သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုတ်နေသလား


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့မတိုးတဲ့အပြင် နောက်ပြန်ဆုတ်နေတယ်လို့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်ပါတယ်။ ဒါပေမဲ့ NCA လက်မှတ်မထိုးထားတဲ့ AA နဲ့ အစိုးရတို့ ဆွေးနွေးဖို့ အပြန်အလှန် သဘောတူညီကြတာဟာ အလားအလာကောင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဦးသုဝေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတချို့ အထူးသဖြင့် AA နဲ့ တိုက်ပွဲတွေ ပိုပြီပြင်းထန်လာတာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာရဲ့ ယေဘုယျသုံးသပ်ချက်ကို ကြားချင်ပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဆိုရင် AA နဲ့ပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်တာ မကောင်းပါဘူး။ အခုတော့ AA နဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်နေတာလဲ ရည်ရွယ်ချက်တွေက ခြားနားနေလို့ ဖြစ်နေလို့။ AA ကတော့ ရခိုင်အမျိုးသားဆိုတော့ ရခိုင်နယ်မှာ သူတို့ အခြေချနေတာပေါ့။ အခြေချနိုင်အောင် ကြိုးစားကြတယ်။ ရခိုင်အမျိုးသားတွေကလည်း ဝိုင်းပြီးတော့ အားပေးနေကြတယ်။ ဒါပေမဲ့ အဲဒီလို လက်နက်ကိုင်ပုံစံနဲ့ နေရာမှာ ရခိုင်ပြည်မှာ အစကမရှိဘူး၊ အခုရှိလာတယ်ဆိုတော့ အဲဒါကို မရှိအောင် အစိုးရဘက်က ကြိုးစားနေတယ်ထင်တယ်။ အဲဒီတော့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။

မေး ။ ။ အဲဒါကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းကြတာ နည်းလမ်းမှန်ပါရဲ့လား။

ဖြေ ။ ။ အဲဒါကတော့ ယေဘုယျပြောရလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး ဖြေရှင်းတာကို ဘယ်သူမှ မကြိုက်ဘူး။ ကောင်းလည်းမကောင်းဘူး။ ဒါပေမဲ့ လက်ရှိလောလောဆယ် အခြေအနေမှာတော့ တယောက်ကတိုက်တော့ တယောက်က ပြန်တိုက်တာတွေ ရှိနေတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲမဖြစ်သော်လဲ ကျနော်တို့ အခုပြောနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒါကိုဖြေရှင်းနိုင်ရင် ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကြားသလောက်တော့ အရင်တုန်းက အစိုးရကနေ NCA လက်မှတ်မထိုးတဲ့လူတွေ ရှိနေဖို့မလိုဘူးဆိုပြီး လုပ်ခဲ့တယ်။ အခုတော့ ကျနော်သိသလောက်တော့ အစိုးရက AA ကိုလည်း ဖိတ်ခေါ်တယ်လို့ ကြားသိတယ်။ AA ကလည်း လာမယ်၊ ဆွေးနွေးမယ်ဆိုတဲ့ သဘောထားတွေ ပေးတယ်လို့ဆိုတယ်။ အတိအလင်း အဲဒါမှန်တယ်ဆိုရင် ဒါက အင်မတန်ကောင်းတဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။

မေး ။ ။ UPDJC အနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်လို့ စီစဉ်ထားပါလဲ ဒီကိစ္စကို အတိအကျ အစီအစဉ် ရှိပါလား။

ဖြေ ။ ။ ကျနော်တို့ UPDJC က အခုဆိုရင် မေ့တောင်မေ့ထားသလို ထင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ UPDJC အစည်းအဝေး မခေါ်တာလည်း ကြာသွားပြီ။ ကျနော်တို့ရဲ့ အစီအစဉ်တွေကလည်း မူလစီစဉ်ထားသလို မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၈ ခုနှစ်မှာ ညီလာခံ တခါထပ်ခေါ်မယ်၊ ၂၀၁၉ ခုနှစ်မှာ နှစ်ကြိမ်ခေါ်မယ်။ အဲဒီလို ပြင်ဆင်ထားပေမယ့် အခုထိ ကျနော်တို့ ညီလာခံလည်း မဖြစ်သေးဘူး။ ညီလာခံကို အစီအစဉ်နဲ့ UPDJC လည်း မခေါ်နိုင်သေးဘူး။ဆိုတဲ့အခါကြတော့ ကျနော်တို့ UPDJC ရှုထောင့်က ကြည့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးက ရှေ့ကိုတိုးတာမဟုတ်ဘဲနဲ့ နောက်ကိုဆုတ်နေသလို ဖြစ်နေတယ်။ ကျနော်တို့ကိုယ်တိုင် အမေ့ခံထားသလို ဖြစ်နေတယ်။

