ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး (UEHRD) ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ဝေဖန်ရှုတ်ချမှုတွေနဲ့ ပြည်တွင်းတချို့အစိတ်အပိုင်းရဲ့ကန့်ကွက်မှုတွေ ရှိနေချိန်မှာ ဒီကော်မတီရဲ့ ရည်ရွယ်ချက်တွေကို လက်တွေ့အကောင်ဖော်ဖို့ ဖြစ်နိုင်ပါ့မလား၊ ဘယ်လို စိမ်ခေါ်မှုတွေရနိုင်သလဲဆိုတာကို UEHRD ကော်မတီရဲ့ သတင်းနှင့်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာ လူသားချင်းစာနာမှု အထောက်အပံ့ပေးမယ်။ ပြန်လည်နေရာချထားရေးလုပ်မယ်။ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုတာ အကုန်လုံးကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု နိုင်ငံတကာက ပြောနေဆိုနေ လုပ်နေကြတဲ့ကိစ္စမှာတော့ မြန်မာနိုင်ငံဟာ ဒီလုပ်ငန်းတွေနဲ့ အားလုံးနဲ့ ဆန့်ကျင်ပြီးတော့ သူတို့ ဝေဖန်နေကြတာကို တွေ့ရပါတယ်။ စာနာမှုအထောက်အပံ့ပေးဖို့ နိုင်ငံတကာက ခွင့်တောင်းတာကိုလည်း ဝင်ခွင့်မပေးဘူး။ ပြန်လည်နေရာချထားရေးအတွက်လည်း စိတ်မပါဘူး လုပ်နေတယ်။ ဘာညာစသဖြင့် ပြောနေကြပါတယ်။ ဒီအဖွဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက တော်တော်များမယ်လို့ ထင်ပါတယ်။ စာနာမှုအထောက်အပံ့ ပေးဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ခွင့်မပေးဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်ပါလဲ။
ဦးကျော်မြိုင် ။ ။ ဒီအဖွဲ့ ဖွဲ့ရတဲ့အကြောင်းရင်းက လုပ်ငန်းကြီး (၃) ရပ် ရှိပါတယ်။ အဲဒီ (၃) ခုထဲမှာ ပထမဦးဆုံး လူသားချင်းစာနာမှုဆိုတာ အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေပေါ်မှာ မိဘလို ဖြစ်တဲ့အတွက်ကြောင့် အသားအရောင် ခွဲခြားခြင်း၊ ဘာသာခွဲခြားခြင်း၊ လူမျိုးခွဲခြားခြင်း မရှိပါဘူး။ ကျောသားရင်သား ခွဲခြားခြင်းလည်း မရှိပါဘူး။ Humanitarian Assistance ပေးတဲ့အခါမှာ တပြေညီစွာ လိုရင်လိုအပ်သလို ပေးဖို့ အစီအစဉ် ရှိပါတယ်။ စေတနာလည်း ရှိပါတယ်။ နောက်တခုကတော့ Resettlement ကတော့ တဘက်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ကိစ္စက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအရ ဆွေးနွေးထားတာတွေ ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း လက်ခံမယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒါတွေကို အကောင်အထည် ဖော်ဖို့အတွက်က အစိုးရက လုပ်နေပါတယ်။ တခြားနိုင်ငံတွေက ဝေဖန်ပြောတာကတော့ ဝေဖန်မှုကတော့ ရှိမှာပဲ။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာ အကူအညီပေးမယ်ဆိုရင်လည်း မြန်မာအစိုးရက သဘောတူမယ်။ ခွင့်ပြုမယ်ဆိုတဲ့ သဘောပေါ့။
