သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားမလို အားမရ တတိယပင်လုံ ဘာထူးသလဲ


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ (၂၁) ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးဟာ ဘာမှမထူးခြားဘူးလို့ လူအမျာအပြားက ဝေဖန်ပြောဆိုနေကြပေမယ့် အပြုသဘော အလားအလာတချို့ တွေ့ရတယ်လို့ ရှုမြင်သူတွေလည်း ရှိနေပါတယ်၊ အသေးစိတ်ကို တိုင်းရင်းသားပြဿနာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တောက်လျောက်စောင့်ကြည့်လာတဲ့ VOA ဝါရင့်သတင်းထောက် ဦးမိုးဇော် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ (၂၁) ရာစု ပင်လုံညီလာခံ အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများက ဘဝင်မကျကြဘူး။ ဒီအစည်းအဝေးက အပေါ်ယံပဲရှိပြီး အနှစ်သာရအားဖြင့် ဘာမှမရှိဘူး - ငြိမ်းချမ်းရေးကိစ္စ၊ လုံခြုံရေးကိစ္စတွေကို မဆွေးနွေးကြဘူးလို့ ပြောကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုမိုးဇော် ဘယ်လို သုံးသပ်လိုပါလဲ။ အဲဒီလို သူတို့ သုံးသပ်တာ မှန်သလား။

ဦးမိုးဇော် ။ ။ ဒီအစည်းအဝေး မစခင်ကတည်းက လူတော်တော်များက သုံးသပ်ကြတယ် (၁) နှစ်ကို (၂) ကြိမ် ကျင်းပမယ်လို့ ပြောထားခဲ့ပြီး (၁) နှစ်ကြာတဲ့အထိ မကျင်းပနိုင်ခဲ့ဘူး။ ဒီလိုမျိုး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းတာ ကြာလို့ရှိရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်မယ်လို့ အနေအထားနဲ့ ဆွေးနွေးပွဲတွေ ဆက်လက်ရှင်သန်ရေးအတွက် ပြန်စကြတယ်။ ပြန်စကြတယ်ဆိုတော့ ဒီဆွေးနွေးပွဲကတော့ အဓိက အရေးကြီးတဲ့ နိုင်ငံရေးကဏ္ဍက အဓိကအချက်တွေ ဖြစ်တယ်။ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို မထည့်သွင်းနိုင်ဘူး။ လုံခြုံရေးကဏ္ဍမှာ တပ်တွေပြန်လည်းပေါင်းစည်းရေးကိစ္စကို မထည့်သွင်းနိုင်ခဲ့ဘူး။ အဲဒီအပေါ်မှာတော့ တော်တော်များများက အခုနပြောသလို အားမရခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အားလုံးကတော့ ဒီဟာက ရေရှည်ဆက်သွားနိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကြီး ရပ်ဆိုင်းမသွားဘူး။ ဆက်လက်ပြီးတော့ သယ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စတင်နေကြတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူတို့မျှော်လင့်သလိုပဲ ဒီဆွေးနွေးပွဲဟာ အနစ်သာရရှိရမယ်၊ မဆုံးဖြတ်နိုင်ပေမယ့် စဉ်ဆက်မပြတ် လုပ်ကိုင်သွားနိုင်ဖို့အတွက် လမ်းခင်းတဲ့သဘော၊ အဲဒီရည်ရွယ်ချက်ကော အောင်မြင်သလား။ နောက်ဆက်ပြီးတော့ ဖြစ်လာမယ့်အလားအလာ ရှိပါလား။

ဦးမိုးဇော် ။ ။ အားလုံးကို ခြုံငုံကြည့်ရင်တော့ ဒီ တတိယပင်လုံမှာ အများမျှော်လင့်ထားသလို သဘောတူညီချက်တွေ၊ အရေးကြီးတဲ့အချက်တွေ မရဘူးဆိုပေမယ့် နောက်အစည်းအဝေးတခုကို ဆက်လက်တက်လှမ်းနိုင်ဖို့အတွက် ဖြစ်လာခဲ့တဲ့ အစည်းအဝေးတခုလို့ ပြောလို့ရတယ်။ နောက် ဒီအစည်းအဝေးမှာပဲ ကျနော်တို့ အခုနပြောသလိုမျိုးပဲ ပြန်လည်တွေ့ဆုံညှိနှိုင်းနိုင်တဲ့ အနေအထားပေါ် ကြည့်မယ်ဆိုရင် နောက်အစည်းအဝေးမှာ ပိုကောင်းအောင် လုပ်လိမ့်မယ့် နည်းလမ်းသစ်တွေကိုလည်း သူတို့ ထပ်မံရရှိတယ်ဆိုတာမျိုးကို ကြားသိရပါတယ်။ နောက်တခုက ဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတဲ့မိန့်ခွန်းအရဆိုလို့ရှိရင် ဒီ NCA က ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်နေတဲ့ အခြေအနေတွေ၊ လုပ်နေတဲ့ ပုံစံတွေအားလုံးကို ပြန်လည်သုံးသပ်ပြီး လိုအပ်လို့ရှိရင် ဒီဟာတွေကို ပြင်ဆင်ဆောင်ရွက်ကြဖို့ ပြောဆိုတာမျိုးတွေ ရှိပါတယ်။