မေး ။ ။ အခုတော့ လက်နက်ကိုင် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတယ် တိုင်းရင်းသားအင်အားစုတွေ ပိုများလာတယ်ဆိုတဲ့ သဘောဟာ ဒီမိုကရေစီ အလုပ်မဖြစ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါကို ဆရာ ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ဒါကတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပြီးရင် ပြန်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ မလွယ်တာကတော့ ထားပါတော့ ဒါပေမဲ့ စဉ်းစားရင်တော့ ကောင်းတာပေါ့။ ကြိုးစားမယ် ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားမယ်ဆိုရင် ကောင်းတယ်။ ဒါက ကြိုးစားနေတာပေါ့။ သို့သော်လဲ ဒီလိုကြိုးစားရင်တဲ့ တိုက်ပွဲတွေက ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အယူအဆတွေက မတူတာတွေ၊ ခြားနားနေတာတွေ ရှိနေတယ်။ အဲဒီအယူအဆတွေကလည်း ကျနော်မြင်သလောက်တော့ အစိုးရဘက်မှာလည်း … အတက်အကျ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်း ဒီလိုပဲ အတက်အကျတွေ ရှိနေတော့ တိုက်ပွဲတွေက ဖြစ်လေ့ဖြစ်ထ ရှိနေတယ်လို့ ကျနော်ထင်တယ်။ ဒါတွေကတော့ ကျနော့်အနေနဲ့ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခါနဲ့တက်ပြီးတော့ တိုက်ပွဲတွေက များလာတာ မဟုတ်ဘူး။ ကျလိုက်တက်လိုက်နဲ့ အခုတလော ပြန်ပြီးတော့ တက်လာတာပေါ့။ ဆိုလိုတာက ဒီဟာလေးတွေက ဒီလိုပဲ တက်လိုက်ကျလိုက် ရှိတတ်တယ်လို့ ကျနော် ယူဆတယ်။

မေး ။ ။ ဒါက အပေါ်ယံတိုက်ပွဲတွေပေါ့။ မတူတဲ့အယူအဆကို နိုင်ငံရေးနည်းအားဖြင့် ညှိဖို့ဆိုတာ တော်တော်လေး ခဲယဉ်းနေပါလား။ အဓိကအားဖြင့် ကျနော်ထင်တာက တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို ဒီမိုကရေစီနည်းနဲ့ ဆောင်ရွက်ချင်တယ်။ တကယ်တမ်း လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ သူတို့သဘောထားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်မယ်၊ တင်ပြဆွေးနွေးနိုင်မယ်ဆိုရင် လက်နက်ကိုင်တွေက မလိုဘူးလို့ ထင်တာပဲ။ အဲဒီတော့ ဥပဒေပြုရေးနဲ့ ပတ်သက်လို့ အဲဒါကို ဘယ်လိုလုပ်ကြမလဲ။

