ဒီကနေ့ တိုင်းရင်းသားအင်အားစုတချို့ဟာ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုထက် ပိုမိုလျော့ရဲပြီး၊ ဗဟိုထိန်းချုပ်မှုအောက်ကနေ ပိုမိုကင်းလွတ်သော ရပ်တည်မှု ရရှိရေးအတွက် စတင်ပြောကြားလာကြတာကို တွေ့ရပါတယ်။ ဒီလို တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှုအရှိန်အဟုန် ဘာကြောင့်ပိုမို မြင့်မားလာရပါသလဲ။ ပြေလည်မှုရရှိအောင် ဘယ်ပုံဘယ်နည်း ကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ UPDJC ခေါ် "ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ" ဒုဥက္ကဌ ဦးသုေ၀ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ကျနော် ပထမဦးဆုံး မေးချင်တာက အခု ရခိုင် AA က ကွန်ဖယ်ဒရေးရှင်း လိုချင်တယ်ဆိုတဲ့သဘောမျိုး ပြောလာပါတယ်။ တခါ ကချင်အဖွဲ့အစည်းတချို့ကလည်း သီးခြားနိုင်ငံဆိုတဲ့သဘောမျိုး ပြောလာကြပါတယ်။ ဆိုတော့ ဒီအသံတွေ ကြားလာရတာဟာ ပြည်ထောင်စုအရေးအတွက် ရင်လေးစရာများ ကောင်းသလား ဆရာ။
ဖြေ ။ ။ အများကြီး ရင်လေးစရာကောင်းတာပေါ့။ ဒီလိုသဘောထားတွေက တယောက်နဲ့တယောက် စိတ်ဝမ်းကွဲပြားမယ့် သဘောထားတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆန္ဒတွေကတော့ လွတ်လွတ်လပ်လပ် ကိုယ့်တိုင်းပြည်နဲ့ကိုယ် နေချင်တာတော့ပါမှာပေါ့။ ဒါပေမဲ့ အခြေအနေက ဒီလိုမှ မဟုတ်ဘဲနဲ့ ဒီလိုကာလမှာ ကိုယ့်ပြည်ထောင်စုကြီးတခုတည်းကိုမှာမှ လွတ်လွတ်လပ်လပ် နေဖို့က ပိုပြီးတော့ ကောင်းတာပေါ့။ ဒီလိုသီးခြားလွတ်လပ်ဖို့ ဆိုတာကတော့ ဟိုအရင်တုန်းက ခေတ်တုန်းက ကိုယ့်ဘုရင်နဲ့ ကိုယ့်မင်းနဲ့ နေခဲ့ကြတယ်။ ဟိုနှစ်ပေါင်းများစွာ နေခဲ့ကြပြီး အခြေအနေက မပိတ်ခဲ့ဘူး။ အခုနေကာလမှာ ဒီလိုသဘောထားတွေ ရှိတယ်ဆိုတာကတော့ အများကြီးအန္တရာယ်ရှိတယ်။
မေး ။ ။ ဒါပေမဲ့ အရင်တုန်းက လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုမှုတွေ၊ တိုင်းရင်းသား ပုန်ကန်မှုတွေ ရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဒီလောက်ထိ ပြင်းပြင်းထန်းထန်း မကြားခဲ့ရဘဲနဲ့ အခုနောက်ပိုင်းမှာ ပိုပြီးတော့ တောင်းဆိုသံတွေက ပိုပြင်းထန်းလာတယ်။ ပိုပြီးတော့ သီးခြားသဘော၊ ပိုပြီးလျော့ရဲတဲ့ ပြည်ထောင်စု တောင်းဆိုလာကြတာ။ ဘာကြောင့်လို့ စမ်းစစ်မိပါလဲ။ ဖိနှိပ်လွန်လို့များ ပုန်ကန်လာတဲ့သဘောလား။ ဒါမှမဟုတ်ရင် ဒီမိုကရေစီအစိုးရလက်ထက်မှာ လျော့ရဲလာလို့လား။ ပိုပြီးရုန်းထွက်ဖို့ ကြိုးစားတဲ့သဘောလား။ ဆရာ ဘယ်လိုတွေးမိပါလဲ။
ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်က လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်က ရှိလာခဲ့တယ်။ ဒါက လွတ်လပ်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်သေးဘူး။ ဒါက အဓိပ္ပါယ်မဟုတ်ဘဲနဲ့ အာဏာကိုရအောင်ယူတာ ဖြစ်နေတယ်။ အခုအခြေအနေကလဲ ဘာဖြစ်နေလဲဆိုတော့ ဒီတိုက်ပွဲတွေ၊ ပဋိပက္ခတွေက ဟိုတုန်းကလောက် မဆိုးပါဘူး။ ဒါကြောင့်မို့ ဖိနှိပ်လွန်းလို့ အယူအဆတွေ ပြောင်းသွားတယ်ဆိုတာ အဲဒီလိုတော့ မဟုတ်ဘူးထင်တယ်။ ကျနော့်အမြင်ကတော့ တဦးနဲ့တဦး ယုံကြည်မှုတွေ မရသေးတာ။ နောက်ပြီးတော့ ဖြေရှင်းလို့ မရသေးတာ၊ ငြိမ်းချမ်းရေးမရသေးတာက ဆွေးနွေးရင် ဆွေးနွေးရင်နဲ့ ကိုယ်လိုချင်တာတွေ တိုးတိုးပြီး တောင်းလာတာ။ တောင်းဆိုတယ်ဆိုတာကလဲ တဘက်က မယုံကြည်မှုတွေ တိုးလာတဲ့အခါကြတော့ ဖြေရှင်းရခက်သွားတဲ့သဘောပဲလို့ ယူဆပါတ လူမျိုးရေးစိတ်ဓါတ် နှင့် ပြည်ထောင်စုရှေ့ရေး
ယ်။ … တဘက်နဲ့တဘက် တင်းမာနေတဲ့သဘော မဟုတ်ဘူးလို့ ထင်ပါတယ်။
မေး ။ ။ တဘက်နဲ့တဘက် မယုံကြည်မှုတွေ ပိုများလာရတဲ့အကြောင်းကိုလည်း ကျနော် မေးချင်ပါတယ်။ ဆရာက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့နေရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာ သူတို့တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ သူတို့ဆီက မယုံကြည်တဲ့စကားတွေ ပိုပြီးကြားခဲ့ရသလား။
ဖြေ ။ ။ ဒီလို မယုံကြည်မှုဆိုတာက အစကတည်းက ရှိနေခဲ့တာ။ အစကတည်းက ရှိခဲ့တာဆိုတော့ ဆွေးနွေးရင် ဆွေးနွေးရင်နဲ့ ဒီဘက်မှာ ဆွေးနွေးပြီး မဖြေရှင်းနိုင်သေးတဲ့အချက်တွေ ရှိတာပေါ့ - ဥပမာ တပ်မတော်တခုတည်း ရှိရမယ်။ ခွဲထွက်ရေး မလုပ်ရဘူး။ ဒီစကားလုံးတွေနဲ့ ပတ်သက်လို့ အယူအဆတွေ လွဲနေတာ စသဖြင့် ကျနော့်အမြင်ကို ပြောရရင် ကြီးနေတဲ့ ပြဿနာတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို စကားလုံးကြီးတွေနဲ့ ပတ်သက်ပြီး ပြောရင်းနဲ့ မယုံကြည်တာလေးတွေ ပိုလာတယ်လို့ ထင်ပါတယ်။
မေး ။ ။ အခုနောက်တခု ကျနော် စဉ်းစားမိတာက “ဝ” UWSA ကြတော့ သူတို့ “ဝ” ဒေသဟာ တကယ့် Confederation ပုံစံမျိုးနဲ့ နေတယ်။ စစ်တပ်လည်း သူတို့ဆီမှာ ရှိတယ်။ သူတို့ကိုယ်ပိုင် စီမံခွင့် တော်တော်များများရပြီးတော့ နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ နမူနာကိုများ ကျန်တဲ့ တိုင်းရင်းသားတွေ အားကျလားသလာလို့ ကျနော် စဉ်းစားမိပါတယ်။