နောက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နည်းဗျူဟာတရပ် ချမှတ်ပြီး ဆောင်ရွက်ကြဖို့ဆိုတာကိုလည်း ထည့်သွင်းပြောဆိုတာတွေရှိတယ်။ နောက်တချက်က တရားဝင်ဆွေးနွေးပွဲကြီးတွေမှာ ဆွေးနွေးပြီးမှ သဘောတူညီချက် ရယူတာထက်၊ သဘောတူညီမှုမရခင်မှာ အလွတ်သဘောမျိုး တွေ့ဆုံဆွေးနွေးပြီးတော့မှ အကျေအလည် ညှိနှိုင်းကြဖို့ဟာတွေ ဆွေးနွေးနိုင်ခဲ့ကြတယ်။ ဒီအချက်ကတော့ ခေါင်းဆောင်ပိုင်းတွေ ဆုံးဖြတ်ပေးနိုင်တဲ့ လူထုကြားထဲမှာ များများတွေ့ဆုံဆွေးနွေးကြဖို့၊ ညှိနှိုင်းကြဖို့ အချက်တွေကိုလည်း Sideline Meeting ပြောမလား။ ဘေးတိုက်အစည်းအဝေးတွေလို့ ပြောမလား - အဲဒီအစည်းအဝေးတွေမှာ တော်တော်များများက ဆုံးဖြတ်နိုင်ခဲ့တယ်ဆိုတာမျိုးတွေကို သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောကြတယ် - ဒီအစည်းအဝေးကို သူတို့ အခြေခံအားဖြင့် သုံးသပ်ကြတာက ပြဿနာတွေကို သူတို့ဖော်ထုတ်နိုင်ခဲ့တယ်။ ပြဿနာတွေ ရှိတယ်ဆိုတာကို သူတို့ လက်ခံကြတယ်။ ဒါဟာ ဆက်လက်ညှိနှိုင်းသွားမယ့် ပထမအဆင့် ဖြစ်တယ်။ အောင်မြင်တဲ့အဆင့်လို့ ပြောတာကို ကြားသိရပါတယ်။ ဆိုတော့ သူတို့မြင်တဲ့ အဓိက ပြဿနာက ဘာလဲ။ လူတွေမြင်နေတဲ့ ငြိမ်းချမ်းရေးမှာ အဓိကဖြစ်နေတဲ့ ပြဿနာက စစ်တပ်က သြဇာလွှမ်းမိုးနေတယ်။ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုတာကို အဓိက ထောက်ပြနေကြတယ်။ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေ အခုနပြောတဲ့ ပြဿနာကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။ အဲဒီပြဿနာကို ဆက်လက်ဆွေးနွေးဖို့ သဘောတူတယ်ဆိုတော့ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပြောတာလား။

ဦးမိုးဇော် ။ ။ အဲဒီဟာကို အများနဲ့ ဆွေးနွေးပြီးတော့ နားလည်ရတဲ့အချက်ကတော့ အဓိကတော့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့မူနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အခြေခံအချက်တွေပေါ့။ နိုင်ငံရေးကဏ္ဍထဲမှာ။ အဓိက အဲဒီဟာတွေပေါ် သွားမူတည်တယ်လို့ ကျနော်တော့ မြင်ပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့အထဲမှာဆိုရင် ဒို့တာဝန်အရေး (၃) ပါးဆိုတဲ့ ကိစ္စတွေမှာဆိုရင် ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ဟာတွေ ထည့်သွင်းထားတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေဘက်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အချက်ကိုပြန်ပြီးတော့ ပြောထားတယ်။ ပင်လုံမှာ ထားခဲ့တဲ့အချက်ပေါ့။ အဓိကတော့ တန်းတူညီမျှရေးရဖို့ သူတို့အပေါ်မှာ ဖိနှိပ်လွှမ်းမိုးမှုတွေ မခံရဖို့ဆိုလို့ရှိရင် ပြည်ထောင်စုထဲမှာနေမယ်။ သူတို့အပေါ် ဖိနှိပ်လာမယ်ဆိုရင် ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ ပုံစံမျိုး သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ ဒီဟာကို တောင်းဆိုနေတဲ့ အနေအထားတွေ ရှိပါတယ်။ အခု အဓိက ညှိနှိုင်းလို့ ခက်ခဲနေတဲ့ အနေအထားတွေကလည်း အဲဒီအပေါ်မှာ အခြေခံတယ်လို့ မြင်လို့ရပါတယ်။

