မြန်မာနိုင်ငံက လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှု ရပ်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအားလုံးက အရပ်သားတွေ နေရပ်စွန့်ခွာနေရတဲ့ အခြေအနေရပ်အောင်လုပ်ဖို့ အိမ်ဖြူတော်က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း မြန်မာအစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေဖက်က အတူတွဲဆောင်ရွက်ဖို့လည်း အိမ်ဖြူတော်က တနင်္လာနေ့က ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း ပြဿနာဖြစ်နေတဲ့ နေရာတွေဆီ သတင်းမီဒီယာတွေသွားခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။ August လ ၂၅ ရက်နေ့က လုံခြုံရေးစခန်းတွေတိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံကနေ လူပေါင်း ၃ သိန်းလောက် နေရပ်စွန့်ထွက်ပြေးနေရတဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် အင်မတန် စိုးရိမ်တယ်လို့ တနင်္လာနေ့က အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ ပြောခွင့်ရသူ Sarah Sanders ကလည်း ပြောကြားသွားခဲ့ပါတယ်။
လုံခြုံရေးစခန်းတွေအပေါ် တိုက်ခိုက်ခဲ့မှုနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ်လည်း ထပ်မံ ပြစ်တင် ရှုတ်ချကြောင်း အိမ်ဖြူတော်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာတွေအများအပြားနဲ့ တခြားလူနည်းစုတွေ နေရပ်ကနေစွန့်ခွာထွက်ပြေးနေရတာနဲ့ မတရားဖိနှိပ်ခံနေရတာကြောင့် မြန်မာလုံခြုံရေးတပ်တွေဟာ အရပ်သားတွေကို အကာအကွယ်မပေးဘူးဆိုပြသနေတယ်လို့လည်း ပြောထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ သိရက်နဲ့ အရပ်သားတွေက တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ ရွာတွေမီးရှို့မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် ထိတ်လန့်ရတယ်လို့လည်း အိမ်ဖြူတော်ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း Bangladesh နိုင်ငံဖက် ထွက်ပြေးသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ အားထုတ်ဆောင်ရွက်နေတဲ့အပေါ်လည်း အမေရိကန်က Bangladesh အစိုးရကို အသိအမှတ်ပြုထားပါတယ်။ ဒုက္ခရောက်နေသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သေအချာ ရောက်အောင်လုပ်ပေးမယ်လို့ မြန်မာအစိုးရကတိပြုထားတဲ့အပေါ် ကြိုဆိုကြောင်းလည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။