ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကျောက်ဖြူ အထူးစီးပွါးရေးဇုံ တည်ဆောက်ရေး ပထမအဆင့် စတင်ဖို့ အခြေအနေရှိလာချိန်မှာ ဒေသခံပြည်သူလူထုရဲ့ အနာဂတ် တိုးတက်ဖွံဖြိုးရေး အခြေအနေ ဘယ်လိုရှိနေပါသလဲ။ ဒီလုပ်ငန်းအပေါ်ထားရှိတဲ့ ဒေသခံတွေရဲ့ ဆန္ဒသဘောထားကိုကော ရယူခဲ့ ထည့်သွင်းစဉ်းခဲ့ကြပါရဲ့လား။ ကျောက်ဖြူမဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖြေ ။ ။ စီးပွားရေးလုပ်တယ်ဆိုတာ စီးပွားရှင်တွေက စီးပွားရေးသွားလုပ်တဲ့မြို့မှာ အဲဒီမြို့ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားလုပ်တာမှ မဟုတ်တာ၊ ရင်းနှီးမြုပ်နံှတဲ့လူတွေက သူတို့အကျိုးစီးပွားအတွက် လာပြီးတော့ လုပ်သွားတာပါ။ အခု တရုတ်နဲ့ ဗမာအစိုးရနဲ့ စာချုပ်ချုပ်ပြီးတော့ ကျောက်ဖြူမှာ အထူးစီးပွားရေးဇုံ လုပ်မယ့်ဟာကလည်း အဲဒီကုမ္ပဏီရဲ့ အဓိကအကျိုးစီးပွားအတွက် လုပ်ကြမှာပါ။
မေး ။ ။ ဒါပေမဲ့ လူတော်တော်များများက ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ခြင်းဟာ ဒေသအတွက် ဖွံ့ဖြိုးလာမယ်။ ဒေသအတွင်း အလုပ်အကိုင်တွေ ရလာမယ်ဆိုပြီးတော့ အဓိကပြောနေကြပါတယ်။ အဲဒါ အကောင်းဘက်ကပေါ့ - ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ မဖြစ်နိုင်ဘူးလို့ ယူဆသလား။
ဖြေ ။ ။ ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီးတော့ လာလုပ်တာမဟုတ်ပေမယ့်လဲ စက်ရုံတွေ၊ အလုပ်ရုံတွေ ထူထောင်လာကြလို့ရှိရင် ဒီစက်ရုံ၊ အလုပ်ရုံတွေမှာ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြမယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ စီးပွားရေးလုပ်ငန်းတွေကို အကြောင်းပြုပြီးတော့ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေလာကြမယ်။ ခရီးသွားလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ကြတဲ့လူတွေ၊ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ လူတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာကြမယ်ဆိုတာတော့ နိုင်ငံတကာမှာ ဒီလိုပဲ ဖွံ့ဖြိုးတိုးတက်တာတွေ ရှိပါတယ်။ နောက်တခါ စီးပွားရေးလုပ်ငန်းတွေလုပ်လို့ ဒေသကလူတွေရဲ့ Social Impact တွေကို ပြန်လည်ကုစားတဲ့အနေနဲ့ ဖွ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း သင့်တင့်လျောက်ပတ်တဲ့ .. ဥပမာ လမ်းဖောက်ပေးတယ်။ လျှပ်စစ်မီးကို ပိုကောင်းအောင် လုပ်ပေးတယ်။ စာသင်ကျောင်းဆောက်ပေးတယ် စတဲ့ အတိုအထွာ အထောက်အပံ့တွေအပါအဝင် လူမှုရေးအထောက်အပံ့တွေတော့ အနည်းအကျဉ်း နေရာတိုင်းမှာ ပေးတယ်ဆိုတာတော့ ကျနော်တို့ သိရပါတယ်။
မေး ။ ။ အခုအဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီစီမံကိန်းကို မစတင်ခင် ပထမတုန်းကတော့ ဒေသခံတွေရဲ့ သဘောထားမပါဘူးလို့ ပြောခဲ့တယ်။ အခု ဒေသခံတွေရဲ့ သဘောထားကို ဘယ်လောက်ရယူခဲ့ပါသလဲ။ အဲဒါလေးကို ကျနော် သိချင်ပါတယ်။