နိုင်ငံရေးအရ သဘောတူညီချက်မရတဲ့ ဒီလိုမျိုး ညှိနှိုင်းလို့ မရတဲ့အခြေအနေမှာ လုံခြုံရေးကဏ္ဍတွေမှာ တပ်တွေဖျက်သိမ်းရေး၊ လက်နက်တွေဖြုတ်သိမ်းရေးတို့၊ တပ်တွေပြန်လည်ပေါင်းစည်းရေးတို့ကလည်း ဘယ်လိုမှ ရှေ့ဆက်သွားဖို့ မရနိုင်တဲ့ အနေအထားမျိုးတွေလို့ တွက်ဆလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ထူးခြားမှုတခု တွေ့မိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝခေါင်းဆောင်ကို သူကိုယ်တိုင် အိမ်က လုပ်လာတဲ့ အစားအစာတွေ သွားကျွေးတာ တော်တော်လေး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုကို တွေ့ရပါတယ်။ ဒီဟာလည်း ထူးခြားမှုတရပ်လို့ ဆိုနိုင်တယ်။ ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကော သူတို့လိုချင်တာတွေ ဘာရသွားသလဲ။ ဗိုလ်ချုပ်ဂွမ်မော်ကတော့ ပြောတယ် .. ဆက်လက်ပြီးတော့ တွေ့နိုင်မယ့် လမ်းစတွေ ရအောင်လို့ လာတာပါဆိုတာတွေ တွေ့ရပါတယ်။ ဆိုတော့ လက်တွေ့မှာ သူတို့ဘာတွေ ရသွားသလဲ။

ဦးမိုးဇော် ။ ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြီးတဲ့အခါမှာ ကျနော်တို့ ကြားသိရတဲ့သဘောထားတွေ အရဆိုရင် ဒီမြောက်ပိုင်းအဖွဲ့တွေက အရင်တုန်းကဆိုရင် NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးကို သူတို့က တောင်းဆိုခဲ့တယ်။ ဒီတကြိမ်တော့ NCA ပြင်ပကနေဆိုတာမျိုး မပြောတော့ဘဲနဲ့ အားလုံးပါဝင်ရေးမူအရ ကျနော်တို့ အရင်တုန်းက တပ်မတော်ဘက်က လက်ခံမထားတဲ့ ပလောင်း၊ ကိုးကန့်၊ AA ရခိုင်တပ်ဖွဲ့တို့ကို NCA ထဲမှာ ပါဝင်ဖို့အတွက်ကို တိုက်တွန်းပါတယ်ဆိုတဲ့ဟာမျိုးတွေဆိုတဲ့ အသံတွေ ထွက်လာခဲ့တယ်။ ထွက်လာတယ်ဆိုတော့ အဲဒီနေရာမှာ သူတို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဝ, SSPP, KIO, မိုင်းလားအဖွဲ့တို့ တွေ့ဆုံတဲ့အချိန်မှာ ညှိနှိုင်းနိုင်ခဲ့သလို၊ ပလောင်း၊ ကိုးကန့်၊ AA တို့က သီးခြားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာလည်း NCA နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ တော်တော်များများ ဆွေးနွေးနိုင်ခဲ့တယ်လို့ ကျနော်တို့ ကြားသိခဲ့ရပါတယ်။