ဖြေ ။ ။ ကျနော် လေ့လာကြည့်သလောက် ကျနော်တို့ UPDJC မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ကြတဲ့အခါကြတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တခါတခါကြတော့ တဦးကိုတဦး နားလည်ပေးတာ၊ လျှော့ပေးတာတွေ ရှိတယ်။ တခါတခါကြတော့လဲ ကိုယ့်အယူအဆကို တခါတည်း ခိုင်ခိုင်မာမာ ဆွဲကိုင်ထားတာတွေ ရှိတယ်။ တခါတလေကြတော့ ကျနော်ထင်တယ် သူတို့ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဒီလိုဆုံးဖြတ်ချက်တွေ ဒီလိုလုပ်နေကြတာ ထင်တယ်။ တဘက်က တင်းလိုက်တဲ့အခါ တင်းတယ်။ တဘက်က လျှော့လိုက်တဲ့အခါ တိုက်ပွဲတွေ လျော့သွားတယ်။ တခါတခါ သူကလည်းတင်း၊ ငါကလည်းတင်းနဲ့ တိုက်ပွဲတွေ ဖြစ်လာတာပေါ့။ ဥပမာ ငြိမ်းချမ်းရေးစပြီး ရပ်သွားတဲ့အခါ ကျနော်တို့ UPDJC ရပ်သွားတဲ့ဟာ ဘာလဲဆိုတော့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး - တဘက်က သွားမတိုက်နဲ့ စကားလုံးထည့်ချင်တယ်။ တဘက်က မထည့်ချင်ဘူး။ မထည့်လို့ရှိရင် တဘက်က ယူဆနေတဲ့ ကိုယ်ပြန်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆိုတဲ့ဟာတွေ မစဉ်းစားဘူးဆိုတော့ ဒီအချက်ကို ဟိုဘက်က မလျှော့ဘူးဆိုရင် ငါလည်းမလျှော့ဘူးဆိုတဲ့ - အဲဒီဟာလေးတွေက တယောက်နဲ့တယောက် ဟိုဟာလုပ်ရင်နဲ့ ကြန့်ကြာသွားတော့ တိုက်ပွဲတွေဖြစ်တယ်။ ဒါတွေက တကယ့်တကယ် နောက်စိတ်က ပြောင်းသွားမယ်ဆိုရင်တော့ သိပ်ခက်ခဲမယ် မဟုတ်ဘူးလို့ မြင်တယ်။

မေး ။ ။ တကယ် ခွဲထွက်၊ မခွဲထွက်ဆိုတာထက် အဲဒီစကားလုံးလေးကို ကပ်ပြီးငြင်းနေကြတာကတော့ နည်းနည်းလေး သိပ်အလေးအနက် မဖြစ်ဘူးလို့ ထင်တယ်။

ဖြေ ။ ။ ဟုတ်တယ်။ ဒါက သိပ်ပြီးတော့ အဓိကလည်းကျတာ မဟုတ်ဘူး။ တကယ်တမ်း ခွဲထွက်ချင် ခွဲထွက်မှာပေါ့။ သူ့မှာ အရည်အချင်းရှိတယ်။ အင်အားရှိတယ်ဆိုရင် ထွက်ချင်ထွက်မှာပေါ့။ ဒါတွေကတော့ ကျနော်ထင်တယ် စကားနိုင် လုနေတဲ့သဘောလောက်ပဲ ရှိမယ်။ တကယ်လက်တွေ့တော့ ဒါက အဓိပ္ပါယ်မရှိဘူး ထင်တယ်။

မေး ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု ရတာ ပထမအဆင့်လို့ပဲ ထင်တယ်။ အဲဒီထက် အရေးကြီးတာက ဖွဲ့စည်းပုံမှာ တကယ်တမ်း ခိုင်ခိုင်မြဲမြဲ ဖြစ်အောင် လုပ်ဖို့ဆိုတာ ဒုတိယအဆင့် တက်လှမ်းရမယ်လို့ ထင်ပါတယ်။ အဲဒီအဆင့်က တော်တော်နဲ့ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ အဲဒါကတော့ ဒီလိုလေ အခုလဲ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်၊ မပြင်ဘူး လုပ်နေကြတယ်။ ဒါကတော့ ဖွဲ့စည်းပုံ ဆွဲကတည်းက ပြင်ဖို့လိုအပ်တယ်ဆိုတာ ဘာမှဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ သို့သော် ဘယ်ဥပဒေက ဘာကြောင့် လုပ်ထားသလဲ။ အဲဒီဥပဒေက ဘယ်အချိန်မှာ ပြင်သင့်သလဲဆိုတာတွေကတော့ တွက်ရမှာပေါ့။ ဒါကတော့ အခြေအနေပေါ် မူတည်ပြီတော့ လုပ်ကြရမယ်။ အခုကတော့ အဲဒီလို စနစ်တကျလည်း မဟုတ်ဘူ။ ဥပမာအားဖြင့် NLD လည်း အစိုးရမဖြစ်ခင်ကတည်းက အာဏာရဖို့ တက်လာတဲ့သူက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ လိုအပ်တာပဲ။ သို့သော်လဲ တကယ့်တကယ် အစိုးရဖြစ်ပြီးတော့ သုံးနှစ်ကြာမှ ဒီကိစ္စက ပေါ်လာတာဆိုတော့ တကယ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်လို့လား။ ဒါမှမဟုတ်လို့ရှိရင် ပြည်သူလူထုကို စည်းရုံးချင်လို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို မှန်းပြီးတော့ လုပ်တာလား။ ဒီလို သဘောမျိုးတွေ ရှိနေတယ်။

