မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက မီဒီယာတွေဟာ အမှီအခို အထောက်အပံ့တွေအပေါ် အဓိက အားထားရပ်တည်နေရတဲ့အတွက် လွတ်လပ်မှု အကန့်အသတ်တွေရှိဆဲ ဖြစ်တယ်၊ ဒါ့အပြင် စစ်အစိုးရတွေခေတ်တုန်းက တမျက်နှာကိုသာ ကြည့်ခဲ့ရပေမယ့် အခုအခါ မျက်နှာနှစ်ခုကို ကြည့်နေရတဲ့အတွက် ပိုအခက်ကြုံရတယ်လို့ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကမီဒီယာလောကမှာ (၄) နှစ်ကြာ ကျင်လည်ခဲ့သူ ဒေါ်စန္ဒာကိုကို (ခေါ်) ဒေါ်ညိုညိုလွင် က ပြောဆိုပါတယ်။ အသေးစိတ်ကို ဒေါ်စန္ဒာကိုကိုနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ကျနော်တို့ VOA ကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ကြိုဆိုပါတယ်။ ဝမ်းသာပါတယ်။ မညိုဟာ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မီဒီယာလုပ်ငန်းမှာ နှစ်အတော်ကြာကြာ ဒီကထွက်သွားပြီးတော့ လုပ်ကိုင်ခဲ့ပါတယ်။ ဘယ်လောက်လောက်ကြာခဲ့ပါသလဲ။
ဖြေ ။ ။ လေးနှစ်နီးပါးလောက်ရှိမယ့် ဆရာ။
မေး ။ ။ ကျနော် မြန်မာနိုင်ငံ ပုဂ္ဂလိက မီဒီယာအကြောင်းကို မေးချင်ပါတယ်။ ပထမဦးဆုံး မြန်မာနိုင်ငံ မီဒီယာတွေအကြောင်းပြောရင် လွတ်လပ်မှု Independence ဘယ်လောက်ဖြစ်သလဲဆိုတာကို မေးကြပါတယ်။ လွတ်လပ်မှုက နှစ်ပိုင်းပေါ့ - Commercially စီးပွားရေးအားဖြင့် လွတ်လပ်မှု ရှိသလား။ သတင်းလုပ်တဲ့နေရာမှာ Editorially လွတ်လပ်မှု ရှိသလားဆိုတာ ဖြစ်ပါတယ်။ နှစ်ခုစလုံးက ဆက်စပ်နေတယ်ထင်တယ်။ ဆိုတော့ အဲဒီအဖြေတွေကို မမေးခင် မြန်မာနိုင်ငံမှာ ဒီကိစ္စမျိုး ဆက်စပ်နေပါသလား။ စီးပွားရေးအရ မှီခိုအားထားရမှုကြောင့် Editorial ပိုင်းမှာ သတင်းတည်ဖြတ်တဲ့အပိုင်းမှာ စီးပွားရေးထောက်ပံ့နေတဲ့ ကိစ္စကို ငဲ့ကွက်ပြီးတော့ အယ်ဒီတာတွေ ဆုံးဖြတ်ခဲ့ရသလားဆိုတာကို အကြမ်းမျဉ်းပြောပါ။
ဖြေ ။ ။ ဆက်စပ်နေတယ်လို့ပဲ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂလိကမီဒီယာဆိုတာက ငွေကြေးရှိမှ ရပ်တည်နိုင်မှာ။ ငွေကြေးရှိဖို့ဆိုတာလဲ ဒီမှာ Sponsor တွေရဖို့၊ ကြော်ငြာတွေရဖို့ပေါ်မှာ မူတည်ပါတယ်။ အဲဒီတော့ ကြော်ငြာတွေ၊ စပွန်ဆာတွေ ပေးနိုင်တဲ့ လူဆိုတာလဲ လုပ်ငန်းရှင်တွေပဲ ပေးနိုင်တယ်။ အဲဒီတော့ ဒီလုပ်ငန်းရှင်တွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ တချို့သတင်းတွေက အတိအကျ လွတ်လွတ်လပ်လပ် မတင်ပြနိုင်တာမျိုးတော့ ရှိပါတယ်။
