ပြီးခဲ့တဲ့မေလ မြန်မာနိုင်ငံ အနောက်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ရတဲ့အထဲမှာ အမျိုးသမီးနဲ့ မိန်းခလေးတွေ ထောင်သောင်းချီ ပါဝင်ပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ သောင်း ၇ ရာလောက် လည်း ပါဝင်တဲ့ အကြောင်း ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA က သတင်းဆောင်းပါးတပုဒ် ရေးသားထုတ်ပြန်ပါတယ်။ မုန်တိုင်းကြောင့် အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆေးရုံဆေးခန်း အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်ဆီးခဲ့တဲ့အကြောင်း UNFPA က အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဘေးကင်းကင်း မီးဖွားနိုင်ဖို့ စိုးရိမ်နေရတဲ့ အခြေအနေနဲ့ ပံ့ပိုးကူညီဖို့ လိုအပ်နေတာတွေကို ဆောင်းပါးမှာ ထပ်မံ သတိပေးထားပါတယ်။ မြန်မာနိုင်ငံတဝှမ်း မုန်တိုင်းကြောင့် လူပေါင်း ၃ သန်း ၄ သိန်းလောက် ထိခိုက်မယ်လို့ ခန့်မှန်းတဲ့အထဲမှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ် အမျိုးသမီးနဲ့ မိန်းခလေး ၄ သိန်း ၃ သောင်း ၂ ထောင် ပါဝင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီး ၂ သောင်း ၇ ရာထဲက ၂၃၀၀ လောက်ဟာ ပြီးခဲ့တဲ့ လက မွေးဖွားရမယ့် သူတွေဖြစ်ပြီး ဘေးဒုက္ခအကျပ်အတည်းနဲ့ အခက်အခဲတွေကြား မီးဖွားခဲ့ကြရတာကို ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA ဟာ မြန်မာနိုင်ငံတဝှမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ပံ့ပိုးကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဝန်ဆောင်မှု ပေးဖို့ ခက်ခဲ့တာ၊ သွားလာစရိတ်မြင့်မားလာတာ စတဲ့ အခက်အခဲတွေကြားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ရွေ့လျား ကျန်းမာရေးဆေးပေးခန်းခေါ် mobile clinic တွေ ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးနေပါတယ်။