ဖြေ ။ ။ ဒေသခံတွေရဲ့ သဘောထားကတော့ ပထမ USDP အစိုးရတုန်းကတော့ အလေးထားပြီးတော့ ရယူတာတွေ မရှိပါဘူး။ ဟန်ပြပြီးတော့ ဓါတ်ပုံတွေရိုက်၊ ဟိုဟာဒီဟာ မှတ်တမ်းတွေလုပ် အဲဒါတွေပြပြီးတော့ လုပ်ခဲ့တယ်။ အခု NLD အစိုးရလက်ထက်မှာလည်း USDP အစိုးရလက်ထက်က လုပ်ခဲ့တဲ့လုပ်ငန်းတွေကိုတောင် မမီပါဘူး။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ဦးစားပေး အလေးထားပြီးတော့ ဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ တခုမှ မတွေ့ရပါဘူး။ ဒါပေမဲ့ ဒီဒေသမှာ စီးပွားရေးထူထောင်ဖို့ လုပ်မယ်ဆိုရင် ဒေသခံတွေရဲ့ အကျိုးစီးပွားကို စောစောက ကျနော်ပြောခဲ့သလို တစုံတရာတော့ ရှိလာမယ်ဆိုတာ ဒေသခံတွေက သဘောပေါက်ကြပါတယ်။ လက်ခံကြပါတယ်။
မေး ။ ။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင်ရကြမယ်ဆိုရင်လဲ ကျနော် တလောတုန်းက ကြားသိရတာက အထူးသဖြင့် တရုတ်ကုမ္ပဏီနဲ့ လုပ်တဲ့ဟာဆိုရင် ထမင်းချက်ကစ အကုန်လုံး တရုတ်ပြည်က ခေါ်လာတယ်။ ဒေသခံတွေ ဘယ်လောက်ကောင်းတဲ့ အလုပ်ရမှာလဲ။ သူတို့ကတော့ မကျွမ်းကျင်ဘူးလို့ ပြောလိမ့်မယ်။ တံမြက်စည်းလှည်တာ၊ ခြံစောင့်တာကလွဲလို့ ဘယ်လို အလုပ်အကိုင်မျိုးတွေ ရလာနိုင်စရာရှိလဲ။
ဖြေ ။ ။ ဒီအရာမှာတော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေ ရှိတယ်။ အထူးစီးပွားရေးဇုံ ဥပဒေ ရှိတယ်။ အဲဒီဥပဒေတွေနဲ့အညီ အစိုးရက နိုင်ငံသားတွေကို အကာအကွယ်ပေးမယ်၊ စောင့်ရှောက်ပေးမယ်ဆိုလို့ရှိရင်တော့ ဥပဒေမှာ ပြဌာန်းချက်တွေ ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုတွေ လာလို့ရှိရင် မကျွမ်းကျင်တဲ့ လုပ်သားတွေကို အချိန်ကာလအလိုက်၊ ဘယ်လိုအချိုးအစားတွေနဲ့ တာဝန်တွေ ခွဲဝေပေးရမယ်။ နောက် ကျွမ်းကျင်လုပ်သားတွေ၊ Expert တွေဆိုရင် ဒေသခံတွေကို ဘယ်လောက်အထိ အချိုးအစားနဲ့ ခန့်ထားပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိတယ်။ အဲဒီဥပဒေ ပြဌာန်းချက်တွေနဲ့အညီ လုပ်ကိုင်သွားမယ်ဆိုရင်တော့ ဒေသခံတွေရဲ့ အခွင့်အလမ်းတွေလည်း ဥပဒေနဲ့အညီ ရကြမယ်။ ဒေသခံတွေရဲ့ အခွင့်အရေးတွေ ရရှိလာကြမယ်။
မေး ။ ။ အဲဒီတော့ အခုလောလောဆယ်မှာကော ကျနော်ကြားနေရတာက မြေသိမ်းတဲ့ကိစ္စ၊ ဥပမာ ငါးဖမ်းခွင့် မရှိတော့ဘူးဆိုတဲ့ကိစ္စ အဲဒီကိစ္စတွေကော ပြေလည်သွားပြီလား။
ဖြေ ။ ။ မပြေလည်ပါဘူး။ မြေသိမ်းတဲ့ကိစ္စကတော့ ကျေးရွာအုပ်စု (၆) စုလောက်မှာ စောစောကတော့ မြေဧက လေးထောင်ကျော်လောက် အသုံးပြုဖို့ သဘောရှိပါတယ်။ အခုတော့ ဧက နှစ်ထောင်ကျော်လောက်မှာ ပထမဦးဆုံးအနေနဲ့ ဒီ စီမံကိန်းလုပ်ငန်း စမယ်။ ဒီမြေတွေကို အသုံးချနေတဲ့ လူတွေက အစိုးရဆီမှာ လျှောက်လွှာလာတင်ဖို့ လိုပါတယ်။ အဲဒီလို လျှောက်လွှာလာတင်လို့ရှိရင် သူတို့လိုချင်တဲ့မြေတွေကို မြေအသုံးပြုနေတဲ့လူတွေဆီက သိမ်းမယ်။ သိမ်းတဲ့အခါ လျော်ကြေးလည်း အဆင်ပြေအောင်ပေးမယ်။ ဒါပေမဲ့ လုပ်ငန်းတကယ် ဖြစ်လာမှာက နောက် ဘယ်နှစ်နှစ်မှာ ဖြစ်လာမလဲ .. သုံးနှစ်လား၊ ငါးနှစ်လား မသိပါဘူး။ လယ်သမားတွေကတော့ သူတို့လယ်တွေကို အခုသိမ်းရင် အခုပဲ ပေးလိုက်ရမယ်။ လျော်ကြေးတွေကတော့ အသင့်အတင့်လည်း ရပါလိမ့်မယ်။ ဥပမာ လယ်ယာမြေတွေ စွန့်လွှတ်ရပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘဲ ဖြစ်သွားမယ်။ ရတဲ့ပိုက်ဆံတွေနဲ့လည်း တခြားစီးပွားရေးလုပ်ငန်းတွေ လုပ်တတ်မှာ မဟုတ်ဘူး။ ဒီမြေယာတွေ သိမ်းပြီးတော့ မကြာခင်မှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ထူထောင်ပေးမယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဒီလုပ်ငန်းတွေမှာ ပါဝင်ပြီး အလုပ်လုပ်ခွင့် ရမယ်ဆိုရင်တော့ ဒေသခံတွေအတွက် သိပ်ပြီးတော့ မနစ်နာဘူးပေါ့။ အခုကတော့ မြေသိမ်းပြီး နောက်ဘယ်နှစ်နှစ်လောက်မှ ဒီလုပ်ငန်းတွေ ပေါ်လာမလဲဆိုတာလဲ ဘယ်သူမှ မသိပါဘူး။
မေး ။ ။ အဲဒီတော့ ဦးဘရှင်တို့က ဒီဒေသခံတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ။ အာဏာအမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်မှာ ဒီကိစ္စတွေကို တင်ပြလို့ မရဘူးလား။ မတင်ပြဘူးလား။
ဖြေ ။ ။ ကျနော်တို့ ပထမဦးဆုံး USDP အစိုးရလက်ထက်တုန်းကလည်း အလေးအနက်ထားပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားကို အလေးထားကြဖို့၊ ဒေသခံတွေရဲ့ လူမှုဘဝ ထိခိုက်နစ်နာစေမယ့်အရာတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ကြဖို့ အဲဒါတွေကိုတော့ အကြိမ်ကြိမ်အခါခါ လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ပါတယ်။ အခု NLD အစိုးရလက်ထက်မှာတော့ ဒီအခင်းအကျင်းတွေ မရှိတဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ၊ အခွင့်အခါတွေ မကြုံသေးပါဘူး။ အပြင်မှာ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ကျောက်ဖြူမှာ တခါဆုံတုန်းကတော့ အလွတ်သဘောမျိုး ပြောဖူးပါတယ်။ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို အလေးထားပြီးတော့ ဆောင်ရွက်သင့်တယ်ဆိုတာကိုတော့ ပြောဖူးပါတယ်။
မေး ။ ။ လွှတ်တော်မှာ တင်ပြတာ ပိုမထိရောက်ဘူးလား။
ဖြေ ။ ။ လွှတ်တော်မှာ တင်ပြတာတော့ ထိရောက်ပါတယ်။ ကျနော်တို့ ဒီကိစ္စကို အဆိုတရပ်အနေနဲ့ တင်ရင်ကောင်းမလား၊ မကောင်းဘူးလား စသဖြင့် ကျနော်တို့က တွက်ဆရပါတယ်။ ဒီဒေသမှာ အထူးစီးပွားရေးဇုံ ထူထောင်မယ်ဆိုရင် ဒီဒေသခံတွေရဲ့ အကျိုးစီးပွားကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်၊ ဘယ်လိုလုပ်ဆိုပြီး အဆိုတရပ် တင်လိုက်မယ်ဆိုရင် ဒီအဆိုကို လွှတ်တော်က လက်ခံပြီးတော့ ဆွေးနွေးခွင့် ပေးမလား။ ဆွေးနွေးခွင့် မပေးခင်ကပဲ တခါတလေကြရင် အစိုးရကလူတွေခေါ်လာပြီးတော့ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီးတော့ အဆိုကို ပိတ်လိုက်တာလည်း ရှိတယ်။ အဲဒီလိုမျိုးဆိုရင် ကျနော်တို့က ပိုပြီးတော့ ခံပြင်းရတာတွေ ရှိပြီး၊ အဲဒီလိုမျိုးကြုံဖူးတဲ့အခါကြတော့ အမျိုးမျိုးချိန်ဆရပါတယ်။