ဦးကျော်မြိုင် ။ ။ နိုင်ငံတကာဆိုတာ ကျယ်ပြန့်လွန်ပါတယ်။ ကျနော်တို့ ဒီအဖွဲ့ ဖွဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ နိုင်ငံတကာထဲမှာ သူက ဘာကိုပြောထားလဲဆိုတော့ World Bank, ADB ကို ပြောထားတယ်။ နောက်ပြီးတော့ ကျနော်တို့အပေါ်မှာ မေတ္တာ၊ စေတနာရှိတဲ့ နိုင်ငံတွေ Friendly countries တွေ အကုန်လုံးပါပါတယ်။ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ဒီအဖွဲ့ကို ဖွဲ့တဲ့အထဲမှာ ကြေညာချက်ထဲမှာ လက်ခံဖို့ အဆင်သင့်ရှိတယ်ဆိုတာ။ လက်ခံတယ်ဆိုတာကလဲ နေ့ချင်းညချင်း လုပ်လို့မရပါဘူး။ ဆွေးနွေးရမယ့်ဟာ၊ တိုင်ပင်ရမယ့်ဟာ၊ စီစဉ်ရမယ့်ဟာတွေ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက လုပ်ငန်းတာဝန် (၄) ခု တင်ပြထားတာ တွေ့ပါတယ်။ အဲဒီမှာ အကူအညီတွေ ထိထိရောက်ရောက် ပေးဖို့ဆိုတဲ့ ကိစ္စပါ။ စောစောက ကျနော် မေးပြီးပါပြီ။ တချို့ကတော့ သူတို့သွားခွင့်မရဘူး ဘာညာဆိုပြီး ပြောနေကြတယ်။ မြန်မာအစိုးရဘက်ကတော့ စေတနာနဲ့ လာတဲ့လူတွေ၊ သဘောထား မှန်ကန်တဲ့ အဖွဲ့အစည်းတွေကိုသာ ပေးမယ်ဆိုတဲ့ သဘောပေါ့။
ဦးကျော်မြိုင် ။ ။ ဒီလိုရှိပါတယ် နိုင်ငံတော်အစိုးရဆိုတာက ဘယ်အစိုးရမဆို ဗမာအစိုးရမှ မဟုတ်ပါဘူး။ လုံခြုံရေး၊ နိုင်ငံရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရတယ်။ နောက်ပြီးတော့ နယ်မြေမှာ ရခိုင်ပြည်နယ်မှာ လက်ရှိအခြေအနေမှာ အဆင်သင့်ဖြစ်လား။ မဖြစ်လား။ နောက်ပြီးတော့ အဖွဲ့အစည်းအရလည်း အသေအခြာ ဘယ်အဖွဲ့အစည်းလဲဆိုတာကို ကြည့်ရပါတယ်။ ရှေ့ကဖော်ပြတဲ့ ရည်ရွယ်ချက်တွေကတမျိုး နောက်က မဖော်ပြတဲ့ ရည်ရွယ်ချက်တွေက ဘာတွေရှိသလဲဆိုတာကို မသိရတဲ့အတွက်ကြောင့် စီစီစစ်စစ်နဲ့ လုပ်မှသာ နိုင်ငံအတွက်၊ လုံခြုံရေးအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြန်လည်နေရာချထားရေးကိစ္စကို မေးချင်ပါတယ်။ ပြန်လည်နေရာချထားရေးမှာ တဘက်နိုင်ငံကို ရောက်နေတဲ့လူတွေကို ပြန်ခေါ်မယ့်ကိစ္စမှာ ပြည်တွင်းမှာ စိုးရိမ်မှုတချို့လည်း ရှိနေတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ တွေ့နိုင်ပါလဲ။ ပြန်ခေါ်ဖို့အတွက် ဖြစ်နိုင်ပါ့မလား။
ဦးကျော်မြိုင် ။ ။ ပြန်ခေါ်ဖို့ကိစ္စကတော့ ဆိုင်ရာဝန်ကြီးဌာန - Social Welfare ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့လုပ်တဲ့ အလုပ်နဲ့ဆိုင်မယ်။ ပြီးတော့ လဝကနဲ့ဆိုင်မယ်။ လဝကဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ဆိုင်မယ်။ နောက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆိုင်မယ်။ အဲဒါတွေကို သေချာစီမံကိန်းချပြီးတော့ လုပ်ရပါမယ်။ ပြည်တွင်းမှာတော့ အစိုးရ ဘာပဲလုပ်လုပ် ထောက်ခံတဲ့လူရှိတယ်။ ကန့်ကွက်တဲ့လူရှိတယ်။ အစိုးရကတော့ သူ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ပြည်ထောင်စုတခုလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စီစစ်ပြီးတော့ လက်ခံမယ်ဆိုတာ ဘာကို စီစစ်မှာလဲ။ အခုပြောနေကြတာ သူတို့တွေက အိမ်တွေလည်း မီးရှို့ခဲ့ပြီ။ ဘာမှမပါဘူးဆိုတော့ အဲဒါလဲ တော်တော်လေး အခက်အခဲရှိမယ် ထင်ပါတယ်။ အဲဒါကို ဘယ်လိုကျော်လွှာနိုင်မယ်လို့ ထင်ပါလဲ။