မေး ။ ။ ဒါပေမဲ့ တချို့က တွေးကြတယ် NLD က အစကတည်းက ဖွဲ့စည်းပုံ ပြင်မယ်ဆိုတာကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ရင် တပ်မတော်နဲ့ သဘောထား ပိုကွဲသွားမယ်။ ဒါက အမျိုးသားရင်ကြားစေ့ရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်မယ်ဆိုပြီးတော့ ချင့်ချိန်ခဲ့တယ်လို့ တချို့က တွက်ကြပါတယ်။

ဖြေ ။ ။ ဒီလို ဆန့်ကျင်တာကြီးကို အတင်းအဓမ္မလုပ်ကြမယ်ဆိုရင်တော့ သွေးကွဲမှာပေါ့။ နိုင်ငံရေးဆိုသည်မှာလဲ ဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ရမှာ။ ဖြစ်နိုင်တာကို အတင်းဖြစ်အောင်လုပ်တာတို့၊ တမင်လုပ်တာတို့ ဒါမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့။ ဒါက ကျနော်ထင်တယ် တကယ်တမ်း စိတ်စေတနာနဲ့ တကယ်တမ်း အရည်အချင်း ရှိလို့ရှိရင် ဖြစ်ချင်တာကို ဖြစ်နိုင်တဲ့နည်းနဲ့ လုပ်ကြမယ်လို့မြင်တယ်။ မဖြစ်သင့်တာကိုတော့ အတင်းလုပ်ကြရင်တော့ ပြောကြမှာပေါ့။

မေး ။ ။ နောက်တခု သတိရတုန်း မေးချင်ပါတယ်။ ဆရာတို့ ကျနော်တို့ ချင်းမိုင်မှာ ဆွေးနွေးပွဲ လုပ်ခဲ့တုန်းက ဆရာပြောတဲ့ စကားကို ကျနော် အခုထိ မှတ်မိနေပါသေးတယ်။ အဲဒီစကားက သမိုင်းဝင်စကားပါ။ တပ်မှူးကောင်းတို့မည်သည် နောက်ဆုတ်တဲ့အခါ တပ်ဖရိုဖရဲမဖြစ်အောင် စည်းကမ်းတကျ၊ စနစ်တကျ ဆုတ်ခြင်းသာဖြစ်တယ်။ အခု မြန်မာနိုင်ငံ စစ်တပ်ဟာလည်း တပ်ဆုတ်နေတယ်။ ဒီမိုကရေစီလမ်းကြောင်းကို လမ်းဖွင့်ပေးခဲ့တယ်ဆိုပြီး ပြောနေပါတယ်။ အခု တပ်ဆုတ်တာကော ပြတ်ပြတ်သားသား ဆုတ်ရဲ့လား။ လမ်းတဝက်မှာများ ရပ်သွားပြီလား။

ဖြေ ။ ။ ကျနော် စိတ်ထဲမှာ ရှိနေတာကတော့ ကျနော် ပြောတဲ့အချိန်တုန်းက တပ်မတော်ဟာ နောက်ဆုတ်ချင်လို့ ရွေးကောက်ပွဲ လုပ်တယ်လို့ ယူဆပါတယ်။ ဒီအချိန်အထိလည်း တပ်မတော်က စနစ်တကျ ဆုတ်နေတယ်လို့ပဲ ကျနော် ယူဆပါတယ်။ သို့သော်လဲပဲ ဆုတ်နေတဲ့လူကို မြန်မြန်ဆုတ်ပါစေလို့ဖြစ်အောင် လုပ်ပေးရမယ်။ ဒီကောင်တပ် ဆုတ်တာမဟုတ်ဘူးဆိုပြီး သူ့ကို လက်ညိုးထိုးပြီးတော့ အပြစ်တင်ဆဲတဲ့အခါကြတော့ သူက ပြန်ပြီးတော့ တုံ့ပြန်နေရတဲ့အခါကြတော့ တပ်နာသွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီတပ်က မဆုတ်ခင်တုန်းက ဘာဖြစ်လို့ မဆုတ်လဲဆိုတော့ အခြေအနေကြောင့်ပေါ့။ အဲဒီအခြေအနေကို ပြောင်းပြစ်ရမှာပေါ့။ အဲဒီအခြေအနေကို မပြောင်းလို့ရှိရင် သူဆုတ်ဖို့လည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော့်အမြင်ကတော့ သူဆုတ်ဖို့ စိတ်ထဲမှာရှိနေတယ်။ ဆုတ်ဖို့ အခွင့်အရေးတွေ ပေးဖို့လိုတယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ ဆုတ်ဖို့ အခွင့်အရေး၊ ဆုတ်ခွင့်သာအောင် အခြေအနေ ဖန်တီးပေးဖို့ လိုတာလား။ သို့တည်းမဟုတ် သူတို့ကိုယ်တိုင်က ဆုတ်ချင်သော်လဲ မဆုတ်ရဲ ဖြစ်နေသလား။ အဲဒါလဲ စဉ်းစားစရာပေါ့။