မေး ။ ။ လုပ်ငန်းရှင်ဆိုတဲ့နေရာကို ကျနော် နည်းနည်းလေးထပ်ပြီး မေးချင်တာက များသောအားဖြင့် ဗမာပြည်က လုပ်ငန်းရှင်တွေဟာ ခရိုနီတွေလို့ သုံးကြပါတယ်။ တချိန်က အာဏာရှိခဲ့တဲ့လူတွေ၊ လောလောဆယ် အာဏာရှိနေဆဲ ပုဂ္ဂိုလ်တွေရဲ့ အဆက်အသွယ်တွေနဲ့ ပူးကပ်နေတဲ့လူတွေလို့လည်း ဆိုကြပါတယ်။ ဆိုတော့ ဒီလူတွေကတဆင့် အာဏာရှိခဲ့ကြတဲ့လူတွေ၊ လောလောဆယ် အာဏာရှိနေတဲ့လူတွေရဲ့ သဘောထားကို ငဲ့ကွက်ရတယ်လို့ ပြောမယ်ဆိုရင် မှန်မလား။
ဖြေ ။ ။ ဆရာပြောချင်တာက ခရိုနီတွေကို တိုက်ရိုက်မဟုတ်ဘဲနဲ့ ခရိုနီတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေကို ပြောချင်တာလား။
မေး ။ ။ ဟုတ်ပါတယ်။ သူတို့နဲ့ ဆက်စပ်နေတာပေါ့။
ဖြေ ။ ။ မြန်မာနိုင်ငံ လက်ရှိအခြေအနေကတော့ စီးပွားရေးလုပ်မယ်ဆိုရင် ဒီအာဏာပိုင်အဖွဲ့အစည်းတွေနဲ့တော့ တနည်းမဟုတ်တနည်း ပတ်သက်နေမှာပဲ။ အခုတော့ ခရိုနီဆိုတဲ့ အခေါ်အဝေါ် နည်းနည်းလေးသုံးတာ လျော့သွားပြီလို့ ပြောရမှာပေါ့။ နိုင်ငံအတွက် အထောက်အပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဆိုတဲ့ အသုံးမျိုး ပြောင်းသုံးလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းရှင်ကြီးတွေကလည်း တနည်းမဟုတ်တနည်း အစိုးရအဆက်ဆက်နဲ့ ပတ်သက်နေပါတယ်။ အဲဒီတော့ ချိတ်ဆက်မှုတွေကတော့ အကုန်လုံး ရှိနေပါတယ်။
မေး ။ ။ အဲဒီတော့ ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ မီဒီယာဟာ ပုဂ္ဂလိကမီဒီယာက ဘက်လိုက်မှုလုံးဝကင်းတယ်လို့ ပြောရခက်တယ်လို့ ဆိုရမှာပေါ့။
ဖြေ ။ ။ အခုလက်ရှိအခြေအနေက ဘက်လိုက်မှုကင်းတယ်လို့လဲ ပြောလို့မရဘူး။ ဘက်လိုက်နေတယ်လို့လဲ ပြောလို့မရဘူး။ တချို့ကြတော့လဲ ဘက်လိုက်မှုကင်းကင်းနဲ့ ဖော်ပြနေတဲ့ မီဒီယာသမားတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျမက ခြုံပြီးတော့ အားလုံးက ဘက်လိုက်မှုရှိတယ်လို့ ပြောလိုက်ရင်လဲ သူတို့ကို စော်ကားရာကြမယ်။ အဲဒီတော့ ဘက်လိုက်မှုကတော့ အနည်းနဲ့အများ ရှိနေဆဲပါ။ ဒါပေမဲ့ ဘက်လိုက်မှုမရှိတဲ့ သတင်းဖော်ပြမှုတွေ တော်တော်များများကိုလည်း တွေ့လာရပါတယ်။
