သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေကင်းမဲ့သော ရခိုင်စစ်တလင်း


Myanmar Army in Rakhine State
Myanmar Army in Rakhine State
ဥပဒေကင်းမဲ့သော ရခိုင်စစ်တလင်း
please wait

No media source currently available

0:00 0:11:26 0:00
တိုက်ရိုက် လင့်ခ်

ရခိုင်ပြည်နယ်မှာ တပ်မတော် နဲ့ AA တိုက်ပွဲကြား ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ပြည်သူတွေရဲ့ ညည်းတွားတိုင်တားသံတွေကို ကြားနေရပေမယ့် တရားလွှတ်တော်ရှေ့နေတယောက်အနေနဲ့သော်၎င်း၊ မဲအများစုအနိုင်ရတဲ့ ပါတီတရပ်အနေနဲ့သော်၎င်း ဘာမှလုပ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ ANP ပါတီ ဒု-ဥက္ကဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဒေါ်အေးနုစိန် က ဆိုပါတယ်။ အသေးစိတ်ကို ဒေါ်အေးနုစိန် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ဆွေးနွေးချင်တဲ့အပိုင်းကို နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမတခုက ဒေါ်အေးနုစိန်က တရားလွှတ်တော်ရှေ့နေကြီး ဖြစ်တဲ့အတွက် ဥပဒေအကြောင်းကို မေးချင်ပြီး၊ ဒုတိယပိုင်းမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ဒေါ်အေးနုစိန်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်တဲ့အတွက်။ ဥပဒေအကြောင်းအရ မေးမယ်ဆိုရင်တော့ အခု ရခိုင်ပြည်နယ်အတွင်းမှာ ရွာသားအချို့ကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးတဲ့ အတောအတွင်းမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကို အများကြီးတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်ကို အကျဉ်းရုံးလေး သိပါရစေ။

ဖြေ ။ ။ စုစုပေါင်း ရွာသား (၁၃) ယောက်လောက် စစ်တွေ၊ မြောက်ဦး၊ မင်းပြားဒေသက ဟိုရွာဒီရွာကနေ ဖမ်းတယ်တဲ့အခါ ဆေးလာကုတဲ့ တစ်ယောက်က သေသွားပြီးမှာ သူတို့ကို ရဲလက်ထဲကို အပ်လိုက်တယ်။ မနေ့ကပဲ ကျမကို ရုံးကပြောတယ် တရားစွဲတင်မယ်ဆိုတာလောက်ပဲ ကျမ သိပါတယ်။ အဲဒီတော့ ကြားမှဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ (၁၇)(၁)(၂) နဲ့ ရမန်ယူတယ်။ စစ်တွေကို ပို့တယ်။ ရမန်ကာလ ပြီသွားတဲ့အခါမှာ တရားခံမပါဘဲနဲ့ အကြမ်းဖက်ဥပဒေနဲ့ဆိုပြီးတော့ ရမန်ထပ်ယူတယ်။ အဲဒါမျိုးတွေ ကျမတို့ သိရှိရပါတယ်။ နောက်တခါ မြောက်ဦးကို ခေါ်သွားတယ်။ စစ်တွေကို ပြန်ယူလာတယ်။ ရမန် ရှိပေမယ့် တရားစွဲဆိုမယ့် အနေအထား မရှိဘူး။ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လုံးဝမညီမညွှတ် ဖြစ်နေတဲ့ မြောက်ဦးမြို့နယ်အကြောင်းကို အခုလို လူတွေသိကြတဲ့ ကိစ္စပါ။ အဲဒီမှာ (၁၃) ယောက် ရှိပါတယ်။

နောက် .. (၂၇) ယောက်မှာ (၃) ယောက် သေဆုံးသွားတဲ့ကိစ္စ ရှိပါတယ်။ သတင်းတွေမှာလဲ ကြိုးဆွဲချသေတယ်။ နှလုံးရောဂါနဲ့သေတယ်။ နောက်တယောက်ဆို ဆေးပြတ်လို့သေတယ် စသဖြင့်။ သေတယ်ဆိုပေမယ့် သဂြုႋဟ်တာကအစ မိသားစုတွေကို အသိပေးခဲ့လားလို့ မေးမြန်းတဲ့အခါ မပေးခဲ့ဘူးဆိုတဲ့ အနေအထားတွေက တကယ့်ကို ဥပဒေနဲ့မညီဘဲနဲ့ ပြည်သူတွေ ထိခိုက်နစ်နာရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာတော့ မြင်သာနိုင်ပါတယ်။

