျမ ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကြောင့်မိုလို့ မသေခင် ကျမ ဒီအလုပ်ကို ကျမ အကောင်းဆုံး လုပ်သွားမယ်လို့ ခံယူချက်ထားတယ်။ ကျမရဲ့ သူငယ်ချင်းတွေ အားလုံးလည်း မိတ်ဆွေတွေ အားလုံးလည်း ဒီလိုခံယူချက် ထားလိမ့်မယ်လို့ ကျမ မေ ျှာ်လင့်တယ်ပေါ့နော်။ ပြီးတော့ ကျမတို့က ဘုရင့်နောင် ဖောင်ဖျက်သလိုပါပဲ။ ဒီမှာ ငါတို့ကို ဖမ်းဆီးချင်လဲ ဖမ်းလိုက်ပါ။ ရင်ဆိုင်ဖို့အသင့်ပဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်နဲ့ ကျမတို့ အင်းစိန်ထောင်တွေ၊ အကျဉ်းစခန်းတွေ၊ ရဲစခန်းတွေကို သွားပြီးတော့ ကျမတို့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေတာပါ။”
အခုလို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့အချိန်မှာ တဘက်က လက်ရှိအာဏာကို ယူထားတဲ့သူတွေက ကိုယ့်ကို ဟန့်တားတာမျိုး၊ ခြိမ်းခြောက်တာမျိုးရော ကြုံရတာရှိပါသလားရှင့်။
“ဟုတ်ကဲ့။ အခု အခြေအနေအထိတော့ ကျမတို့ အဲ့ဒီလို မကြုံရသေးပါဘူး။ လာပြီးတော့မှ အမှုသည်တွေ ကြားထဲမှာ ကျမတို့ကို စောင့်ကြည့်နေတယ်။ သတင်းအချက်အလက်တွေ၊ ကျမတို့ ဘာတွေ လုပ်နေတယ်ဆိုတာတွေကို လာကြည့်တဲ့ သဘောမျိုးတော့ ရှိနိုင်လိမ့်မယ်လို့ ကျမ ထင်မြင်မိပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျမတို့က အင်းစိန်ထောင်ရှေ့က ပလက်ဖောင်းပေါ်မှာပဲ ကျမတို့ လုပ်ပေးနေတာလေ။ ပြီးတော့ ပြည်သူလူထု ဘယ်သူပဲလာလာ ကျမတို့ကို အကုန်လုံးက မြင်နိုင်တယ်။ အဲ့ဒီလိုအခြေအနေ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီလိုအခြေအနေေတော့ ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။”
စောစောက ဒေါ်သွယ်သွယ်စိုး ပြောသွားတဲ့အထဲမှာ သူငယ်ချင်း သုံးယောက် ခုလို အကူအညီပေးဖို့အတွက် စလုပ်ဖြစ်ကြတယ်လို့ ပြောပါတယ်။ အဲ့ဒါက သင့်အတွက်ရှေ့နေများဆိုတဲ့ အဖွဲ့ကို ဖွဲ့လိုက်တာကို ပြောတာပါလားရှင့်။