မေး ။ ။ အဲဒီလို ဘက်လိုက်မှုမရှိတဲ့ သတင်းသမားတွေ ပိုမိုပေါ်ထွက်လာအောင် မီဒီယာလွတ်လပ်ခွင့်၊ မီဒီယာတွေ အမှီအခိုကင်းမဲ့ဖို့လဲ လိုမယ်လို့ ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ ပုဂ္ဂလိကမီဒီယာတွေဟာ အမှီအခိုကင်းပြီး ရပ်တည်နိုင်တဲ့ အခြေအနေ၊ ရပ်တည်နိုင်မယ့် အလားအလာကိုလည်း သုံးသပ်ပေးပါ။
ဖြေ ။ ။ အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ဆိုတာတော့ အခုလောလောဆယ် တော်တော်လေးကို ခက်ခဲတယ်လို့ ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့မီဒီယာလုပ်ငန်းရှင်တွေ ကိုယ်တိုင်က ခရိုနီလို့ ပြောလို့ရတဲ့ အစိုးရအဆက်ဆက်နဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့ လူတွေဖြစ်နေတော့ သူတို့ကိုယ်တိုင်က မီဒီယာတွေထောင်ထားတာ ဖြစ်နေတယ်။ ဆိုတော့ သူတို့က ဘက်လိုက်မှု လုံးဝကင်းတဲ့ လွတ်လပ်တဲ့ မီဒီယာလို့တော့ ပြောလို့တော့မရဘူး။ ဖြစ်လာဖို့လဲ အချိန်တော်တော်ယူရအုံးမယ်လို့ ထင်တယ်။ တကယ့်ကို ဘက်လိုက်မှုမရှိဘဲ လုပ်ချင်တဲ့ မီဒီယာကို မီဒီယာလို့ ဖော်ဆောင်ချင်တဲ့ လုပ်ငန်းရှင်မျိုးတွေ၊ ငွေရှိတဲ့လူတွေက မီဒီယာကို ထူထောင်မယ်ဆိုမှ တကယ့်လွတ်လပ်တဲ့ မီဒီယာတွေ ဖြစ်လာနိုင်မယ်။ အခုလောလောဆယ် အခြေအနေအရတော့ လွတ်လပ်တဲ့ မီဒီယာဆိုတာကတော့ သိပ်မရှိသလောက်ပါပဲ။
မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်ပြီး မေးချင်တဲ့ နောက်တခုကတော့ တခုဝေဖန်သူတွေက ပုဂ္ဂလိကမီဒီယာ ဖွံ့ဖြိုးမှု မရှိတာဟာ နိုင်ငံတော်မီဒီယာက ချုပ်ကိုင်ထားတဲ့အတွက်ကြောင့် အဲဒီမှာ ပိုအားသာနေတယ်ဆိုတော့ နိုင်ငံပိုင်မီဒီယာဘက်က သူတို့ရဲ့ လုပ်ငန်းတွေကို လျှော့ပေးရမယ်။ ပုဂ္ဂလိကမီဒီယာကို ပံ့ပိုးကူညီမှုပေးရမယ် အဲဒီလိုသဘောမျိုး ပြောကြပါတယ်။ အဲဒါကိုကော မညို ဘာပြောလိုပါလဲ။
ဖြေ ။ ။ အခုနောက်ပိုင်းမှာတော့ ပုဂ္ဂလိကမီဒီယာတွေကို တော်တော်လေး ဖြေလျှော့လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကလဲ Free to Air Lines တွေကို အစိုးရက (၅) လိုင်း အပြည့်ချပေးလိုက်တာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ တချို့စည်းကမ်းကန့်သတ်ချက်လေးတွေတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ဟိုအရင်ကနဲ့စာရင်တော့ မီဒီယာတွေ အများကြီးဖြစ်လာတယ်။ နောက်ပြီးတော့ အစိုးရပိုင်း မီဒီယာတွေနဲ့အပြိုင် လွှင့်ထုတ်လာနိုင်တာကို တွေ့ရပါတယ်။