မေး ။ ။ ဖမ်းဆီးစစ်ဆေးတာ ရဲလား၊ စစ်တပ်လား။

ဖြေ ။ ။ စစ်တပ်ပါ။ နောက်မှ ရဲကိုလွှဲလိုက်တယ်။ ဒါပေမဲ့ ရမန် (၈) ရက် တရားစွဲတင်ရမယ့်နေ့မှာ အဲဒီဥပဒေ မဟုတ်တော့ဘူး။ နောက်ဥပဒေတခုက ထပ်ပြီးတော့ အရေးယူတယ်။ နောက်ပြီးတော့ တရားခံမပါဘဲနဲ့ ရမန်ယူတယ်ဆိုတာမျိုးတွေကအစ ကျမတို့ ကြုံတွေ့နေရပါတယ်။

မေး ။ ။ စစ်တပ်က ကျူးလွန်တဲ့ ဥပဒေတွေကို အရပ်ဘက်တရားရုံးက စီရင်ခွင့် ရှိပါသလား။ စစ်ဘက်ဆိုင်ရာ တရားရုံးကပဲ စီရင်ရမယ့်လို့ ပြဌာန်းထားသလားလို့ပါ။

ဖြေ ။ ။ ဒါကတော့ စစ်ဘက်မှာ စစ်တပ်က စစ်မှုထမ်းနေတဲ့လူတွေ ကျူးလွန်တဲ့အမှုကိုတော့ စစ်ဘက်နဲ့ နယ်ဘက် အရေးယူတာတွေ ရှိပါတယ်။ အခုက အရပ်သားတွေနဲ့ သက်ဆိုင်တာကို တပ်ကဖမ်းလိုက်ပြီးရင် စုံစမ်းစစ်ဆေးကာလဆိုပြီးတော့ ရဲလက်ထဲကို အပ်မှပဲရောက်တဲ့ အနေအထားပါ။ ရောက်ပြီဆိုရင်လဲ နဂို ရမန်ယူထားတဲ့ ဥပဒေနဲ့ တရားစွဲတင်ရမယ့် သတ်မှတ်ထားတဲ့ရက် ကုန်သွားရင် နောက်ဥပဒေတခုနဲ့ ထပ်ယူလိုက်တယ်။ ဒါမျိုးတွေကတော့ ကျမ အခုလက်ရှိလိုက်နေတဲ့ အမှု သုံးလေးမှုမှာတောင်မှ ကြုံတွေ့နေရတဲ့ အနေအထားပါ။

မေး ။ ။ အခု ဒေါ်အေးနုစိန် ပြောသွားတဲ့အတိုင်းဆိုရင် ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမှန်တရားကို ဖော်ဆောင်နိုင်တဲ့ တရားဥပဒေအရ Justice ကို ဖော်ဆောင်နိုင်မယ့် အလားအလာ သိပ်အားနည်းနေတယ်လို့ ကျနော် သဘောပေါက်ပါတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ အဲဒါက တကယ့်ကို မှန်ပါတယ် ဆရာ။ အထူးသဖြင့် မနေ့တနေ့ကပင် ကျောက်တော်မှာ ဖြစ်သွားတဲ့ကိစ္စ။ မနက်စာစားပြီး (၁၀) နာရီထိုးကတည်းက ကျမဆီကို ဖုန်းတွေနဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တစာစာအကူအညီတောင်းကြတယ်။ အဲဒီမှာ ပစ်နေကြပြီ ဘာညာဆိုပြီး ဖုန်းသုံးလေးလုံးနဲ့ ဆက်ကြတယ်။ ကျမက ဘေးကင်းပါစေ၊ ဘာတွေအကြောင်းပြကြမလဲဆိုတာကို ဆုတောင်းရင်းနဲ့ မနက်ရောင်ခြည်လင်းကို မလာသေးဘူး၊ ကျမဆီကို ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူစာရင်းကို ကျမ မယုံမှာဆိုလို့ ကျမကို ဖုန်းနံပတ်တွေနဲ့ ပို့ကြတယ်။

