အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီကူးပြောင်းရေးဟာ ရာစုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပေမယ့် ဆက်သွယ်ရေးနည်းပညာတွေ လျင်မြန်တိုးတက်လာနေတဲ့ ဒီခေတ်သစ်မှာ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ် ပိုပြီးမြန်ဆန်လာနိုင်တယ်လို့ ဒေါက်တာအောင်ခင်က ဆိုပါတယ်။ ဒီအထဲမှာ facebook ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ မြန်မာနိုင်ငံကော အကျုံးဝင်နိုင်ပါသလား ဒေါက်တာအောင်ခင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိခေါင်းဆောင်ပိုင်းကို ဘယ်လိုသုံးသပ်လိုပါလဲ။
ဖြေ ။ ခေါင်းဆောင်ပိုင်းကတော့ ကျနော် မြင်တာတော့ ခေါင်းဆောင်ပိုင်းမှာ အရပ်သားဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နေရာကို ဆက်ခံမယ့်လူတွေ အခုလောက်ကတည်းက ကျနော်တို့ မြင်သင့်နေပြီ။ ကျနော်ကတော့ မမြင်သေးဘူး။ ဘယ်သူတွေဆိုတာကို ခန့်မှန်းလို့ ရသင့်နေပြီ။ ဒါပေမဲ့ မရသေးဘူး။ ဆိုတော့ ခေါင်းဆောင်ပိုင်းမှာလဲ ကျနော်တို့ ဗမာမှာ အရင်တုန်းက အာဏာရှင်စနစ်ဆိုတာ တယောက်ပြောရင် အကုန်လက်ခံမယ်။ မှားမှားမှန်မှန် - အဲဒီဟာမျိုးက ဗမာပြည်မှာ တဖြည်းဖြည်းနဲ့ အစဉ်အလာကြီးလို့ဖြစ်နေပြီး အရိုးစွဲနေတယ်။ အဲဒါလဲ ကျနော်တို့ရဲ့ အားနည်းချက်။ ကျနော့်စာအုပ်ထဲမှာတော့ ပြောထားတယ်။ အသံလွှင့်ဆောင်းပါးတခုမှာ ရေးထားတယ် - ၂၀၁၃ ခုနှစ်က The Lutheran World Federation က ဗမာပြည်က အရပ်သားအဖွဲ့တွေကို သွားရောက်လေ့လာတော့ အရပ်သားအဖွဲ့တွေထဲမှာ လူတဦးကသာ ဆုံးဖြတ်တာကို နားခံလေ့ရှိတယ်။ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ဆွေးနွေးပြီးတော့ အခွင့်အလမ်းသိပ်ပြီးတော့ မယူကြဘူး။ ပြောဖို့ဆိုဖို့မှာ ပြောရဲဆိုရဲ မရှိကြဘဲနဲ့ ငြိမ်ခံနေတဲ့အတွက် အပြန်အလှန် ဆွေးနွေးမှု မရှိဘူးဆိုပြီးတော့ ရေးထားတယ်။ အဲဒါ သာမန်အရပ်သားအဖွဲ့လေးတွေ Civil Society မှာ ဖြစ်နေတာ။ ဆိုတော့ အဲဒီထဲမှာ Articulate ဖြစ်တဲ့လူ၊ ဉာဏ်ပညာထက်မြက်တဲ့လူ ပြောတာပဲ လွှမ်းမိုးသွားတယ်။ နိုင်ငံရေးမှာလည်း အဲဒီလိုပဲ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Intellectually မီနိုင်တဲ့လူ မရှိဘူးပေါ့။ သူကလည်း အဖေအရှိန်နဲ့ မျိုးရိုးဇာတိကလည်း ရှိသေးတယ်။ အဲဒါနဲ့ သူကိုကျော်နိုင်တဲ့လူ မရှိတော့ - အရပ်ဘက်မှာလည်း သူတယောက်တည်း အုပ်ချုပ်သလို ဖြစ်နေတာပေါ့။
မေး ။ ။ ထိုင်းနဲ့ယှဉ်ရင် တချို့ပညာရှင်တွေက ထိုင်းမှာရှိနေတဲ့ ဘုရင်စနစ်ဟာ ဒီမိုကရေစီအတွက် အထောက်အပံ့ဖြစ်တယ်။ တချို့ကတော့ အဟန့်အတား ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘုရင်စနစ်ဆိုရင်တော့ သက်ဦးစံပိုင်စနစ်သဘော သူတို့ဆီမှာ တော်တော်များများ ဘုရင်လက်ထဲမှာ အာဏာရှိနေတယ်ဆိုတော့ အဲဒါကို ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာတော့ ရှိတယ်။ အဲဒီနေရာကို အမြဲတမ်းဝင်နေတာကတော့ စစ်တပ် ဖြစ်တယ်။ ဒါပေမဲ့ ထိုင်းဘုရင်စနစ်မှာ နိုင်ငံရေးမှာ သူက အကြီးအကျယ် ဝင်ရောက်စွက်ဖက်လေ့ မရှိဘူး။ ဒါပေမဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့လူဆိုရင် စစ်တပ်ကလည်း ဆန့်ကျင်တယ်။ အရင်တုန်းက ထိုင်းမှာ တရားဝင်ရွေးကောက်တင်မြောက်ထားတဲ့ သက်ဆင်တို့ - တရားဝင်ရွေးကောက်ထားတဲ့ အစိုးရတွေ ထွက်ပြေးရတဲ့ဘဝကိုရောက်တာ ဘုရင်နဲ့ စစ်တပ်တို့ပေါင်းပြီး လုပ်ခဲ့တာ။ အဲဒီနေရာမှာ တလောကဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး Prem Tinsulanonda တောင် ဒီထဲမှာ အဓိကဇာတ်ကောင်လို့ ပြောကြတယ်။ ဆိုတော့ ထိုင်းမှာတခုရှိတာက ထိုင်းစစ်တပ်က ဝင်စွက်ဖက်ပေမယ့် Institution အားလုံးကို ဖျက်မပြစ်ဘူး။ သူက သူ့နေရာနဲ့သူနေတယ်။ သူဘဏ်တည်ထောင်တယ်။ လာဘ်စားတယ်။ တိုင်းပြည်ဘဏ္ဍာခိုးတယ်။ ခိုးပြီးတော့ သူ့ခွင်နဲ့သူနေတယ်။ တိုင်းပြည်စီးပွားရေး မပျက်ဘူး။ ကျန်တဲ့နေရာတွေလည်း ရှိနေတဲ့အတွက် ထိုင်းနိုင်ငံက ကျမသွားဘူး။ ဗမာစစ်တပ်ကတော့ နေရာတကာပါတော့ ဖွတ် မီးချောင်းဖြစ် မြစ်မချမ်းသာ ဆိုသလို တိုင်းပြည်က ကျန်တဲ့အဖွဲ့အစည်းတွေအားလုံး အကုန်ချွတ်ခြုံကျကုန်တယ်။
မေး ။ ။ ဆရာရေးထားတဲ့အထဲမှာ စစ်တပ်ဟာ စစ်အာဏာရှင်စနစ် ကျင့်သုံးတာထက် ပါတီစုံဒီမိုကရေစီ အသွင်ဆောင်ပြီးတော့၊ နောက်ကအာဏာချုပ်ကိုင်ပြီးတော့နေတဲ့ စနစ်က ပိုပြီးသက်တမ်းရှည်တယ်လို့ ပြောထားပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဘယ်လိုသုံးသပ်လိုပါလဲ။ အဲဒီဆရာရဲ့အပြောနဲ့ နှိုင်းယှဉ်မယ်ဆိုရင်။
ဖြေ ။ ။ အဲဒါက အခုလဲပဲ သူတို့ဆက်ယူထားတဲ့ သဘောပါပဲ။ ပုံစံတမျိုးနဲ့ပေါ့။ အရင်တုန်းကတော့ တပါတီအာဏာရှင်စနစ် စစ်တပ်ကလည်း တပါတီ - ကွန်မြူနစ်ပုံစံ - စစ်တပ်က ပါတီလည်းလုပ်တယ်။ ဒါပေမဲ့ ပါတီလည်း မယ်မယ်ရရ မလုပ်နိုင်ပါဘူး။ နောက်ဆုံးပိတ် ဒီပါတီကို စစ်အာဏာရှင်ဗိုလ်နေဝင်းက ဖျက်ပစ်လိုက်တာနဲ့ ပါတီပျက်သွားခဲ့တယ်။ အခုလဲပဲ အဲဒီပုံစံမျိုးပဲ။ ဒါပေမဲ့ ပါတီစုံ - စစ်တပ်က အာဏာရှိပေမယ့်၊ စစ်တပ်နဲ့ ပါတီစုံတို့ လက်တွဲသွားတဲ့သဘော။ အရင်တုန်းကတော့ စစ်တပ်နဲ့ တပါတီ။ ဒီပါတီက စစ်တပ်ကထုတ်ထားတဲ့ ကွန်မြူနစ်လူထွက်နဲ့ လုပ်ထားတယ်။ အခုကတော့ အရပ်သားပါတီ။ အရပ်သားပါတီက နိုင်ငံခြားမှာသာ ဒေါ်စုအစိုးရဆိုရင် အရပ်သားမှာဆို NLD ပါတီ ပြောပေမယ့် တကယ့်တကယ်ကြတော့ လက်ရှိအခြေခံဥပဒေအရ ဖွဲ့ထားတဲ့ အစိုးရမှန်သမျှ အားလုံးက Lame duck တွေ ဖြစ်နေတယ်။ Luck duck government ဖြစ်တယ်။ အဲဒီတော့ စစ်တပ်က တကယ့်တကယ် အချုပ်အခြာ၊ အချက်အချာ အာဏာတွေကို ယူထားပြီးတော့ ကျန်တဲ့ဟာတွေကို လုပ်ခိုင်းတယ်ဆိုတော့ ကျန်တဲ့အစိုးရက ဘယ်လုပ်နိုင်မလဲ။ နိုင်ငံတကာမှာ လျှောက်ဖြေရှင်းတာ နိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းနေတာ။ ဒါပေမဲ့ တကယ့်တကယ် လုပ်နေတာ စစ်တပ်က လုပ်နေတာ။ ဆိုတော့ ဒီအစိုးရက အမြဲတမ်း Lame duck government ပဲ ဖြစ်နေမှာ။ အနောက်နိုင်ငံမှာဆိုရင်တော့ Lame duck government လို့ ခေါ်ကြတယ်။ အစိုးရအာဏာ အပြည့်အဝ မရှိတဲ့ အစိုးရ ဖြစ်တယ်။
မေး ။ ။ ဒါပေမဲ့ ဒီပုံစံက ဟိုတုန်းက အာဏာရှင်စနစ်သက်သက် တပါတီအာဏာရှင်စနစ်ထက်ပိုပြီး သက်ဆိုးရှည်မယ် ထင်ပါသလား။ ကျနော် နှိုင်းယှဉ်ကြည့်မိတာက အင်ဒိုနီးရှားမှာလည်း ဆူဟာတို ပြုတ်ခါစက အဲဒီလိုပဲ ဖြစ်ခဲ့ပြီးတော့ အခုအခါမှာ လုံးလုံးလျားလျား ဒီမိုကရေစီ ပြောင်းသွားပြီလို သတ်မှတ်ကြပါတယ်။
ဖြေ ။ ။ အဲဒါလဲ တဖြည်းဖြည်းပေါ့။ အခု အင်ဒိုနီးရှားမှာ စပြီးတော့ ဖွဲ့ခါစက အစိုးရမှာ စစ်တပ်ပါတယ်။ နောက်တဖြည်းဖြည်းနဲ့ စစ်တပ်ကလဲ ရှက်လာတယ်ထင်ပါတယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ ပါလီမန်မှာ လုံးဝမရှိတော့ဘူး။ ကွဲသွားခဲ့တယ်။ အဲဒါ အင်ဒိုနီးရှားမှာ ဘယ်လောက်အထိ စစ်တပ်ရဲ့ အကျိုးစီးပွားကို ယူထားသလဲ မသိဘူး။ ကျနော်တို့ဆီမှာတော့ စစ်တပ်က သူပြောတဲ့ ဒို့တာဝန်အရေးတွေထက်စာရင် သူ့အကျိုးစီးပွားကို ပိုဂရုစိုက်တဲ့ပုံ ဖြစ်တယ်။ သူ့အကျိုးစီးပွားကို ထိန်းသိမ်းတဲ့အတွက် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းလို့ မရတာ။ စစ်တပ်ရဲ့ အကျိုးစီးပွားက အမြဲတမ်း ရှိနေတယ်။ နေပြည်တော်ဆိုတာလဲ အခုနပြောသလို စစ်တပ်က သူ့အကျိုးစီးပွားအတွက် သူဆောက်လုပ်ခဲ့တဲ့ မြို့တော် ဖြစ်တယ်။ စစ်တပ်က သူ့အကျိုးစီးပွားကို ထိန်းသိမ်းဖို့။ အခုထက်ထိလဲ နောက်တက်တဲ့ အစိုးရတွေက ဗိုလ်သန်းရွှေတို့အုပ်စုကို ထောက်ပံ့နေရတယ်။ ငွေကျပ်ပေါင်းသိန်းနဲ့ချီပြီးတော့ သိန်းထောင်နဲ့ချီပြီးတော့ ထောက်ပံ့နေရတယ်။ ဒီလူတွေက ထိုင်စားနေကြတာ။ အဲဒီတော့ ဘယ်လိုမှ သူတို့က နေပြည်တော်ကြီး လုပ်ထားတဲ့အတွက် ပြည်သူဆန္ဒပြပွဲ ဘယ်လောက်ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် သူတို့ကို မထိခိုက်ဘူးပေါ့။
မေး ။ ။ ကျနော် နောက်ဆုံးသဘောတရားနဲ့ ပတ်သက်တဲ့ မေးခွန်းတခု မေးချင်ပါတယ်။ အခုအခါမှာ အရင်တုန်းက ဒီမိုကရေစီ အသွင်ကူးပြောင်းလာတာ၊ စိတ်ဓါတ်တွေ ပြုပြင်ပြောင်းလဲလာတာထက် ဆရာက IT – Information Technology နည်းပညာတွေ တိုးတက်လာတဲ့အတွက် ပိုပြီးအရှိန်အဟုန်မြန်မယ်လို့ ပြောပါတယ်။ ဆိုတော့ ဆရာပြောခဲ့တဲ့ ဥရောပမှာ ရာစုနဲ့ချီပြီးတော့ ဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးတော့ ကြာနိုင်ပါ့အုံးမလား။ မြန်မာနိုင်ငံအပါအဝင် အခုအခါမှာ ပိုပြီးလျင်မြန်လာနိုင်မယ် ထင်ပါသလား။
ဖြေ ။ ။ အဲဒါကလဲ Information Technology ကို အသုံးချနိုင်မှုက တောကို ရောက်နိုင်မလား။ တောအထိရောက်မလား။ ဘယ်လောက်အထိအောင် Information Technology က အကျိုးရှိမလဲပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ပေါက်ပန်းဈေးလျှောက်ပြီးတော့ ဆဲဆိုတာတွေနဲ့ ပြီနေမယ်ဆိုရင်တော့ အသိဉာဏ်တိုးပွားလာမှာ မဟုတ်ဘူး။ ဆိုတော့ အသိဉာဏ်ပညာ ပွင့်လင်းဖို့ကို ဆိုလိုတာ ဒါပါပဲ။ အသိဉာဏ်ပညာ ပွင့်လင်းမှ အမြင်မှန်ကိုရမယ်။ ကျနော်တို့ ဗမာပြည်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်လာတာ နှစ်ပေါင်းတစ်ထောင်လောက် ရှိလာပြီ။ ဗမာလူမျိုးတွေက အခုထိ ဗုဒ္ဓဘာသာရဲ့ မူရင်းအစစ်အမှန်တရားကို နားလည်တဲ့လူက နည်းတယ်။ ဗုဒ္ဓဘာသာဆိုတာ အုတ်နီခဲနဲ့ ဘုရားတည်တာ၊ ကျောင်းရွှေချတာတို့၊ ဘုန်းကြီးဆွမ်းကပ်တာတို့ ဒီလိုပဲ အောက်မေ့နေတာ။ ကိုယ်ကိုယ်တိုင် ကိုယ့်ကျင့်တရား ပြောင်းလဲအောင် တရားကျင့်ရမယ်ဆိုတာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ ဘုရားဟောသွားတဲ့ ကာလမသုတ်ဆိုတာရှိတယ်။ ဒီအထဲမှာ မင်းဘယ်သူကိုမှာ ကိုးကွယ်စရာ မလိုဘူး။ ဘယ်သူကိုမှ အားကိုးစရာ မလိုဘူး။ ကိုယ့်ကိုယ်ကို အားကိုး။ ကိုယ့်ကိုယ်ကို တရားအားထုတ်ရင်နဲ့ ကိုယ့်ရဲ့အကျင့်သီလကို ဆောက်တည်ပြီး ကိုယ်ကျင့်တရားကောင်းအောင် လုပ်ရမယ်ဆိုတာ ပြောထားတယ်။ အဲဒါလုပ်ရတာ အင်မတန်ခက်တဲ့အလုပ်။
မေး ။ ။ နောက်တခုက လူလတ်တန်းစား ဖြစ်ထွန်းမှုကလဲ အခုခေတ်မှာ စီးပွားရေးစနစ်ကလည်း ပြောင်းလာလတယ်။ ဈေးကွက်စီးပွားရေး အခြေပြုပြီးတော့ လှုပ်ရှားလာကြတယ်ဆိုတော့ စီးပွားရေးဖွံ့ဖြိုးမှုလည်း မြန်လာတယ်။ လူလတ်တန်းစား တိုးတက်မှုလည်း မြန်လာမယ် ထင်ပါတယ်။ ဒါကိုကြည့်ရင် ဟိုတုန်းကထက် ဖြစ်စဉ်က ပိုသွက်လာမယ်လို့ မဆိုနိုင်ဘူးလား။ မျှော်လင့်နိုင်ပြီလား။
ဖြေ ။ ။ အဲဒါလဲ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ လူလတ်တန်းစား ပေါ်ပေါက်လာတယ်ဆိုတာလဲ အရင်တုန်းက ရုရှားမှာလို၊ တရုတ်မှာလို ဒီမှာချမ်းသာတဲ့ကောင်တွေက ခရိုနီတွေ။ ခရိုနီတွေနဲ့ ပတ်သက်ပြီး ချမ်းသာလာတော့ အဲဒီထဲကနေ ကိုယ်ထူကိုယ်ထ ကိုယ့်ပညာနဲ့ လုပ်လာတဲ့ လူလတ်တန်းစား ဘယ်လောက်ရှိမလဲဆိုတာ စောင့်ကြည့်ဖို့လိုတယ်။ အနောက်တိုင်းမှာတော့ ကျနော် စကားဆက်ပြောရရင် အရင်းရှင်စနစ် ပေါ်ပေါက်လာတာနဲ့အတူတူ Protestant Ethics ဆိုတာ ရှိတယ်။ Protestant Ethics ကို အနောက်နိုင်ငံတွေက သိပ်တန်းဖိုးထားတယ်။ သူတို့ရဲ့ ကိုယ်ကျင့်တရားပေါ့။ ဘာမှမဟုတ်ဘူး အလုပ်မှာ ကြိုးစားရမယ်။ ခြိုးခြံချွေတာမယ်။ ကိုယ့်ကိုယ်ကို အားကိုးမယ်။ ဘုရားကို အားမကိုးဘူး။ အဲဒါမျိုးတွေ။ အဲဒါက Protestant Ethics ဖြစ်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ကောင်းရာကောင်းကြောင်း လုပ်ကိုင်စားသောက်တဲ့လူနဲ့ ရဟန်းတို့က အတူတူပဲ။ ရဟန်းဝတ်မှ ကိုယ့်ထက်သာတာ မဟုတ်ဘူး။ ကိုယ်ဟာနဲ့ကိုယ် ကောင်းကောင်းမွန်မွန်နေပြီး ကိုယ်ကျင့်တရား ရှိနေရင်လဲ ရဟန်းနဲ့ကိုယ်က တန်းတူ ဖြစ်တယ်။ အဲဒီသဘောဖြစ်တယ် Protestant Ethics က။
နဂိုချုပ်ကောက်နုတ်ချက် - သောတရှင်များခင်များ … ဒေါက်တာအောင်ခင်ရဲ့ စိတ်ဓါတ်တော်လှန်ရေးနဲ့ အခြားအသံလွှင့်ဆောင်းပါးများဆိုတဲ့ စာအုပ်ကို ရန်ကုန်မြို့ တိုးမြစ်စာအုပ်တိုက်က ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာပါတဲ့ ဆောင်းပါးတွေဟာ အဓိကအားဖြင့် ကျနော်တို့ VOA မြန်မာပိုင်းအသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့တဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။