“ဟုတ်ပါတယ်။ အဲ့ဒါကလဲလေ ကျမတို့ လုပ်သာ လုပ်လိုက်တာ။ ကျမတို့ ရှေ့နေသူငယ်ချင်း သုံးယောက်ပေါ့နော်။ စပြီးတော့ လုပ်မိတယ်။ လုပ်မိတဲ့ချိန်မှာ (မတ်လ) ၃ ရက်နေ့မှာ ကျောင်းသားတွေ အဖမ်းခံရတယ်။ တက္ကသိုလ် ကျောင်းသားတွေ ပါတယ်။ အဲ့ဒီအထဲမှာ တက္ကသိုလ် ပါမောက္ခတဦးက ကျမတို့ကို အရမ်းလေးစားတယ်။ ဂုဏ်ပြုတယ်။ အဲ့ဒီလိုအနေနဲ့ သူကပဲ သင့်အတွက်ရှေ့နေများ အဖွဲ့ ဖြစ်တယ်။ ဘယ်သူဖြစ်ဖြစ် အကူအညီပေးနေတာ။ အခမဲ ကူညီပေးနေတာ။ ဒါတွေဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေ ဆိုပြီးတော့ ကျမတို့ကို သင့်အတွက်ရှေ့နေများ ဆိုပြီးတော့ သူက နာမည် ကင်ပွန်းတပ်လိုက်တာပေါ့။ အဲ့လိုတပ်လိုက်တော့ ကျမတို့ကလည်း ပါမောက္ခကြီး ကတောင် ငါတို့ကို ဒီလိုမျိုးတွေ နာမည် ကင်ပွန်းတပ်ပေးတယ်။ ဒီနာမည်လေးကလည်း ငါတို့အဖွဲ့နဲ့ ကွက်တိပဲ ဆိုပြီးတော့မှ ကျမတို့က ဒီအဖွဲ့လေး နာမည်ဖြစ်လာတာပါ။”
ဆိုတော့ အစကတော့ ဒါက အဖွဲ့အစည်းရယ်လို့ မဟုတ်ဘဲ သူငယ်ချင်းသုံးယောက် စ စုသည်းလိုက်တဲ့သဘောပေါ့။
“ဟုတ်တယ်။ ဟုတ်ပါတယ်။”
အခု ဒေါ်သွယ်သွယ်စိုးတို့ လိုက်ပါ ကူညီပေးပြီးတဲ့နောက်ပိုင်းမှာမှ လွတ်လာတဲ့သူတွေရော တော်တော်များများ ရှိပါသလား။
“ဟုတ်ကဲ့ ရှိပါတယ် အစ်မ။ တော်တော်များများတော့ ကျမတို့ကူညီပေးလိုက်လို့ လွတ်လာတာမျိုးပေါ့နော်။ အဲ့ဒီလိုလူတွေ ရှိတယ်။ ကလေးတွေလည်း ရှိတယ်။ တော်တော်များများ ကတော့ အခု သုံးကြိမ် လွှတ်တယ်ပေါ့။ ဒီအထဲမှာ ပထမတခေါက်က ၅၀၀ ကျော် လွှတ်တယ်လို့ပြောတယ်။ ဒုတိယ ကတော့ ၆၀၀ ကျော် လွတ်တယ်။ တတိယကတော့ ၃၂၂ ယောက် လွတ်တယ်။ အဲ့ဒီအထဲမှာဆိုရင် ကျမတို့တွေရဲ့ အမှုသည်တွေ အများစုကတော့ ကျမတို့ဆီမှာ အကြံဉာဏ်ယူတယ်။ ကျမတို့ ကူညီဆောင်ရွက်ပေးလိုက်လို့ လွတ်သွားတဲ့ သူတွေကတော့ အဲ့ဒီအထဲက တအုပ်စုချင်းမှာဆိုရင် သုံးပုံနှစ်ပုံလောက် ပါတယ်လို့ ကျမတို့ သုံးသပ်မိတယ်။”
အဲ့ဒီတော့ ဆက်ပြီးတော့ရော နောက်ထပ် အကူအညီတွေ ပေးသွားမှာလား။
“ဟုတ်ကဲ့။ အခု အခြေအနေအထိကတော့ ကျမတို့ ဒီအခြေအနေမှာ ကိုဗစ်ကြောင့် အမှုတွေကလည်း ရပ်ဆိုင်းထားရတယ်။ တခြား အာဏာရယူပြီးနောက်ပိုင်းမှာ ဒီအခြေအနေအထိတော့ ကျမတို့ သူတို့ကို ဆက်လက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေဦးမှာပါ။”
အကယ်၍ တဘက်ကနေပြီးတော့မှ ဒါကိုမလုပ်ဖို့ ဟန့်တားတာ၊ ခြိမ်းခြောက်တာတွေ ကြုံလာခဲ့ရရင်ရော ရပ်ပစ်မှာလား။ ဆက်လုပ်ကြမှာလားရှင့်။