ဒါပေမဲ့ ကျမတို့က ဘာကိုမှ ထိထိရောက်ရောက်ကို မကူညီနိုင်ခဲ့ဘူး။ ဒါတွေကို ကျမ ရှေ့နေလုပ်နေတဲ့ ရှေ့နေတယောက်အနေနဲ့ အခုလို ပြည်သူတွေ ထိခိုက်နစ်နာချိန်မှာ ကိုယ်တတ်ထားတဲ့ ဥပဒေပညာ၊ ကိုးစားတဲ့တရားဥပဒေက ဒီအနေအထားမှာ ဘာအရာရောက်နေလဲဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလိုပဲ ခံစားရတယ်။ ဘယ်သူကို သွားပြောရမလဲ မသိတော့တဲ့ အနေအထား ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျမ အင်တာဗျူးတွေမှာ ဖြေပါတယ်။ ဆရာမတို့က ANC ကနေ အိတ်ဖွင့်တိုင်ကြားစာပို့တယ် - သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံရယ်၊ ကာချုပ်နဲ့ လူ့အခွင့်အရေးတို့ကို ပို့တာ ထိရောက်ပါ့မလားဆိုတော့ တိုင်းပြည်အုပ်ချုပ်တဲ့ အကြီးအကဲတွေကိုမှ ကျမတို့ တရားဥပဒေစိုးမိုးဖို့အတွက်၊ တိုင်းပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တင်ပြတိုင်ကြားမှုမပြုရင် ကျမတို့ ဘယ်သူ့ကို အားကိုးရမလဲ။ အဲဒီလိုမျိုး ကျမ ပြောဖူးတယ်။ အဲဒါ ကျမရဲ့တကယ့်ကို ရင်တွင်းခံစားချက်ပါ။

မေး ။ ။ အဲဒီမေးမြန်းတုန်း သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေဘက်က လူမှုရေးအားဖြင့် စာနာမှု ပြသတာ၊ တောင်းပန်တာ၊ ကျန်ရစ်တဲ့မိသားစုကို နစ်သိမ့်လျော်ကြေးပေးတဲ့ ပုံစံမျိုးတွေ ရှိပါသလား။

ဖြေ ။ ။ ဒီလက်ကာမှာ (၂၇) ယောက် ဖမ်းပြီးတော့ (၃) ယောက် ဆုံးသွားတာကို ဘာတခုမှ မပြတဲ့အပြင် ယုတ်တိမတန်တဲ့ facebook တွေမှာ လျှောက်ရေးသလိုမျိုး ဟာသ နားထောင်နေရသလိုမျိုးတွေပါ။

မေး ။ ။ ဒီဖြစ်ခဲ့တဲ့ကိစ္စတွေက တကယ်တော့ ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ ပိုပြီးတော့ များလာတယ်ဆိုတဲ့သဘော တွေ့ရပါတယ်။ ဆိုတော့ AA နဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဘယ်လောက် အလားအလာ ရှိနေပါလဲ။ အခု ပထမတကြိမ် မကြာသေးခင်က တွေ့ဆုံကြတယ်။ ဆက်လက်ဆွေးနွေးမယ်ဆိုပြီးတော့ သဘောတူကြတယ်ဆိုပြီး ကြားလိုက်ရပါတယ်။ ဒီအတွက်ကို ဒေါ်အေးနုစိန် ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ တဘက်က ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လိုက်တယ်။ တဘက်ကလဲ ကမ်းလှမ်းတာကို လက်ခံပြီးတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုကတည်းက တစုံတရာအတိုင်းအတာအထိ တည်ဆောက်မှုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ရင်တော့ ငြိမ်းချမ်းရေးဆိုတာ ရကိုရနိုင်မယ့် အနေအထားဆိုတာကို ကျမအနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျမတို့က လက်နက်ချပါ။ လက်နက်စွန့်ပါ။ NCA နဲ့ ငြိမ်းချမ်းရေးကို သွားကြပါဆိုတဲ့ ဒီလောက်ရောဂါသေးတဲ့အချိန်မှာ ဆေးမတိုးဘဲ ဖော်မြူလာနည်းတွေကို မသုံးပါနဲ့ ပြည်သူတွေကို မျက်နှာမူတယ်ဆိုရင်တော့ ယာယီအပစ်ခတ်ရပ်စဲတာတို့၊ အဲဒါမျိုးတွေ လုပ်သင့်တယ်လို့ ကျမ က ဦးအေးသာအောင် ဦးဆောင်တဲ့အဖွဲ့က ကျမကို ခေါ်ပြီးတော့တွေ့ဖို့ ပြောတာတွေ ရှိခဲ့ပါတယ်။