ဦးကျော်မြိုင် ။ ။ အဲဒါကတော့ ကျနော်ပိုင်တဲ့ ကဏ္ဍ မဟုတ်လို့ ဘယ်လိုမှ မပြောချင်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ကိစ္စကို မေ့ထားလိုက်ပြီးတော့ ဥပမာ ဗမာပြည်က ရပ်ကွက်တခုမှာ နေထိုင်နေတဲ့လူတွေ မီးလောင်သွားတဲ့အခါ မှတ်ပုံတင်တွေ ဘာတွေ မရှိတော့ဘူးဆိုရင် ဥပမာဆိုရင် အိမ်ထောင်စုက မှတ်ပုံတင် မရှိတော့ဘူး။ အကုန်လုံး မီးလောင်သွားတယ်ဆိုရင် သူ ဘာလုပ်မလဲ - ရပ်ကွက်မှာရှိတဲ့ မြို့နယ်မှာသွားပြီးတော့ သူပြောမယ် - ကျနော်နာမည် ဘယ်သူဘယ်ဝါဆိုရင် ဟိုမှာက အိမ်ထောင်စုစာရင်းတွေက ရှိပြီသာ။ ရှိပြီသာဆိုရင် ပုံစံဖြည့်ပြီးရင် မှတ်ပုံတင် ပြန်ထုတ်ပေးရုံပဲရှိမယ်။ အဲဒီတော့ ဒီကိစ္စမှာတော့ အောက်ခြေမှာတော့ အသေးစိတ်လည်း မသိပါဘူး။ ကျနော်လည်း အခုဝင်တာ ဘာမှ သိပ်မကြာသေးဘူး။ ဒီအဖွဲ့ ဖွဲ့တာလည်း ဘာမှမကြာသေးဘူး။ ဒါပေမဲ့ ကျနော်လည်း အရင်တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကောင်စစ်မှာ လုပ်ခဲ့တော့ နိုင်ငံသားတွေ၊ နိုင်ငံခြားသားကိစ္စတွေ ဘယ်လိုလုပ်ရတယ်၊ ဘယ်လို Procedure တွေ ရှိတယ်ဆိုတာတော့ ကျနော် သိပါတယ်။ ဒါပေမဲ့ အခု ဒီအင်တာဗျူးမှာတော့ မပြောချင်သေးပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခါ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပြင် ပြည်တွင်းပြည်ပ အလှုရှင်တွေရဲ့ ကူညီထောက်ပံ့မှုလည်း မျှော်လင့်တယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဆိုတော့ ပြည်တွင်းက အလှုရှင်တွေကတော့ အများကြီး လှုဒါန်းကြတာ တွေ့ရပါတယ်။ စေတနာ၊ သဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ပြည်ပက ကမ်းလှမ်းမှုတွေ ဘယ်လောက်ရှိပါလဲ။
ဦးကျော်မြိုင် ။ ။ အခုက ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပါပဲ။ မြန်မာပြည်ထောင်စုသားတွေရဲ့ အင်အားကို ပိုပြီးတော့ အားထားပါတယ်။ နိုင်ငံခြားသားတွေ ပေးတာမပေးတာ - ပေးရင်လဲကောင်းတယ်။ မပေးရင်လဲ မတတ်နိုင်ပါဘူးပေါ့။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေက နိုင်ငံခြားမှာရှိတဲ့ America, Australia စသည်ဖြင့် အဲဒီလို နိုင်ငံအသီးသီးမှာရှိတဲ့ လူတွေက သက်ဆိုင်ရာသံရုံး၊ သက်ဆိုင်ရာ diplomatic missions တွေမှာ ဆက်သွယ်ပြီးတော့ လှုဒါန်းနိုင်အောင် အစီအစဉ်တွေ လုပ်ထားပါတယ်။ Website လည်း လုပ်ထားတယ်။ Facebook လည်း လုပ်ထားတယ်။ နောက်ပြီးတော့ ကမ္ဘောဇ Private Bank တွေကနေ လှုလို့ရအောင် လုပ်ထားပါတယ်။ အဲဒီတော့ နိုင်ငံခြားကလူတွေကတော့ သံရုံးတွေမှာသွားပြီးတော့ လှုနိုင်တယ်။ ပြည်တွင်းကလူတွေကတော့ ဘဏ်စာရင်းထဲ ထည့်လိုက်လို့ရှိရင် ဖြတ်ပိုင်း ချလန်တွေလည်းပေးမယ်။ Website မှာလည်း အလှုရှင်စာရင်းတွေကို တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ Transparent ဖြစ်အောင်ပါ။