အဲဒီမှာ အဓိက NCA ပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းရေးညီလာခံ လုပ်လာတဲ့အချိန်တွေမှာ မူဘောင်တွေ - အဲဒီကိစ္စတွေကို NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက တချို့ဟာတွေမှာ မကျေလည်တာတွေ ရှိခဲ့တယ်။ အခုဆိုရင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကနေ NCA မူဘောင်တွေကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ မူဘောင်ကိစ္စတွေကို သဘောတူနိုင်တဲ့ အနေအထားမျိုးတွေ ရရှိခဲ့တယ်ဆိုတာမျိုး ကျနော်တို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်မယ့်ဆိုတဲ့ အလားအလာက ကောင်းတဲ့ကိစ္စပါ။ ကြိုဆိုအပ်တဲ့ကိစ္စပါ။ တခုစဉ်းစားကြတာက ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပိုပြီးရင်းရင်းနှီးနှီးဆိုတဲ့ ပုံစံမျိုးကို ပြလိုက်တယ်၊ သူတို့က လက်ဦးမှုယူပြီးတော့ ရင်းနှီးမြှုပ်နံှကို ယူပြလိုက်တယ်လို့ သုံးသပ်မှုတချို့တော့ ကြားရပါတယ်။ တနည်းအားဖြင့် ဒါဟာ မကြာခင်လာမယ့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD နဲ့ တပ်မတော်ဘက်က အားပေးတဲ့အင်အားစုနဲ့ ပြိုင်တဲ့သဘောမှာ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ လက်ဦးမှုယူချင်တဲ့သဘော ဖြစ်တယ်။ အဲဒီလိုမျိုး သုံးသပ်မှုတွေ ရှိကြပါတယ်။ တကယ်တော့ ဒါကို ကန့်ကွက်စရာတော့ မရှိဘူးပေါ့။ ဘယ်သူပဲ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးက ကြိုဆိုရမှာပါ။ သို့သော်လဲ အဲဒီသုံးသပ်ချက်က ဘယ်လောက်ဖြစ်နိုင်ချေလို့ ထင်သလဲ။

ဦးမိုးဇော် ။ ။ အဲဒီအပေါ်မှာတော့ အခု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၈ ခုနှစ်အတွင်းမှာ တကြိမ်လုပ်မယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ နှစ်ကြိမ်လုပ်မယ်။ အခြေခံမူတွေ ချမှတ်မယ်ဆိုတဲ့ ကိစ္စတွေ ဘာညာပြောဆိုတဲ့အပိုင်းတွေမှာဆိုရင် ဒီဟာတွေက ၂၀၁၀ မတိုင်မီမှာ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတာလားဆိုတဲ့ ထောက်ပြတာတွေ ရှိပါတယ်။ ကျနော်တွေက ဒါက ၂၀၁၅ ဦးသိန်းစိန် နောက်ဆုံးကာလတွေမှာလည်း၊ နောက် ဦးသိန်းစိန်က ရွေးကောက်မှု မဝင်ခင်မှာ NCA လက်မှတ်ရေးထိုးဖို့ အပြင်းအထန် ကြိုးစားတယ်ဆိုတဲ့အပေါ်မှာ ဝေဖန်ခံခဲ့ရတာတွေလည်း ရှိတယ်။ ရှိတယ်ဆိုတော့ ဒီအပေါ်မှာတော့ ဒါက အခုအချိန်မှ ပြောမယ်ဆိုရင် နည်းနည်းစောလွန်သေးတဲ့ အနေအထား။ သုံးသပ်ချက်တွေကို အဲဒီလို သုံးသပ်မယ်ဆိုရင်လဲ နည်းနည်းစောလွန်သေးတဲ့ အနေအထားတရပ်လိုပဲ ပြောရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တရုတ် မြောက်ပိုင်းအဖွဲ့တွေနဲ့ လာတွေ့တယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပိုမိုရင်းနှီးမှု ရှိသွားတာကို တွေ့ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ နေရာမှာ။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု။ တရုတ်ရဲ့ တိုက်တွန်းမှု၊ တရုတ်ရဲ့ တွန်းအားက ဘယ်လောက်ပါဝင်တယ်လို့ ယူဆပါသလဲ။

ဦးမိုးဇော် ။ ။ မြောက်ပိုင်းအဖွဲ့တွေ (၂၁) ရာစု ပင်လုံကို ပါဝင်လာတဲ့ အဓိက တွန်းအားတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တရုတ်ရဲ့ အခန်းကဏ္ဍက အဓိကကျတယ်လို့ မြင်ပါတယ်။ တရုတ်က Petro က မြောက်ပိုင်းအဖွဲ့တွေ ခေါ်ပြီးတော့ မစ္စတာဆင်ပေါက်ရှန်တို့ဆီက မြင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေကို ခေါ်ပြီးတော့မှ ။ ဖိတ်ကြားလာလို့ရှိရင် တက်ရောက်ဖို့ကိစ္စတွေကို တရုတ်ပြည်ထဲမှာ ဆွေးနွေးတာတွေရှိတယ်။ ဗမာပြည်ထဲကို လာရောက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဆွေးနွေးတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲဒီအပိုင်းတွေက ဒီညီလာခံမှာ သူတို့ပါဝင် တက်ရောက်လာရေးဆိုတဲ့ ကိစ္စရပ်တွေကလည်း အဓိကကျတဲ့ အခန်းကဏ္ဍတွေ ပါဝင်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။