မေး ။ ။ ဦးအေးသာအောင် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေး အထောက်အကူပြုအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်မျှော်လင့်ချက် ထားနိုင်ပါလဲ။ ဒီအဖွဲ့က တကယ်ပဲ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျမ တွေ့လိုက်တဲ့အနေအထားကတော့ ပထမတနေ့က မိတ်ဆက်စကားလေး ပြောပြီးတာနဲ့ ကျနော်တို့ကို ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးကြပါဆိုကာ အဲဒီနေ့မှာ ကျမတို့က နားထောင်ရုံပဲ ဖြတ်သန်းခဲ့ပါတယ်။ နောက်တနေ့မှာ သီးခြားတွေ့ချင်တယ်ဆိုလို့ ကျမနဲ့ ဦးအောင်မြတ်ကျော်တို့ သွားတွေ့ပါတယ်။ အဲဒီအချိန်မှာ ဦးအေးသာအောင်၊ ဆရာဦးဖေမြင့်၊ ဗိုလ်ချုပ်မောင်မောင်အုန်းတို့က ပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်ဆိုလို့ ကျမလည်း တကယ့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ Short-term, Long-term တွေ ပြောပါတယ်။ ကျမက Long-term ဆိုတာကြီးကို ခံစားလို့မရဘူး - ဆယ်နှစ်လား၊ ဆယ့်ငါးနှစ်လား။ ရေရှည်ကိုပဲ သွားမယ်ဆိုရင် ရေတိုမှာ အခုရောက်နေတဲ့ ဒုက္ခတွေကို ဘယ်လိုတားဆီးမလဲ။ ဟန့်တားမလဲ။ အထူးသဖြင့် မြောက်ဦးနဲ့ ပတ်သက်တဲ့ ထိခိုက်နစ်နာမှုတွေ၊ ကမ္ဘာ့အမွေအနစ်နဲ့ ပတ်သက်နေတဲ့ အနေအထားတွေ အဲဒါမျိုးတွေပါ ကျမတို့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ … ဆိုတာကြီးနဲ့ ဇာတ်မျောမသွားဘဲနဲ့ လက်တွေ့လုပ်နိုင်တဲ့ အနေအထားမှာတော့ ယာယီအပစ်အခတ် ရပ်စဲရေးကို လုပ်စေချင်တာကို ကျမ ပြောပါတယ်။

မေး ။ ။ သူတို့ဘက်က တုံ့ပြန်မှုက ဘယ်လိုနေပါလဲ။ သူတို့က ဒေါ်အေးနုစိန်တို့ ပြောတဲ့အတိုင်း လောလောဆယ် ရေရှည်တွေကိုထားလိုက်၊ လက်တွေ့မှာ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးဖို့ဆိုတာတွေ အရေးကြီးတယ်ဆိုတဲ့ကိစ္စကို သူတို့ဆက်လက်တင်ပြလိမ့်မယ်လို့ ထင်ပါသလား။ ထိရောက်လိမ့်မယ်လို့ ယုံကြည်ပါလား။

ဖြေ ။ ။ ကျမစကားကို လက်ခံပြီးတော့ ဒီထက်ကို လက်ခံပါတယ်ဆိုပြီးတော့ ပြောပါတယ်။ ပြီးတော့ သူတို့ကို တင်ပြပါမယ်ဆိုပြီးတော့လဲ ကျမကို ပြောခဲ့တယ်။

မေး ။ ။ နောက်တခုက ဒီအဖွဲ့က သက်ဆိုင်ရာတွေနဲ့ တွေ့ဆုံပြီးတော့ အကြံပေးတင်ပြဖို့ သူတို့ရဲ့ အဓိကတာဝန်ကဆိုပြီး အဲဒီလိုပဲ ရေးထားပါတယ်။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိတဲ့ အဖွဲ့ မဟုတ်ဘူးပေါ့။ ဆိုတော့ သက်ဆိုင်ရာဆိုတဲ့အထဲမှာ AA တပ်ဖွဲ့နဲ့ကော တွေ့သင့်တယ်လို့ မထင်ဘူးလား။ သူတို့ တွေ့မယ်ထင်ပါသလား။ တွေ့ဖို့ကော စီစဉ်တယ်လို့ ကြားပါလား။

ဖြေ ။ ။ တွေ့မယ့်အစီအစဉ်တော့ မပြောပါဘူး။ ကျမကပဲ တကယ်လို့ ဒီလိုမတည်မငြိမ်တဲ့ကိစ္စကို ဆောင်ရွက်မယ်ဆိုရင် ကြားခံအဖွဲ့အစည်းတခုကို အမှန်တကယ် သုံးချင်တယ်။ ဆောင်ရွက်ချင်တယ်ဆိုရင် ဦးအေးသာအောင်တို့နဲ့ ကျမတို့ သဘာတွေ၊ ဝါတွေ၊ အခက်တွေ ကွာဟတာပဲရှိတယ် အခု AA မှာ ရှိနေတဲ့ ဗိုလ်ချုပ်ထွန်းမြင့်နိုင်၊ မြင့်ထွန်းအောင်၊ ကျော်ဟန်တို့အစ ကျမတို့ရဲ့ နဂိုကတည်းက ရင်းနှီးဆက်ဆံမှုတွေ၊ နောက်စာပေဟောပြောမှုတွေမှာ တွေ့တာတွေကို စိတ်ကောင်းစေတနာကောင်းနဲ့ တကယ် တည်ငြိမ်အေးချမ်းမှုကို လိုချင်တယ်။ ကျမတို့ ဘာဖြစ်လို့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ရတာလဲ ဆိုတာမျိုးတွေကအစ ကျမ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဥပမာအားဖြင့် ကျမတို့လို အမြဲတမ်းပြောနေကြတဲ့ ကျမတို့ပါတီ ဘဏ္ဍာရေးမှုးလည်းဖြစ်တဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစံကျော်လှတို့လို ပုဂ္ဂိုလ်တွေကို ဘာဖြစ်လို့ ကြားခံအဖွဲ့အဖြစ် သုံးလို့မရမှာလဲ။ အဲဒါမျိုးတွေက နဂိုကတည်းက အလုပ်တွင်အောင်၊ အလုပ်ဖြစ်အောင် စေတနာသန့်သန့်နဲ့ လုပ်ရင်တော့ ကျမတို့ အရွေ့တခုခုကို မြင်နိုင်တယ်ဆိုတာမျိုးလည်း ကျမတို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

မေး ။ ။ ANP ဒေါ်အေးနုစိန်တို့ ပါတီကလဲ ဒီကိစ္စအတွက် ဆောင်ရွက်နေတယ်ဆိုတာကို ကြားသိရပါတယ်။ ဆိုကြပါစို့ သူတို့ရဲ့ သဘောတူညီ၊ ခွင့်ပြုချက်မရဘဲနဲ့ သီးခြား ကိုယ့် Initiative နဲ့ စပြီးတော့ AA အဖွဲ့နဲ့ တွေ့တယ်ဆိုရင်ကော သူတို့ တရားဥပဒေတွေအရ (၁၇ (၁)) တွေနဲ့ အရေးယူနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဖြေ ။ ။ ရှိတာပေါ့။ ကျမတို့ ANP ပါတီက သွားတွေ့မယ်ဆိုရင် ချက်ချင်းအရေးယူမှာပေါ့။

နဂိုချုပ်သုံးသပ်ချက် ။ ။ သောတရှင်များခင်များ … ရခိုင်ပြည်နယ်ကို တကယ်အေးချမ်းတည်ငြိမ်စေချင်တယ်ဆိုရင် စစ်ပြိုင်တိုက်ခိုက်နေတဲ့ ဘက်နှစ်ဘက် သဘောထားတူညီဖို့ အဓိကကျပါလိမ့်မယ်။ ဆိုတော့ ဒီနေရာမှာ တဘက်ရဲ့ သဘောထားကို မသိရဘဲနဲ့ အဲဒီဘက်နဲ့ တွေ့ဆုံမေးမြန်းခွင့် မရှိဘဲနဲ့ သာမန်ပြည်သူတွေ၊ စောင့်ကြည့်နေသူတွေရဲ့ သဘောထားလောက်နဲ့တော့ တရားဥပဒေ ကင်းမဲ့ပြီး စစ်တလင်းဖြစ်နေတဲ့ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေး လမ်းစ တွေ့နိုင်ပါ့မလားဆိုတာ အလွန်ပဲ သံသယ ရှိစရာ ဖြစ်နေတယ်လို့ ပြောကြားလိုပါတယ်။

XS
SM
MD
LG