သြစတေးလျဝန်ကြီးချုပ် က သူ့အစိုးရအနေနဲ့ အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။ ဒါပေမယ့်လည်း အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး သဘောတူညီချက်မရမချင်း သံရုံးကိုတော့ ရွှေ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီအတောအတွင်းမှာတော့ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ရုံးတွေကို ဂျေရုဆလင်မှာ ဖွင့်သွားမှာဖြစ်ပြီး သံရုံးအတွက် နေရာကောင်းကိုလည်း ရှာဖွေသွားမှာပါ။ နိုင်ငံ ၂ နိုင်ငံအဖြစ် ရပ်တည်သွားမယ့် အခြေအနေ အပေါ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်းလည်း မော်ရစ်ဆင်ကပြောပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစ္စရေးဘက်က ဘာမှ တုံ့ပြန်တာမျိုးတော့ မရှိသးပါဘူး။
အမေရိကန်ပြည်ထောင်စုသံရုံးကို Tel Aviv ကနေ Jerusalem ကို ရွှေ့ပြောင်းခဲ့ပြီးနောက် သြစတေးလျ ကလည်း အခုလိုလိုက်လုပ်မှာနဲ့ ပတ်သက်ပြီး ဒါဟာ နိုင်ငံရေးအရ လူကြိုက်များအောင် ဆောင်ရွက်မှုဖြစ် ကြောင်း သြစတေးလျနိုင်ငံသားတွေက မြင်ကြတာပါ။ ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျင်းပတဲ့ ဂျူးအများစုနေထိုင်တဲ့ ဆစ်ဒနီနယ်မြေအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခုလို ဆောင်ရွက်တာ ဆိုပြီး အကဲခတ်တွေက ထောက်ပြကြပါတယ်။