ဖြေ ။ ။ အဲဒါကတော့ အစကတည်းက ရှိနေတာ။ ကျနော့်အမြင်ကတော့ ကျနော်တို့ လွတ်လပ်ရေးရကတည်းက ရှမ်းက Confederation တောင်းခဲ့တာ။ Confederation ဆိုတာကလဲ လွတ်လပ်ခွင့်ပါပဲ။ ဘာပဲပြောပြော ကိုယ့်ကိုယ်ကို လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီဆန္ဒတွေက အခုထိ မပျောက်သေးဘူး။ အဲဒါကြောင့်မို့ ဒီလိုတောင်းဆိုမှုတွေ ရှိနေတယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ တချို့သမိုင်းကို ပြန်ကြည့်ရင် ဗမာဘုရင်တွေက တိုင်းရင်းသားဒေသတွေကို သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ အဲဒါကို တချို့သမိုင်းဆရာတွေ သုံးသပ်တော့ ဘာတွေ့ရလဲဆိုတော့ အဲဒီဘုရင်တွေလက်ထက်ကလဲ တိုင်းရင်းသားဒေသတွေကို အခုခေတ်လောက် အနီးကပ်စောင့်ကြည့် ဖိနှိပ်မှု မရှိဘူးလို့ သုံးသပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်စစ်ထွက်မယ်ဆိုရင် တိုင်းရင်းသားဒေသက စစ်သားစုဆောင်းပေးရတာတခု။ နောက်တခုက နှစ်စဉ်အခွန်ဆက်သရတာတခု ဒီနှစ်ခုကလွှဲရင် ဘုရင်တွေလက်အောက်မှာကတည်းက ဗမာဘုရင်တွေ သိမ်းပိုက်စဉ်ကတည်းက တိုင်းရင်းသားတွေက ကိုယ့်ဒေသနဲ့ကိုယ် သီးသီးခြားခြား နေခွင့်ရခဲ့တယ်ဆိုတာကို သမိုင်းဆရာတွေ အဲဒီလို ကောက်ချက်ချကြပါတယ်။ အခု လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတွေကို စီမံခန့်ခွဲလာတဲ့စနစ်က ပိုပြီးတော့ ကျဉ်းကျပ်လို့လား အဲဒါကို စဉ်းစားမိပါတယ်။
ဖြေ ။ ။ ဖိနှိပ်မှုကတော့ ဗမာနိုင်ငံမှာ တနေရာနဲ့တနေရာ၊ လူမျိုးတခုနဲ့တခု ဒီလိုပဲ တိုက်ကြခဲ့တယ်။ အဲဒီခေတ်တုန်းကတော့ ရှင်ဘုရင်တွေက လူမျိုးစုတွေပဲတိုက်တိုက်၊ တခြားတိုင်းပြည်ကိုပဲတိုက်တိုက် တိုက်ပြီးတဲ့အခါ သက်ဆိုင်ရာဒေသတွေကို ပြန်ပြီးတော့ သူ့လူမျိုးစုတွေကို အုပ်ချုပ်ခိုင်းတယ်။ သို့သော်လဲ အခွန်ဘဏ္ဍာဆက်တယ်၊ သမီးကညာဆက်တယ် အဲဒီအခြေအနေနဲ့ ဆက်ဆံခဲ့တယ်။ အဲဒါကို လွတ်လပ်တယ်လို့ ဒါကိုပြန်ပြီးတော့ တွေးနေတာတော့ ဒါက အရင်ခေတ်က အခြေအနေ။