မေး ။ ။ အဲဒီတော့ လောလောဆယ်မှာ ဦးဘရှင်ရဲ့ မဲဆန္ဒနယ်က ဆန္ဒရှင်တွေက ငါတို့ဘဝတော့ တိုးတက်ကောင်းမွန်လာမယ်ဆိုပြီးတော့ ပျော်ပျော်ရွှင်ရွင် မျှော်လင့်နေကြသလား။ သို့တည်းမဟုတ် လောလောဆယ် ကြုံနေရတဲ့ အခက်အခဲတွေကို စိတ်ညစ်နေကြသလား။ ကျနော်ထင်တာကတော့ ဒုတိယအဖြေ ဖြစ်ပါလိမ့်မယ်။ စိတ်ညစ်နေကြမယ်ထင်တယ်။
ဖြေ ။ ။ ဒီနေရမှာ ဦးကျော်ဇံသာ မေးတဲ့မေးခွန်းထက် ကျနော်ပြောချင်တာလေးတွေကို တချက်ပြောပါမယ်။ ကျနော်တို့ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတဲ့အတွက်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ လိုအပ်ပါတယ်။ အထူးစီးပွားရေးဇုံ ထူထောင်မယ်ဆိုရင် ကျနော်တို့က လိုလိုလားလား ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အထူးစီးပွားရေးဇုံ ထူထောင်တဲ့အခါ အထူးစီးပွားရေးဇုံဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာရင်းနှီးမြုပ်နံှမှုဆိုင်ရာ ဥပဒေ၊ ပြည်တွင်းရင်းနှီးမြုပ်နံှမှု ဥပဒေတွေနဲ့အညီ နိုင်ငံတော်အစိုးရက ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ ဒေသခံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ ဒေသခံတွေရဲ့ အကျိုးစီးပွားတွေကို ဖန်တီးပေးဖို့ အဲဒါတွေက အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတကာရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေရဲ့ ကျနော်တို့အပေါ်မှာ စာနာမှု၊ မစာနာမှုဆိုတာထက် ကျနော်တို့ ကိုယ့်အစိုးရရဲ့ ဒီအပေါ်မှာ အလေးထားမှုက အဓိက သက်ဆိုင်ပါတယ်။ ဒေသခံပြည်သူတွေက ဒီဒေသမှာ အထူးစီးပွားရေးဇုံ ထူထောင်လာမယ့်အတွက်ကြောင့် မလိုလားမနှစ်မြိုတာတော့ မရှိပါဘူး။ တချို့အဖွဲ့အစည်းတွေကတော့ မလိုလားမနှစ်မြိုတာတွေ ပြောဆိုကြတယ်။ အဲဒီလို ပြောဆိုနေတာတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အမှန်တကယ်တော့ ဒီဒေသမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အမှန်တကယ် လိုအပ်တယ်။ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ကျနော်တို့ကိုယ်တိုင်က မလုပ်နိုင်ပါဘူး။ တတ်နိုင်တဲ့လူတွေက လာပြီးတော့ ရင်းနှီးမြုပ်နံှဖို့ လိုပါတယ်။
အဓိက ဘယ်သူနဲ့လုပ်လုပ် အစိုးရက ဒီဒေသခံ ပြည်သူတွေကို ဘယ်လောက်အလေးထားသလဲ။ ဘယ်လောက်ကာကွယ်ပေးနိုင်မလဲ။ ဘယ်လောက်စောင့်ရှောက်မလဲ။ ဥပဒေရဲ့ အကာအကွယ်ကို ဘယ်လိုလုပ်ပေးမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
မေး ။ ။ ကျနော်လည်းပဲ တိုးတက်စေချင်ပါတယ်။ ကျနော်မကဘူး လူတိုင်းဟာ အဲဒီလို ဖွံ့ဖြိုးမှုနှေးကွေးနေတဲ့ ဒေသကို တိုးတက်စေချင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက မေးစရာဖြစ်နေတာက အခုနလို ဦးဘရှင်အလိုအရဆိုရင် ကိုယ့်နိုင်ငံအစိုးရက ဒေသခံတွေအတွက် ဦးစားပေးဖို့က အဓိကအရေးကြီးတယ်ဆိုတဲ့ အချက်လို့ ကျနော် သဘောပေါက်ပါတယ်။ အဲဒီတော့ အဲဒီအစိုးရကို လွှတ်တော်က မပြောနိုင်ဘူးလား။ ဘာကြောင့်လဲ အဲဒါကို ကျနော်သိပ်သံသယ ရှိနေတယ်။ ဘာဖြစ်လို့ လွှတ်တော်မှာပြောရမှာကို ဝန်လေးနေကြတာလဲ။ အစိုးရနားကိုပေါက်အောင်၊ လက်ခံအောင် ပြောရမှာပေါ့။ အစိုးရဆီက အာမခံချက်ရအောင် မလုပ်နိုင်ကြဘူးလား။
ဖြေ ။ ။ အခုတော့ အထူးစီးပွားရေးဇုံကိစ္စက ပေါ်ပေါ်ထင်ထင်၊ ထင်သာမြင်သာ ပြောလာဆိုလာကြတယ်။ လှုပ်လှုပ်ရှားရှားလည်း ဖြစ်လာချိန်မှာ ကျနော်တို့က ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကျနော်တို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း တိုင်ပင်ပြီးတော့ ဒီကိစ္စတွေကို အဆိုတရပ်အနေနဲ့ တင်သွင်းတယ်ဆိုတဲ့ဟာတွေတော့ သာမန်အားဖြင့် စဉ်းစားထားတာ ရှိပါတယ်။ အဲဒီကိစ္စကို သေချာတိုင်ပင်ဖို့ အစီအစဉ် ရှိပါတယ်။ တိုင်ပင်ပြီလို့ရှိရင် ကျနော်တို့ ဘယ်သူက အဆိုတင်သွင်းမလဲ။ ဘယ်လိုတင်ပြကြမလဲဆိုတာတွေကို ကျနော်တို့ စဉ်းစားထားတာ ရှိပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာက ဒီလိုတရုတ်က အိန္ဒိယသမုဒ္ဒရာထဲမှာ အိန္ဒိယသမုဒ္ဒရာနဲ့ ပတ်သက်တဲ့ ဒေသတွေမှာ အလားတူဆိပ်ကမ်း တည်ဆောက်ရေး၊ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးတွေကို အကြီးအကျယ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာနဲ့ တခြားနိုင်ငံတွေမှာ ဒေသခံနိုင်ငံတွေအတွက် မျှော်လင့်သလောက် အကျိုးမရှိခဲ့ဘူးဆိုတာကို နိုင်ငံတကာက သုံးသပ်ပြောနေကြတာကို ဦးဘရှင်လည်း ကြားလိမ့်မယ် ထင်ပါတယ်။ ဒီ စီမံကိန်းတခုလုံးကို မြန်မာနိုင်ငံ အကျိုးတခုလုံးနဲ့ လွှမ်းခြုံကြည့်မယ်ဆိုရင် အနာဂတ်အလားအလာ ကောင်းနိုင်မယ်လို့ ဦးဘရှင် ယုံကြည်ပါလား။ ရိုးရိုးသားသား မေးကြည့်တာပါ။
ဖြေ ။ ။ ဒီကိစ္စမှာတော့ ကျနော်က လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ပဲ ပြောရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီစီးပွားရေးလုပ်ငန်းကို တရုတ်ကုမ္ပဏီနဲ့ တရားဝင်လုပ်ပိုင်ခွင့်ရလို့ လုပ်တာတော့ အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရွေးချယ်စရာမှ မရှိတာ။ အနောက်နိုင်ငံတွေက ကျနော်တို့ကို စီးပွားရေးပိတ်စို့မှုတွေကို ဗိုလ်ချုပ်ကြီးတွေ လက်ထက်တုန်းကလို ပြန်ပြီးတော့ လုပ်နေကြတဲ့အခါ ဒီဒေသမှာ ရင်းနှီးမြုပ်နံှမှုက တရုတ်မှတပါး အခြားမရှိဘူး။ နောက်တခါ တရုတ်က ရင်းနှီးမြုပ်နံှမှုတွေ လုပ်တဲ့အခါ သူတို့သွားလုပ်တဲ့နိုင်ငံက အကြွေးတင်ပြီးတော့ အဲဒီနိုင်ငံရဲ့ ဆင်းရဲတွင်းကို ပိုပြီးတော့ နက်စေသလို ဖြစ်နေတယ်ဆိုတာကိုတော့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒါကတော့ စီမံအုပ်ချုပ်တဲ့ အစိုးရရဲ့ အရည်အချင်းနဲ့ ဆိုင်ပါလိမ့်မယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။