မေး ။ ။ နောက်တခုက ပြည်သူလူထုရဲ့ မီဒီယာအပေါ် စိတ်ဝင်စားမှုကိုလည်း နည်းနည်းမေးချင်ပါသေးတယ်။ ဘယ်လိုမီဒီယာကို သူတို့ပိုကြိုက်ကြပါလဲ။ Print မီဒီယာကော မြန်မာပြည်မှာ ခေတ်စားသေးလား။ ဒါပေမဲ့ ဂျာနယ်တွေက အများကြီးထွက်နေသေးတာကို ကြားနေရတယ်။ အဲဒါကို နှိုင်းယှဉ်ပြောပါ။ ဘယ်ဟာက လူကြိုက်အများဆုံး မီဒီယာ ဖြစ်နေလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံးကတော့ Online Facebook ဖြစ်တယ်။ ဘယ်သူကိုပဲကြည့်ကြည့် သတင်းဖတ်လဲ Facebook မှာပဲ ဖတ်တယ်။ ဘယ်အကြောင်းအရာကိုပဲ သိချင်ကြားချင် မြန်မာပြည်သားတွေက Facebook ပေါ် အရမ်းအားထားလွန်ကြီးပါတယ်။ အင်တာနက်စာမျက်နှာ Website တွေ ဘာတွေ ကြည့်တယ်ဆိုတာ မရှိသလောက်ပဲ။ အထူးသဖြင့် သတင်းကိုကြည့်တာနဲ့ Facebook က ကြည့်ကြတယ်ဆိုတဲ့ဟာမျိုး။ အဲဒီတော့ တချိန်က Print မီဒီယာတွေ အကုန်လုံးကလည်း သူတို့ရဲ့ လမ်းကြောင်းက Print ထုတ်တာလဲ ထုတ်တာပဲ။ ဒါပေမဲ့ စာစောင်ကို ဝယ်ဖတ်တဲ့ လူတွေက တော်တော်နည်းပါးလာတဲ့အခါကြတော့ Print ထုတ်တဲ့ မီဒီယာတွေ အကုန်လုံးကလဲ Facebook ပေါ်ကို ရောက်လာကြတယ်။ အဲဒီတော့ ပရိသတ်ရဲ့ အားပေးမှုကို ကြည့်လိုက်မယ်ဆိုရင်လဲ စာစောင်ကို ဝယ်ဖတ်တာထက်၊ Facebook ပေါ်မှာ သတင်းသွားဖတ်တယ်ဆိုတာက လောလောဆယ် ဖြစ်နေတဲ့ အခြေအနေကြီးပါ။
မေး ။ ။ အဲဒီတော့ Facebook မှာ တွေ့ရတဲ့ Online မှာ တွေ့ရတဲ့ မီဒီယာတွေက သတင်းဌာနတွေက တရားဝင် ရွေးပြီးတော့ တင်တယ်ဆိုတာကတော့ စိတ်ချရတယ်၊ ခိုင်လုံတဲ့ သတင်းတွေ၊ မှန်တဲ့သတင်းတွေ ဖြစ်မှာပေါ့။ သို့ပေမဲ့ Citizen Journalist ခေါ်တဲ့ လူတိုင်းရေးနေတဲ့ သတင်းတွေကလည်း အများကြီးဆိုတော့ ဒီနှစ်ခုကိုကော ပြည်သူတွေ၊ မြန်မာပရိသတ်တွေ ခွဲခြားဆင်ချင်ကြတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အဲဒါကတော့ Facebook ရဲ့ ပရိသတ်ဆိုတာကလဲ လူတန်းစားအသီးသီးရှိတယ်။ ပညာတတ်တဲ့ လူတန်းစားရှိမယ်။ အလယ်အလတ် လူတန်းစားရှိမယ်။ တကယ့်ကို အောက်ခြေလက်လုပ်လက်စား လူတန်းစားတွေ ရှိမယ်။ အဲဒီတော့ သူတို့ဖတ်တဲ့ သတင်းတွေပေါ်မှာ ယုံကြည်မှုကလည်း - ကျမကတော့ လူတန်းစားပေါ်မှာ မူတည်တယ်လို့ ဆင်ချင်မိတယ်။ တကယ့်ကို တွေးတောတတ်တယ်ဆိုတဲ့ လူတန်းစားတွေကတော့ ဒီသတင်းက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဆိုတာမျိုးကို သူတို့ဆုံးဖြတ်နိုင်တယ်။ သတင်းကို ဖတ်ပြီးတော့၊ မီဒီယာပြောတာကို လက်ခံတာမျိုး မဟုတ်ဘဲနဲ့ အခုန ဆရာပြောတဲ့ Citizen Journalist တွေတင်တဲ့ သတင်းမျိုးတွေကြတော့ အဲဒီလူမျိုးတွေက ဆုံးဖြတ်နိုင်တယ်။ ဒီသတင်းမျိုးကတော့ ဖြစ်နိုင်ချေရှိတယ်၊ မရှိဘူး။ ဒါပေမဲ့ တော်ရုံတန်ရုံ အများစုကတော့ သတင်းတပုဒ် ထူးထူးဆန်းဆန်း မြင်လိုက်တာနဲ့ - ဟာ ဟုတ်တယ်ဆိုပြီးတော့ - လက်က ‘Share’ ဆိုတဲ့ နေရာကို ရောက်သွားတယ်။ ဟုတ်တာ၊ မဟုတ်တာက နောင်အခါလာ နောင်အခါဈေးပေါ့။ ငါတို့ ဒီသတင်းကို အရင်သိတယ်၊ Share လုပ်လိုက်မယ်ဆိုပြီးတော့ Share ကို နှိပ်လိုက်ပြီး ပျံ့သွားတာမျိုးတွေကတော့ အခုအချိန်မှာ ဖြစ်နေတာပါ။
မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းမတိုင်မီ တခုမေးပါရစေ။ အဲဒါကတော့ မီဒီယာလောကမှာရှိတဲ့ ထက်မြက်တဲ့ သတင်းသမားတွေ ထက်မြက်ကြပါတယ်။ ကျနော်တို့ တွေ့နေပါတယ်။ တော်တော်လေး တော်တဲ့သတင်းသမားတွေကို တွေ့ပါတယ်။ ဒါပေမဲ့ တချို့သတင်းသမားတွေက သိပ်တော်တဲ့ သတင်းသမားတွေဟာ သူတို့ကို မီဒီယာလောကကပေးတဲ့ ပိုက်ဆံထက် စီးပွားရေးုလုပ်ငန်းတွေ၊ တခြား အန်ဂျီအို တခြားအဖွဲ့အစည်းတွေက မက်မောစရာကောင်းတဲ့ မက်လုံးပေးပြီးတော့ ခေါ်သွားတဲ့အတွက်ကြောင့် မီဒီယာလောကမှာ လူတော်တွေလည်း အတော်လေးလျော့နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါ မှန်ပါသလား။
ဖြေ ။ ။ ကျမကတော့ အဲဒီလို မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်ဂျီအိုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက တကယ့်ကို မီဒီယာကို လုပ်ချင်လို့ ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့လူတွေပဲဖြစ်ဖြစ် တိုင်းပြည်ထဲက ထူးချွန်တဲ့ သတင်းမီဒီယာသမားတွေပဲဖြစ်ဖြစ် အဲဒီလိုမျိုးတော့ အများကြီး မတွေ့ခဲ့ရပါဘူး။ အများကြီးဆိုတာ မတွေ့ရသလောက်ပါ။ သူတို့တွေက တစိုက်မတ်မတ်ပဲ မီဒီယာကို သူတို့တတ်နိုင်တဲ့ ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ အတိုင်းအတာကပဲ ငွေကြေးကိုမကြည့်ဘဲ လုပ်နေကြတာလည်း အများကြီးတွေ့ရပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းပါ။ မညိုကိုယ်တိုင် လေးနှစ်တာ ပုဂ္ဂလိကမီဒီယာလောကမှာ ကျင်လည်ခဲ့တဲ့အချိန်မှာ မှန်လည်းမှန်တယ်။ ပြောလဲပြောချင်တယ်။ ပြောလည်းပြောသင့်တယ် ဆိုရဲ့သားနဲ့ မပြောရဘဲ၊ လုပ်ငန်းရှင်ကို ငဲ့ကွက်လို့ ထုတ်ပေးခဲ့ရတဲ့ ကိစ္စတွေ ရှိပါသလား။ နမူနာလေးတခုနဲ့ ပြောနိုင်ရင် ပြောပေးပါ။
ဖြေ ။ ။ ရှိတာပေါ့။ နမူနာတော့ မပြောရဲဘူး။ ကျမကို ပြန်တဲ့အခါ ဗီဇာမပေးရင် ဒုက္ခ ဖြစ်မယ်။ ရှိတာပေါ့။ တခါတလေကြတော့ ပြောချင်လိုက်တာ၊ အရင်တုန်းကလို VOA မှာလို မတူတာလေးတွေတုန်းက အကြီးအကျယ် ပြောပြီးသွားပြီ။ အဲဒီလို ခံစားခဲ့ရတွေ တစ်ခု၊ နှစ်ခု၊ သုံးခု အများကြီး တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျမက ဆက်ပြီးတော့ ပြည်တွင်းထဲမှာ လုပ်ချင်တယ်ဆိုတော့ အဲဒီအခြေအနေမှာတော့ အောင့်အီပြီး မပြောဘဲနေခဲ့ရတယ်။ နမူနာပေးပြီးတော့ ပြောရမယ်ဆိုရင်တော့ ကျမက နိုင်ငံရေးတော့ သိပ်နားမလည်တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှု့ဘဝ စည်းကမ်းပိုင်း နေထိုင်စားသောက်မှုတွေ၊ အကျင့်စာရိတ္တပိုင်းတွေကိုတော့ အရမ်းကို ပြောချင်တယ်။ ဒါပေမဲ့ ပြောလို့မဖြစ်သေးပါဘူး။ ပြောလို့မဖြစ်သေးတဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိသေးတယ်ဆိုပြီးတော့ ချုပ်တည်းခဲ့ရတာပေါ့။ နောက်ပြီးတော့ ကျမပြောချင်တဲ့ဟာတခုက သတင်းသမားတွေက ဟိုအရင် တပ်မတော်အစိုးရ၊ စစ်အစိုးရလက်ထက်တုန်းကဆိုရင် မျက်နှာတခုတည်းကိုကြည့်ပြီး သတင်းရေးခဲ့ကြတယ်။ သူတို့မျက်နှာကိုကြည့်ပြီး သတင်းရေးခဲ့ကြတယ်။ အခြေအနေပေါ် မူတည်ပြီးတော့၊ အခုကြတော့ မျက်နှာနှစ်ခုကိုကြည့်ပြီးတော့ သတင်းရေးရတဲ့ ဘဝမျိုးတွေ ရောက်နေတယ်။ အဲဒါကတော့ အမှန်ပါပဲ။
မေး ။ ။ အခုတော့ VOA ကို ပြန်ရောက်ပြီဆိုတော့ ရေးချင်တဲ့ဟာကို လွတ်လွတ်လပ်လပ် ရေးနိုင်ပါစေ၊ ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ ရေးမှာပါ။ ကျေးဇူးတင်ပါတယ်။