မေး ။ ။ တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ကြမယ်ဆိုရင်တော့ Identity Politics ခေါ်တဲ့ သူ့လူမျိုး၊ ငါ့လူမျိုး၊ သူ့ဘာသာစကား၊ ယဉ်ကျေးမှု ဘာသာရေး စတာတွေကို ခွဲခြားပြီးတော့ လက်ညိုးထိုးနေလို့တော့ မဖြစ်ဘူး ထင်ပါတယ်။ အဲဒါတွေ မရှိလေကောင်းလေပေါ့။ ဒါပေမဲ့လဲ မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေမှာ အဲဒါတွေကို လူတွေက မမေ့ဖျောက်နိုင်ကြဘဲနဲ့ ပိုပိုပြီးများလာတာ တွေ့ရပါတယ်။ အဲဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မယ် ထင်ပါလဲ။
ဖြေ ။ ။ အဲဒါကတော့ တဦးနဲ့တဦး ပိုပြီးတော့ စိတ်ရှည်ပြီး၊ သည်းခံပြီး တွေ့ဆုံမှုတွေများများ လုပ်ရမယ်ထင်တယ်။ ကြားထဲကဝင်ပြီး ကူတဲ့လူတွေများများ လုပ်ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ဆုံခွင့်နည်းရင် အဲဒီလို စိတ်သံသယတွေ ရှိနေတယ်ဆိုရင် ပိုပြီးတော့ ဖြစ်မယ်။ လူတွေက ဘာတွေစဉ်းစားသလဲဆိုတော့ ဟိုတုန်းက ရာစုနှစ်ပေါင်းများစွာက တိုင်းပြည်အခြေအနေက ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံတွေထူထောင် ကိုယ့်ဟာကိုယ် ချဲ့ထွင်ပြီးတော့ နိုင်ငံတည်ဆောက်ကြတယ်။ အဲဒါနဲ့ပဲ မြန်မာနိုင်ငံကြီးက အခု ကျနော်တို့နေနိုင်တဲ့ ဧရိယာလောက် ဖြစ်လာတာပေါ့။ ဒါပေမဲ့ အခုအခြေအနေကတော့ တခြား။ အခုအခြေအနေကတော့ တိုက်ပွဲတွေ ဖြစ်နေတာ မကောင်းဘူးပေါ့။ အဲဒီလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် သံသယတွေ ပိုရှိလာကြတယ်။ ကျနော်ထင်တယ် တွေ့ဆုံပွဲတွေ များများလုပ်ပေးရမယ်။ တွေ့တဲ့အခါမှာ နံပတ်တစ်ကတော့ အကောင်းမြင်ကြရမယ်။ နံပတ်နှစ်ကတော့ သူများစကားပြောတာကို ကိုယ့်ကလေးလေးစားစား နားထောင်ရမယ်။ နောက်ပြီးတော့ ကိုယ်ပြောချင်တာကိုလည်း ရှင်းရှင်းလင်းလင်းသိအောင် ပြောရမယ်။ နောက် အလျှော့အတင်း လုပ်ရမယ်။ သည်းခံရမယ် .. အဲဒီနည်းတွေနဲ့ ဆက်ပြီးတော့ လုပ်မယ်ဆိုရင်တော့ လူမျိုးအချင်းချင်း ချစ်ခင်ရေး၊ တယောက်နဲ့တယောက် နားလည်မှုရှိမှုတွေ ဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒါ များများလုပ်ဖို့လိုတယ်။
မေး ။ ။ ဟိုတုန်းက ဘုရင်ခေတ်က၊ ရှေ့လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သီးခြားနေခဲ့တဲ့ကိစ္စကို အခုမှ ပြန်ပြီးတော့ ဖော်ထုတ်လာကြတဲ့သဘော တွေ့ရပါတယ်။ အဲဒါကြောင့် အခုအခြေအနေမှာ ဘာကြောင့် ပိုပြီးခံပြင်းလာကြလဲ။ အဲဒါကို ကျနော် အမြဲတမ်းစဉ်းစားမိပါတယ်။