ဖြေ ။ ။ အခြေအနေ မပေးတဲ့အခါကြတော့ မဆုတ်ရဲဘူးပေါ့။

မေး ။ ။ အဲဒီတော့ ကျနော် နောက်ဆုံးမေးချင်ပါတယ်။ ဘယ်လို လုံလုံခြုံခြုံ သူတို့ကို အာမခံချက် ပေးချင်ပါလဲ။ အစတုန်းကတော့ နောက်ကြောင်းပြန် အရေးယူမှု မလုပ်ဘူးလို့ ပြောထားပြီသာပေါ့။ အဲဒါကတော့ ဖွဲ့စည်းပုံမှာလည်း ပါတယ်။ သင်ပုန်းချေမယ်ဆိုပြီတော့လည်း ဒီဘက်က ပြောထားတယ်။ လက်စားချေမယ်ဆိုတဲ့ကိစ္စလည်း ဘယ်သူမှပြောတာ မကြားမိပါဘူး။ ဒါပေမဲ့ အဓိက ဆုတ်ခွင့်သာအောင် လုပ်ပေးရမယ့် အခြေအနေတခုဟာ ဘာလို့ထင်ပါလဲ။

ဖြေ ။ ။ တကယ့်ပြဿနာကတော့ အခြားမဟုတ်ဘူးလေ။ တကယ့်ပြဿနာက တပ်မတော်နဲ့ လက်နက်ကိုင်နဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းဖို့ - သူတို့ရှေ့မှာ နှစ်ဖွဲ့စလုံးက လက်နက်ရှိကြတယ်ဆိုတော့ စိုးရိမ်နေကြတာပေါ့။ ဒီအခြေအနေကတော့ သေသေချာချာ တပ်မတော်ဆီမှာ အကုန်လုံးက စုပေါင်းပြီးတော့ ဒို့တိုင်းပြည်အတွက် အတူတကွ လုပ်ကြမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ၊ ဆွေးနွေးနိုင်တယ်ဆိုရင်တော့ ဒီပြဿနာ ပြေသွားမှာပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သံသယတွေက ရှိနေပြီးတော့ သံသယပျောက်ဖို့ ခက်တယ် မဟုတ်ဘူးလား။

မေး ။ ။ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်။ တကယ်တော့ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ကို အာမခံချက် မရှိဘဲနဲ့ လက်နက်စွန့်လိုက်ရင် သူတို့ရဲ့ မျှော်မှန်းချက်က ကုန်ဆုံးသွားပြီလို့ သူတို့ တွက်နေကြတယ်ပေါ့။

ဖြေ ။ ။ ဟုတ်တယ်။ အဲဒီ အာမခံချက် ရှိတာကို လုပ်ကြရမယ်။ သူတို့နှစ်ဘက်ကတော့ နှစ်ဘက်စလုံးက အာမခံချက်ရှိအောင် ဖြစ်သွားအောင်ဆိုရင် - ဖြစ်လာမှာပါ။ ဖြစ်အောင် ဆွေးနွေးမှုပဲလိုတယ်။ သူတို့ကလည်း ဆွေးနွေးမှု အခွင့်အရေးရရဲ့သာနဲ့ ဘာဖြစ်လို့ ဒီလို ပြေလည်အောင် မလုပ်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

XS
SM
MD
LG