သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် သုံးသိန်းကျော်အတွက် ကုလ ဒေါ်လာ ၇၇ သန်း တောင်းခံ


Bangladesh နိုင်ငံကို မြန်မာနိုင်ငံဖက်ကနေ အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံလာကြသူတွေများလွန်းတဲ့အတွက် သူတို့ကိုအကူအညီပေးဖို့ နောက်ထပ် အထောက်အပံံ့တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အသစ်ရောက်လာသူ ၃ သိန်းကျော်အတွက် ဒေါ်လာ ၇၇ သန်းဖိုး အရေးပေါ်ကူညီရေးအစီအစဉ်တွေလုပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူ Stéphane Dujarric က တနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အလားတူ Bangladesh နိုင်ငံကလည်း မြန်မာဖက်က ခုလိုရောက်လာတဲ့ ဒုက္ခသည်တွေကို နေရာချထားနိုင်ဖို့ ကြိုးစားနေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

August လ ၂၅ ရက်နေ့ကနေ စတင်ဘာ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar ဖက်ရောက်လာသူ ၃ သိန်း ၁ သောင်း ၃ ထောင်လောက်ရှိနေပြီး အလုံးအရင်းနဲ့ ရောက်လာနေတဲ့ပမာဏ လျော့ကျသွားမယ့်အခြေအနေမရှိဘူးလို့ ကုလသသမဂ္ဂက ပြောကြားလိုက်ပါတယ်။ Bangladesh အစိုးရ၊ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေက ရောက်ရှိလာသူတွေအတွက် အစားအသောက်၊ နေစရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားလိုအပ်တာတွေကို ထောက်ပံ့ထားတယ်လို့ တနင်္လာနေ့သတင်းစာရှင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ကပြောကြားသွားပါတယ်။ အသစ်ရောက်ရှိလာသူတွေကို နေရာတခုသတ်မှတ်ပြီး နေရာချထားပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ Bangladesh အစိုးရတို့ အရေးပေါ်ကြိုးစားနေပြီး။ နောက်ထပ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ Mr. Dujarric ကခုလိုပြောပါတယ်။

"မြန်မာနိုင်ငံဖက်ကနေ အလုံးအရင်းနဲ့ရောက်လာကြတဲ့ နှုန်းနဲ့ ပမာဏများလွန်းတာကြောင့် မနိုင်မနင်းဖြစ်နေပြီး နောက်ထပ်အကူအညီတွေ လိုအပ်နေပါတယ်။ အသစ်ရောက်လာသူ ၃ သိန်းကျော်အတွက် မဖြစ်အနေ လိုအပ်တဲ့ အရေးပေါ်အကူအညီတွေပေးနိုင်ဖို့အတွက် ဒေါ်လာ ၇၇ သန်းဖိုး ကနဦး ကူညီရေးအစီအစဉ်တခုကို ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြင်ဆင်ထားပါတယ်။"

August လ ၂၅ ရက်နေ့က နယ်စပ် လုံခြုံရေးစခန်း ၃၀ ဝန်းကျင်ကို ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖက်က ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

မောင်တောခရိုင်ထဲက မွတ်ဆလင်တွေသာမက အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ ရန်ကြောင့် ရခိုင်တိုင်းရင်းသား အများအပြားနဲ့တခြားဒေသခံတွေလည်း ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရဲ့အပြောအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေကြောင့် အရပ်သားအားလုံး အန္တရာယ်နဲ့ရင်ဆိုင်နေကြရပြီး၊ သောင်းနဲ့ချီတဲ့လူတွေဟာလည်း နေအိမ်တွေကို စွန့်ခွာနေကြရပါတယ်။ ရသေ့တောင်မြို့နယ်ထဲက မူဆလင်ဒုက္ခသည်တွေအားလုံး ထွက်ပြေးသွားကြပြီလို့လည်း ပြောခွင့်ရသူ Stéphane Dujarric ကပြောပါတယ်။