နောက်တချက်ကလည်း ကျနော်တို့ သိရသလောက်ဆိုရင် မြောက်ပိုင်းအဖွဲ့တွေကို NCA လက်မှတ်ရေးထိုးဖို့အတွက်ကို တရုတ်နိုင်ငံဘက်က တောက်လျှောက်တိုက်တွန်းနေတဲ့ အနေအထားတွေလည်း သိရတယ်ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော် နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့ အခန်းကဏ္ဍတွေမှာ တရုတ်ကတော့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ပဲ ပြောလို့ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ အခု ငြိမ်းချမ်းရေးကိစ္စဟာ (၃) ပွင့်ဆိုင်လို့ပြောရင် အကြမ်းဖျဉ်းရမယ်လို့ ထင်ပါတယ်။ တပ်မတော် - အရပ်သားအစိုးရ၊ တိုင်းရင်းသားအင်အားစုတွေ။ ဆိုတော့ တိုင်းရင်းသားအင်အားစုတွေနဲ့ သင့်မြတ်ရေးကိုတော့ နှစ်ဘက်စလုံးက ကြိုးပမ်းကြတာ တွေ့ရပါတယ်။ တိုင်းရင်းသားအင်အာစုတွေကို ဘေးဖယ်ထုတ်ထားလိုက်ရင် တပ်မတော်နဲ့ အရပ်သားအစိုးရကြားမှာ ဘယ်လောက်အထိ ညှိနှိုင်းမှု ရှိနိုင်သလဲ။ ဘယ်လောက်အထိ ပြေလည်မှု ရနိုင်မယ်လို့ ထင်ပါသလဲ။ ညှိနှိုင်းမှု ရှိပါရဲ့လား။

ဦးမိုးဇော် ။ ။ အခုအချိန်အထိတော့ တပ်မတော်နဲ့ အရပ်သားအစိုးရကြားမှာ အဓိက ညှိနှိုင်းရမယ်ကိစ္စကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စပေါ် အဓိကကျမယ်လို့ မြင်ပါတယ်။ အခုအချိန်မှာတေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအပေါ်မှာပဲ အဓိကကျမယ်လို့ မြင်ပါတယ် ခင်များ။

အခုအချိန်အထိတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီမိုကရေစီအင်အားစုတွေ အနေအထားအထိ မရောက်နိုင်သေးဘူးဆိုတော့ နှစ်ဘက်ကြားမှာ ညှိနှိုင်းရတဲ့ အနေအထားတွေကတော့ သိပ်ပြီးတော့ ခရီးတွင်ကျယ်တယ်လို့ ပြောလို့ရနိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ညှိနှုင်းလို့ရတဲ့ အနေအထား၊ညှိနှိုင်းနိုင်တဲ့ အနေအထား မရှိသေးဘူးဆိုရင် …ဒီကိစ္စမှာရော တိုင်းရင်းသားတိုင်းရင်းသားတွေ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးမှာ ဘယ်လို ရိုက်ခတ်နိုင်သလဲ။

ဦးမိုးဇော် ။ ။ အားလုံးသုံးသပ်ကြသလိုပါပဲ ကျနော်တို့ နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ် ဖြစ်လာတယ်။ ဒီလိုမျိုး စကားဝိုင်းကြီးမှာ ထိုင်ပြီးတော့ ဆွေးနွေးနိုင်မယ့် အနေအထားတွေကို အရင်တုန်းက မရခဲ့ကြဘူး။ အခုဆိုလို့ရှိရင်တော့ အားလုံးက အင်အားစု (၃) စုလုံး စားပွဲဝိုင်းမှာထိုင်ပြီး ငါတို့နိုင်ငံမှာ ဘယ်ဟာတွေက အဓိက ပြဿနာ ဖြစ်နေတယ်ဆိုတာကို ရှာဖွေကြတယ်။ အဲဒီဟာတွေကတော့ .. ပြဿနာတွေ ရှိနေပြီဆိုတာလည်း နှစ်ဘက်သဘောတူကြတယ်။ အဲဒီအပေါ်ကနေ ဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းကြမယ်ဆိုပြီးတော့ ဆွေးနွေးနေကြတယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း ရောက်ရှိလာတဲ့အပေါ်မှာတော့ အားလုံးကတော့ တိုးတက်မှုတခုအနေနဲ့ မြင်ပါတယ်။ တဘက်နဲ့တဘက် အလျှော့အတင်းလုပ်ပြီးတော့မှ ကျေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုရင် အားလုံးရည်မှန်းချက်တွေ ပြည့်ဝသွားမယ့်အနေအထားလိုပဲ မြင်ရပါတယ်။

XS
SM
MD
LG