ဖြေ ။ ။ အဲဒါကတော့ ကျနော် နားလည်သလောက်ကတော့ အချင်းချင်း အငြင်းအခုန် ပြဿနာတွေက ရှိလာခဲ့ပြီး ဖြစ်ချင်တဲ့အရာတွေက တခုပြီးတခု တိုးလာတာကြောင့် အဲဒီလို ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။
မေး ။ ။ နောက် ဆရာတို့က ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေရတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့အတွက် အခြေအနေ ဖန်တီးပေးနိုင်ပါ့ရဲ့လား။ အပစ်အခတ်ရပ်စဲရေးကို ပထမဦးဆုံး ရှင်သန်အောင် ခိုင်မြဲအောင် မလုပ်သင့်ဘူးလား။
ဖြေ ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံကြီးလည်း မခေါ်နိုင်သေးဘူး။ ခေါ်ဖို့လုပ်ထားတာတွေလည်း နောက်ဆုတ်သွားတာ ရှိတယ်။ ငြိမ်းချမ်းရေးအတွက်ကို ကျနော်တို့လည်း အခုထိ မခေါ်နိုင်သေးဘူး ဖြစ်နေတယ်။ အဲဒါတွေက ဘာဖြစ်လို့လဲဆိုတော့ အခုန ဦးကျော်ဇံသာပြောတဲ့ သံသယတွေ ဖြစ်နေတယ်။ ညှိနှိုင်းမှုတွေ မရသေးတော့ တရားဝင်ဆွေးနွေးတာထက်၊ အလွတ်သဘော ဆွေးနွေးမှုတွေ များများလုပ်နေတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ တွေးမြင်တယ်။ အဲဒီလို အလွတ်သဘောများများလုပ်ပြီးတော့ ပြန်ပြီးနားလည်မှုရအောင် ကြိုးစားနေကြတယ်။ အဲဒီလို နားလည်မှုရမှ စနစ်တကျပြန်ပြီးတော့ ငြိမ်းချမ်းရေးခေါ်ဆောင်မှုတွေ ပြန်လုပ်ဖို့ အဲဒီလို ကြိုးစားနေမှုလို့ ကျနော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ညီလာခံလည်း မခေါ်နိုင်သေးဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့က မခေါ်နိုင်သေးရင် ကျနော်တို့ နိုင်ငံရေးပါတီအဖွဲ့တွေက တိုင်းရင်းသားဒေသတွေလျှောက်သွား ပြည်သူလူထုနဲ့တွေ့ သဘောထားတွေမေး၊ ကျနော်တို့ကလည်း ပြေလည်ရာပြေလည်ကြောင်း အဓိကဖြစ်နေတဲ့ ပြဿနာကြီးတွေကို ဝိုင်းပြီးတော့ ဖြေရှင်းကြဖို့ အဲဒီလို ဝိုင်းပြီးတော့ အားပေးနေကြပါတယ်။ အဲဒီနည်းနဲ့ လုပ်ပြီးတော့မှ ကောင်းလာမယ်လို့တော့ ကျနော်က တွက်နေမိပါတယ်။
မေး ။ ။ သောတရှင်များခင်များ … သမိုင်းကို မထိန်မချန်လေ့လာ လက်ရှိအခြေအနေကို အမှန်အတိုင်းသုံးသပ်၊ အနာဂတ် ဘုံအကျိုးစီးပွားအတွက် ရှေ့ရှုပြီးတော့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရေးတို့က ပြည်ထောင်စုညီညွှတ်ရေး၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးဆုံး လိုအပ်ချက်တွေ ဖြစ်တယ်လို့ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ယူဆမိကြောင်းပါ။ ကျေးဇူးတင်ပါတယ်။