"ရသေ့တောင်မြို့နယ်ထဲက ဒုက္ခသည်စခန်း ၃ ခုမှာနေထိုင်နေကြတဲ့ မွတ်ဆလင် ၃ ထောင့် ၅ ရာလုံး အဲဒီနေရာမှာ မရှိကြတော့ဘူးလို့ အစိုးရကပြောပါတယ်။ အဲဒီလူတွေဟာ အခု Bangladesh နယ်စပ်ဖက် ထွက်ခွာသွားကြပြီလို့ ယုံကြည်ရပါတယ်။ ရခိုင်ပြည်နယ်ထဲက လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကတော့ ရပ်ထားရတယ် ဒါမှမဟုတ် လုပ်ငန်းတွေအကြီးအကျယ်ထိခိုက်နေပါတယ်။ အဲဒါကြောင့် အစားအသောက်ထောက်ပံ့မှု ရရှိနေကြသူ ၁ သိန်း ၇ သောင်းလောက် အကူအညီမရတော့ပါဘူး။ ၁ သောင်းခွဲလောက်လည်း အခြေခံကျန်းမာရေး စောင့်ရှောက်မှု မရနိုင်ကြတော့ပါဘူး"

လူဦးရေများပြားပြီး ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံတခုဖြစ်တဲ့ Bangladesh နိုင်ငံမှာတော့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းပေးဖို့နဲ့ အကူအညီပေးဖို့ အတော်လေး အခက်အခဲဖြစ်နေပါတယ်။ Bangladesh နိုင်ငံ Cox’s Bazar ခရိုင်ထဲက လက်ရှိ ရှိနေတဲ့ Kutupalong ဒုက္ခသည်စခန်းနားမှာရှိတဲ့ မြေဧက ၂ ထောင် ကျယ်ဝန်းတဲ့နေရာမှာ အသစ်ရောက်လာသူတွေအတွက် ခိုလှုံရေးစခန်းဖွင့်နိုင်အောင် ဝန်ကြီးချုပ် Sheikh Hasina က နေရာပေးထားတယ်လို့ နိုင်ငံခြားရေးရေးရုံးက အငယ်တန်းဝန်ကြီး Mohammed Shahriar Alam က သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

မြန်မာဖက်က အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကိုလည်း တနင်္လာနေ့က စတင်ပြီး ဘင်္ဂလားဒေရှ့်အစိုးရက လက်ဗွေနှိပ် ကိုယ်ရေးအချက်အလက်တွေရယူပြီး စာရင်းလုပ်နေပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း ဝန်ကြီးချုပ် Sheikh Hasina ဟာ Cox’s Bazar က ဒုက္ခသည်စခန်းတွေကို လာရောက်ဖို့ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ ရိုဟင်ဂျာကိစ္စကို တင်ပြပြီး မြန်မာဖက်က ရိုဟင်ဂျာတွေကိုပြန်ခေါ်ဖို့ ထပ်မံတောင်းဆိုမယ်လို့ ဝန်ကြီးချုပ် Hasina ကလွှတ်တော်မှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဖက်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ရေးနဲ့ သူတို့ရဲ့လုံခြုံရေးအာမခံနိုင်ဖို့ နိုင်ငံသားပေးရေးအတွက် သံတမန်ရေးအရဖိအားပေးဖို့ အဆိုကိုလည်း Bangladesh လွှတ်တော်မှာ တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။

တနင်္လာနေ့ကပဲ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ Bangladesh သံအမတ်ကြီး Mohammad Sufiur Rahman တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ မိနစ် ၅၀ လောက်ကြာတဲ့တေ့ွဆုံမှုအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နေတဲ့ အခြေအနေတွေနဲ့ ၂ နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ Bangladesh ဖက်ထွက်ပြေးနေသူတွေက သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ခေါ်ပေမဲ့ မြန်မာဖက်ကတော့ ဘင်္ဂါလီ ဒါမှမဟုတ် ရခိုင်ပြည်နယ်က မူဆလင်တွေလို့ပဲ သတ်မှတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG