ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ပြည်ထောင်စုအရေးဖြစ်တဲ့ ရခိုင်အရေးကို အရေးတယူ ဆွေးနွေးအဖြေရှာဖို့ ဘာကြောင့်ပျက်ကွက်နေပါသလဲ။ လွှတ်တော်ကသာ တကယ်အလေးထားဆောင်ရွက်မယ်ဆိုရင် အဆင်ပြေ အောင်မြင်နိုင်တဲ့ အလားအလာရှိတယ်လို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ မြေပုံမြို့နယ်ကိုယ်စားလှယ် ဦးဖေသန်း က ဆိုပါတယ်။ အသေးစိတ်ကို ဦးဖေသန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲ အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလွှတ်တော်က ဘယ်လောက်အထိ ဖြေရှင်းနိုင်မယ့် အလားအလာ ရှိသလဲဆိုတာကို သိချင်တာပါ။ ဒါပေမဲ့ လောလောဆယ်မှာ စပြီးမေးချင်တဲ့မေးခွန်းကတော့ အဲဒီရခိုင်တိုက်ပွဲအခြေအနေဟာ အခုအခါ အရှိန်မြင့်လာသလား။ အရှိန်လျော့ကျသွားသလား။ သို့တည်းမဟုတ် ပုံမှန်ပဲဖြစ်နေသလားဆိုတာကို နည်းနည်းအကြမ်းဖျဉ်းခြုံငုံပြောပြပေးပါ။
ဖြေ ။ ။ အစပထမမှာတော့ တပ်မတော်က ဝင်လာတာ ပလက်ဝဘက် စပါတယ်။ အဲဒီနေရာတဝိုက်မှာပဲ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဒေသတွေမှာ ဖြစ်နေတာကနေ နောက်ပိုင်းမှာတော့ မြောက်ဦး၊ မင်းပြား၊ မြေပုံ နဲ့ အခုဆိုရင် အမ်းမြို့နယ်အထိ ရောက်လာပါတယ်။ အဲဒါကြောင့် တိုက်ပွဲတွေဟာ လေးငါးခြောက်လအတွင်းမှာ နှစ်ဆသုံးဆလောက် ကျယ်ပြန့်လာတယ်။ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဖြစ်တဲ့အခါမှာလဲ အရင်တုန်းကတော့ - တိုက်တာထက်၊ အခုအခါ စစ်ကြောင်းတွေကို ဝင်ပြီးတော့ အင်နဲ့အားနဲ့ တိုက်လာတာတွေ ရှိတယ်။ ရေတပ်တွေကို ဒုံးကျည်းတွေနဲ့ ပစ်တာတွေ ရှိလာတယ်။ ခြုံပြီးတော့ပြောရရင်တော့ တိုက်ပွဲဟာ ကျယ်ပြန့်လာတယ်။ ပိုပြီးတော့ ပြင်းထန်လာတယ်။ ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်နေကြတယ်လို့ အကြမ်းအားဖြင့် ပြောလိုပါတယ်။
မေး ။ ။ တဘက်မှာလဲ အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးအဖွဲ့နဲ့ အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးစကားတွေ ပြောကြတာကို ကြားရပါတယ်။ အဲဒါက ဘယ်လောက်အထိ ထိရောက်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့လည်း အဲဒါကိုကြားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြောရမှာက အေအေ နဲ့ မြန်မာ့တပ်မတော် ဖြစ်ပါတယ်။ ပြီးတော့ မြန်မာ့တပ်မတော်က စည်းကမ်းချက်တွေ ကြိုတင်သတ်မှတ်ချက်တွေနဲ့ အေအေကို ဆွေးနွေးတဲ့အခါမှာ အေအေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေလို့မရဘူး။ လိုင်းဇာကို ပြန်သွားမှ bilateral ထိုးနိုင်မယ် ဆိုတာမျိုး၊ နောက်ပြီးတော့ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာမျိုး၊ အေအေခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေအဖြစ် တရားစွဲတယ် - အဲဒီလို ကြိုတင်စည်းကမ်းချက်တွေနဲ့ လွှမ်းမိုးနိုင်တဲ့ လုပ်ရပ်တွေနဲ့ လုပ်နေတဲ့အခါမှာ ဒါက တယောက်နဲ့တယောက် ဆွေးနွေးနိုင်ဖို့ လက်တွန့်လာတယ်။ မဖြစ်နိုင်တဲ့အခြေအနေမျိုး ရောက်လာတယ်။ ဒါကြောင့် တပ်မတော်က ဒီလိုစည်းကမ်းချက်တွေ ကြိုတင်မသတ်မှတ်ဘဲနဲ့ ညီအကိုချင်း ဘယ်အဖွဲ့နဲ့ဖြစ်ဖြစ် ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအရေး ဖြစ်တယ်ဆိုပြီးတော့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ကျနော်တို့က မာန်မာနတွေ လျှော့ပြီးတော့ ဆွေးနွေးတဲ့စကားဝိုင်းကို ဖွင့်ပေးမယ်ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ အခြေအနေကောင်းမယ်။ အလားအလာကောင်းမယ်လို့ မြင်ပါတယ်။
မေး ။ ။ တချို့တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ တပ်မတော်ဘက်က ဒီဟာထက် ပိုပြီးတော့ ညှိနှိုင်းလိုတဲ့ဆန္ဒ ပြသတယ်။ သဘောထားပိုပြီးတော့ ပျော့ပျောင်းတယ်လို့ အေအေနဲ့ နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင် မှန်သလား။ ဘာဖြစ်လို့ အေအေကိုတော့ ဒီလောက်အထိ တင်းမာနေရသလဲဆိုတာကို တခါတခါ စဉ်းစားမိပါတယ်။ ကျနော့်စဉ်းစားချက် မှန်ပါသလား။ ဘာကြောင့် တပ်မတော်ဘက်က အဲဒီလောက် တင်းမာနေတယ် ထင်ပါသလဲ။
ဖြေ ။ ။ အဲဒီလို ဖြစ်နေရတဲ့အကြောင်းကတော့ ကျနော်တို့ ရခိုင်ပြည်နယ်ကို ရခိုင်တပ်တော် ရောက်လာတဲ့အခါမှာ အစိုးရက ရခိုင်ပြည်နယ်မှာ အခြေချခွင့် မပြုချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်က အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တယ်။ နိုင်ငံရေးအားဖြင့်လဲ ဥပဒေဘောင်အတွင်းကနေ လုပ်လို့မရဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်။ ပြီးတော့ ပကတိအခြေအနေမှာလဲ ရခိုင်ပြည်နယ်က ဆင်းရဲတွင်းနက်နေတယ်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတယ်။ အနာဂတ်မျှော်လင့်ချက် မရှိဘူး။ အဲဒါတွေနဲ့ ရခိုင်တွေက ခံစားနေရတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ရခိုင်တပ်တော် ရောက်လာရင် ရခိုင်ပြည်သူတွေက တပ်တော်ကို ထောက်ခံပြီးတော့ ပူးပေါင်းပါဝင်သွားကြရင် ပြည်ထောင်စုအနေနဲ့ အန္တရာယ်ရှိတယ်။ နောက်ပြီးတော့ ရခိုင်ဒေသမှာ တခြားနိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုတွေရှိတယ်။ ARSA ဆိုတဲ့ အဖွဲ့အစည်း ပြဿနာလည်း ရှိတယ်ဆိုတော့ ရခိုင်ဒေသဟာ အဲဒီလို ထူးခြားတဲ့အခြေအနေကြောင့် နိုင်ငံတော်အနေနဲ့ ဒီဒေသမှာ အေအေကို အခြေစိုက်ခွင့် ပြုလိုက်ရင် ဒီလိုစစ်ဆင်ရေးတွေ ကြီးကြီးမားမား လုပ်မယ်ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်လာနိုင်တာပေါ့။ ပြီးတော့ စိတ်မချရဘူး - တခြားပယောဂတွေလည်း ဝင်လာနိုင်တယ်။ အဲဒါကြောင့် ဒါဟာ ရခိုင်ပြည်နယ်ရဲ့ ပြဿနာအပေါ် ရှုပ်ထွေးလာမယ်ဆိုတဲ့ အဲဒီလို သဘောထားတွေ ရှိတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းမှာ အေအေကို အခြေစိုက်ခွင့် မပြုတာလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။
မေး ။ ။ စောစောက ဦးဖေသန်း ပြောသွားတဲ့အထဲမှာလဲ ပါပါတယ်။ မြန်မာနိုင်ငံရဲ့ လွှတ်တော်အနေနဲ့ ဒီကိစ္စကို ဘယ်လောက်အထိ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု ရှိပါသလဲ။ အဲဒီမှာ တင်ပြဆွေးနွေးကြသလား။
ဖြေ ။ ။ လွှတ်တော်ဆိုတာ ဥပဒေပြုမဏ္ဍိုင် ဖြစ်တယ်။ အစိုးရဆိုတာတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ပါ။ ဒါပေမဲ့ ဒီနေ့ NLD စိုးမိုးတဲ့ လွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရအပေါ်မှာ အဲဒီလို သီးခြားမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD က လွှတ်တော်ထဲမှာ အပြတ်သတ် နေရာယူထားလို့ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ (၂၁) ရာစု ပင်လုံညီလာခံမှာ အဖြေရှာဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ရပ်တန့်နေတယ်။ အဲဒီအခါမှာ လွှတ်တော်က ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားလာတယ်။ အဲဒါက ဘာလဲဆိုတော့ အစိုးရနဲ့ လွှတ်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောလို့ မြင်ပါတယ်။ ဒါကြောင့်မို့ အစိုးရက ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ လွှတ်တော်အကြီးအကဲတွေနဲ့ လက်တွဲပြီး ဆောင်ရွက်မယ်။ လွှတ်တော်လမ်းကြောင်းကနေ ရှာမယ်ဆိုရင် ရနိုင်ပါတယ်။ ဥပမာ လွှတ်တော်က တနိုင်ငံလုံးကို အပစ်အခတ်ရပ်စဲဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုမျိုး။ နောက်ပြီးတော့ လွှတ်တော်က တိုင်းရင်းသားဒေသတွေ၊ ပြည်နယ်တွေကို ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းချပြီးတော့ ဆောင်ရွက်ရန် တိုက်တွန်းတဲ့အဆိုမျိုး။ ဒါမှမဟုတ်ဘဲ လွှတ်တော်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့မျိုး ဖွဲ့ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အစိုးရနဲ့ လက်တွဲဆောင်ရွက်တာမျိုး။ နောက်ဆုံး ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့အခါမှာ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေအတွက် ကြိုးပမ်းတဲ့ဟာမျိုးစသဖြင့် အမျိုးမျိုး ပူးပေါင်းဆောင်ရွက်လို့ရနိုင်တယ်။ လွှတ်တော်ရဲ့ အင်အားကို နိုင်ငံတော်အစိုးရကလည်း လက်တွဲပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကိစ္စက ပိုမိုပီပြင်လာမယ်လို့ ထင်ပါတယ်။
မေး ။ ။ အားတက်စရာပဲ ဦးဖေသန်း ပြောအရဆိုရင်။ လွှတ်တော်ဟာ တကယ်တမ်း လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အခြေအနေရှိရက်သားနဲ့ အခု ဘယ်လောက်အထိ လုပ်ပါသလဲ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဘယ်လောက်မှန်မှန်ကန်ကန် တင်ပြသုံးသပ်နိုင်ခွင့် ရှိပါသလဲ။ အဲဒီလို တင်ပြကြပါသလား။ ဆွေးနွေးကြပါသလား။
ဖြေ ။ ။ ကျနော်တို့ အဖြေရှာဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကတော့ ရခိုင်အမျိုးသားပါတီ ANP က ကြီးစိုးတဲ့လွှတ်တော်ဖြစ်လို့ အဲဒီမှာတော့ အဆိုတွေ နိုင်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးအဆိုပဲဖြစ်ဖြစ်၊ ဒုက္ခသည်တွေကို ကူညီပံ့ပိုးရေးအဆိုပဲဖြစ်ဖြစ်၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အဆိုပဲဖြစ်ဖြစ် အကုန်လုံးက အဲဒီမှာ အတည်ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဆင့်၊ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုတွေပါ။ ဒါပေမဲ့ ပြည်နယ်အစိုးရက တိုက်တွန်းလား၊ မတိုက်တွန်းလား မသိဘူး။ ပြည်ထောင်စုအစိုးရကတော့ ဒါတွေကို ဆက်လက်ပြီးတော့ မလုပ်ဆောင်ပါဘူး။ ဒီဘက် ပြည်ထောင်စုဘက်မှာလဲ ကြိုးစားပါတယ်။ အထူးသဖြင့် ANP အနေနဲ့ ကြိုးစားပါတယ်။ ဒီတခေါက်လဲ ကျနော်တို့ အင်တာနက်လိုင်း ဖြတ်ထားတာတွေကို မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုတွေပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းတဲ့ရေးအဆိုကို တင်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဆွေးနွေးခွင့်တောင် မရပါဘူး။ လွှတ်တော်က ပယ်ချလိုက်တယ်။ ဆိုတော့ လွှတ်တော်က အစိုးရရဲ့ လုပ်ရပ်အပေါ်မှာ လွှတ်တော်က Check and Balance လုပ်မှာကို လွှတ်တော်အကြီးအကဲကိုယ်တိုင်က ဒါတွေက မလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ အဆိုကိုတောင် တင်ခွင့်မပြုပါဘူး။ ဒီတော့ တကယ်တမ်း လုပ်မှာလုပ်လို့ အောင်မြင်မယ်ဆိုရင် NLD ပါတီက ဦးဆောင်ပြီးတော့ ဒီလိုအမြင်မျိုးရှိမယ်။ ဒီကိစ္စမျိုးကို သူတို့လုပ်မှ ကျနော်တို့ကလည်း ဖြစ်နိုင်မယ်ဆိုတာကို သိတဲ့အတွက် သူတို့ဘက်က လုပ်ရင်တော့ ပိုပြီးတော့ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒါမျိုးတခုမှ မတွေ့ရပါဘူး။
မေး ။ ။ အဲဒီတော့ ကျနော်ကြားသလောက် အစိုးရအာဏာပိုင်တွေဘက်ကလည်း အသိအမှတ်ပြုပါတယ်။ ရခိုင်ဒေသခံပြည်သူတွေဟာ အေအေကို ပိုပြီးတော့ ထောက်ခံကြတယ်ဆိုတော့ တကယ်တမ်း သူတို့ဟာ ဥပဒေဘောင်အတွင်းက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ရှိတယ်။ အဲဒီလွှတ်တော်က သူတို့အရေးကို ဂရုမစိုက်ဘူး။ ဆွေးနွေးခွင့်တောင် မရဘူးဆိုရင် အဲဒီဒေသခံ လူထုအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ပိုပြီးယုံကြည်သွားစရာအကြောင်း ရှိတာပေါ့။
ဖြေ ။ ။ မှန်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပထမကတည်းက ရခိုင်အမျိုးသားပါတီက တပြည်နယ်လုံးမှာ နိုင်ပါတယ်။ အများစုနိုင်တယ်။ ဒါပေမဲ့ အဲဒီတုန်းကလဲ ကျနော်တို့ ပြည်နယ်အစိုးရဖွဲ့တဲ့အခါမှာ ရခိုင်အမျိုးသားပါတီကို ဥပက္ခာပြုပြီးတော့ အနည်းအကျဉ်းနိုင်တဲ့ NLD ပါတီကပဲ အစိုးရဖွဲ့သွားတယ်။ ထို့အတူပဲ လွှတ်တော်ထဲမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိုဖြစ်ဖြစ်၊ ရခိုင်ပြည်နယ် တိုးတက်ရေးကိုဖြစ်ဖြစ်၊ ဘင်္ဂလီပြဿနာပဲဖြစ်ဖြစ် - ကျနော်တို့ နည်းမျိုးစုံနဲ့ ကိုယ့်အမျိုးသား ကိုယ့်ပြည်နယ်အတွက် အခွင့်အလမ်းတွေ ကာကွယ်မှုတွေ ဆွေးနွေးပါတယ်။ တင်ပြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မှတ်တမ်းတင်ခံရတာနဲ့ ငြင်းပယ်ခံရတာနဲ့ လွှတ်တော်ထဲကို အတင်မခံရတာနဲ့ အဲဒီလိုနဲ့ပဲ ပြီသွားခဲ့တယ်။ အဲဒီအပြင်မှာ ခေတ်ပညာတတ်လူငယ်တွေက ဒီကိစ္စတွေကို မြင်ပါတယ်။ နောက်ပြီးတော့ နဂိုကတည်းက ရခိုင်ပြည်နယ်ရဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံအရ ကျနော်တို့ ရခိုင်ပြည်နယ်သားတွေဟာ ဒါဟာ ကျနော်တို့ ဒီနိုင်ငံမှာနေတာ ငါတို့ အနှိမ်ခံနေရတယ်။ တချိန်က ငါတို့ဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေခဲ့တဲ့နိုင်ငံ။ ဒါပေမဲ့ ဒီနေ့အချိန်မှာ ငါတို့ဟာ တန်းတူရည်တူ ရဖို့အတွက် ကြိုးစားလာတဲ့အခါမှာ အနှိမ်ခံဘဝကို ရောက်နေတယ်။ တနည်းအားဖြင့် ကျွန်ဖြစ်နေတယ်ဆိုတဲ့ စိတ်ဓါတ်မျိုးဟာ လူငယ်တွေစိတ်ထဲ၊ ရင်ထဲမှာ ပေါ်လာတယ်။
နောက်ပြီးတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကလည်း နိုင်ငံတော်အစိုးရက ဘာမှမယ်မယ်ရရ မလုပ်ဘူး။ ရသမျှ သယံဇာတတွေကို သိမ်းယူပြီးတော့ ပြန်ပြီးတော့ ခွဲဝေတဲ့အခါမှာ ဘာမှမဖြစ်သလောက်ပဲ ကျနော်တို့ကို ပေးထားတော့ အဲဒီအပေါ်မှာလည်း လူငယ်တွေက အနာဂတ်လမ်းတွေ ပျောက်လာပြီးတော့ ဒါဟာ သူတို့ရပ်ဝေးမြေခြားမှာ သွားပြီးတော့ အလုပ်လုပ်ကြရတယ်။ မျှော်လင့်ချက်တွေ မဲ့လာတယ်။ ဒီမှာနေတဲ့ ပြည်သူတွေကလည်း တနေ့တခြား စားဝတ်နေရေးက ကျပ်တည်းလာတယ်။ အဲဒီအပေါ်မှာ ထွက်ပေါက်ကို ရှာလာကြတယ်။ တရားဥပဒေဘောင်အတွင်းကပဲ ဒီကိစ္စကို လုပ်လို့မရဘူးဆိုတာ လက်ရှိအခြေအနေက သက်သေပြနေတယ်။ ဒါကြောင့် ဒါဟာ သူတို့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်မှအပ မရှိဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ အေအေအနေနဲ့ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာလဲ ဒေသမှာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ လူတွေက ပိုခံစားလာရပြီး အဲဒီအပေါ် ပိုဇောင်းပေးသွားကြတယ်။ အဲဒါကြောင့် ဒီလက်နက်ကိုင်တိုက်ပွဲတွေကတော့ တော်ရုံတန်ရုံနဲ့ ရပ်မှာမဟုတ်ဘူး။ အထိနာကြပြီးမှ ငြိမ်းချမ်းရေးကို သွားကြမလား။ အခုကတည်းက ဖြစ်ပေါ်လာတဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပြီးတော့ သွားကြမလားဆိုတာဟာ ကျနော်တို့ဘက် ဒီအချိန်မှာ တွေးသင့်ပါပြီ။ တပ်မတော်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဒီကိစ္စကို အလေးထားပြီးတော့ ညီအကိုအချင်းချင်းပဲဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဘာမှစည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲ ငြိမ်းချမ်းရေးကို ဆွေးနွေးလိုက်ကြမယ်ဆိုရင် ဒါက တခုတည်းသော သွားရလမ်း ဖြစ်တယ်လို့ ကျနော်တို့ဘက်က ယုံကြည်ပါတယ်။