“အဲ့ဒါကတော့ ကျမတို့ အဖွဲ့အနေနဲ့ကတော့ ကျမတို့ ရှေ့နေတွေမှာ လွတ်လပ်တဲ့ ခံယူချက်ရှိတယ်။ ယုံကြည်ချက် ရှိပါတယ်။ ဒီအလုပ်ကြီးကို ဆက်မလုပ်ဖို့ ဆိုတာကတော့ ဘယ်သူမှမရှိဘူး။ အစရှိရင် ကျမတို့ရဲ့စိတ်ကတော့ အဆုံးပဲရှိမှာပဲ။ အဲ့ဒါကြောင့်မိုလို့ အစရှိတဲ့အတွက် အဆုံးထိလုပ်မယ်လို့ ယုံကြည်ချက်ထားပြီးသားပါ။"
သူငယ်ချင်းသုံးယောက် စုဖြစ်တယ်ဆိုတာက ၂ လပိုင်းထဲမှာနော်။ ဘယ်အချိန်မှာ စဖြစ်တာလဲဆိုတာ။
“၂ လပိုင်း ၂၆ ရက်၊ ၂၇ ရက်လောက်တုန်းကပါ။”
ဆိုတော့ တစ်လကျော် ဖြစ်သွားပြီပေါ့လေ။ ဒီလို ကာလအတွင်းမှာပဲ စောစောကပြောသလိုဆိုရင် လွတ်မြောက်လာသူ အတော်များများ ရှိလာခဲ့တယ်ဆိုတော့ ပြောရရင် သူငယ်ချင်းသုံးယောက်နဲ့ စုလိုက်တယ်ဆိုပေမဲ့၊ တော်တော်လေး ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တယ်လို့ ပြောလို့ရမယ်လို့ ထင်ပါတယ်။
“ဟုတ်ကဲ့။ အခုနောက်ပိုင်းကျတော့လေ ကျမတို့က ကျမတို့လိုပဲ စိတ်တူကိုယ်တူ ရှေ့နေ ဆရာ ဆရာမတွေ ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိကြတယ်။ အဲ့လိုရှိကြတော့ ကျမတို့ အမှုတွေ လက်ခံ ဆောင်ရွက်ပေးနေတာ အခုဆိုရင် ရှေ့နေပေါင်း ၃၀ ကျော် ကျမတို့အဖွဲ့ထဲမှာ ရှိပါတယ်။ အနောက်ကနေ ကျမတို့အမှုတွေကို လိုက်ပါ ကူညီပေးနေတဲ့ ရှေ့နေတွေ ၃၀ ကျော် ရှိပါတယ်။ ကျမတို့ သင့်အတွက်ရှေ့နေများ အဖွဲ့ ဆိုတာက ဒီအခြေအနေမျိုးမှာ ပေါ်ပေါက်လာတဲ့အဖွဲ့ ဖြစ်တယ်။ နောင် ရှေ့ဆက်ပြီးတော့ ဆက်လက် တည်တံ့နေမယ်လို့ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့ ဒီကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်သွားပြီဆိုတာနဲ့ ကျမတို့ ဒီအဖွဲ့ကြီးက ရှိချင်မှ ရှိတော့မှာပေါ့နော်။ နောက်တချက် ကတော့ ကျမတို့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ဥပဒေဆိုင်ရာ အကူအညီပေးမယ်။ ကျမတို့ တတ်စွမ်းသမ ျှ လိုက် ပါ ကူညီဆောင်ရွက်ပေးမယ်လို့ ကျမတို့ကတော့ ယုံကြည်ချက် အပြည့်ထားပါတယ်။”
အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
==========================================
[Unicode Version]
ဆန်ဒပွပွညျသူတှေ လှတျမွောကျရေး ကူညီပေးနတေဲ့ သင့ျအတှကျရှေ့နမြေားအဖှဲ့ (အမြိုးသမီးကဏ်ဍ)