ဦးကျော်ဇံသာ ။ ။ တွေ့ပါတယ်။ နိုင်ငံတကာ စာရင်းစစ်ကုမ္ပဏီတခုတောင်မှ ငှားရမ်းပြီးတော့ စီစစ်ခံဖို့ဆိုတော့ …
ဦးကျော်မြိုင် ။ ။ International Audit Firm နဲ့ လုပ်ဖို့ ဒါက ဒေါ်အောင်ဆန်းစုကြည်က Transparency နဲ့ဆို အလွန်အလေးထားပါတယ်။ ဒါကြောင့်မို့ Auditor General အပြင် နိုင်ငံခြားက Audit Firm နဲ့ လုပ်ဖို့ပါ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီမှာ ပြည်တွင်းပြည်ပဆိုရာမှာ ပြည်ပနိုင်ငံတွေကို ပြောမယ်ဆိုရင် တချို့က မြန်မာနိုင်ငံအပေါ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စာနာမှုပြသ ပြောဆိုတဲ့နိုင်ငံတွေလည်း တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေက ဒီကိစ္စတွေမှာ အကူအညီပေးဖို့၊ ထောက်ပံ့ပေးဖို့တွေ ကမ်းလှမ်းလာတာ ရှိပါလား။
ဦးကျော်မြိုင် ။ ။ ကမ်းလှမ်းလာတာတွေတော့ အသေးစိတ် မသိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက ဖြစ်စဉ်က သိပ်မြန်နေတယ်။ ဥပမာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတယ်။ ပြောပြီးတဲ့အခါကြတော့ (၁၅) ရက်နေ့မှာ Website လုပ်တယ်။ ပြီးတော့ လုပ်စရာရှိတာတွေ ဆက်တိုက်လုပ်နေတဲ့အခါကြတော့ သူကတော့ ပြောထားပါတယ်။ အလုပ်နဲ့ပဲပြမယ်။ သူများတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ စော်ကားစော်ကား မေတ္တာထားပြီးတော့ အလုပ်နဲ့ပဲပြမယ်လို့ ညွှန်ကြားချက်ပေးထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်ထင်တယ် အခက်ခဲဆုံးနဲ့ ရေရှည်လုပ်ရမယ့် ကိစ္စတခုကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခ ကင်းဝေးရေး ဖြစ်ပါတယ်။ အခုက ဖြစ်စဉ်က သိပ်မြန်နေတယ်။ ဒီလို ဖြစ်စဉ်တွေ မြန်နေတဲ့အချိန်မှာ ဦးကျော်မြိုင်တို့ရဲ့ လုပ်ငန်းတွေ စတင်ဖို့ကလည်း တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့ ပုံမှန်အခြေအနေ ရောက်ဖို့တော့ နည်းနည်း လိုအုံးမယ်ထင်ပါတယ်။ အဲဒီကိစ္စ ဘယ်လောက်ကြာအုံးမယ်လို့ ထင်ပါလဲ။ တကယ်တမ်း လုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ဖို့။
ဦးကျော်မြိုင် ။ ။ ရခိုင်ပြဿနာ ပြောမယ်ဆိုရင် ဘိုးတော်ဘုရားလက်ထက်ကနေ စပြောရမှာ။ ဗမာသမိုင်းမှာ ရခိုင်ပြည်နယ်ကို သွားသိမ်းတဲ့အချိန်ကနေ စပြီးဖြစ်လာတဲ့ကိစ္စ။ အခု ရခိုင်လူမျိုးကလည်း ပြည်ထောင်စုထဲမှာ ပါတဲ့လူမျိုးဖြစ်တယ်။ ဒါပေမဲ့ ရှေးတုန်းက အဃာတစိတ်တွေ ကျန်နေသေးတာတွေလည်း ရှိတယ်။ ဒါကတော့ လူမျိုးအချင်းချင်း ဖြစ်တဲ့ကိစ္စ။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်မှာ ငြိမ်းချမ်းစွာ နေမယ်ဆိုလို့ရှိရင် နိုင်ငံတွေလည်း တချိန်တုန်းက ရန်သူဖြစ်ပေမယ့် နောက်ကြတော့ မိတ်ဆွေဖြစ်တယ်။ ဥပမာ ဂျပန်နဲ့ အမေရိကကိုကြည့် - ဒီနှစ်ခုပဲကြည့်ပါ။ အဲဒီတော့ ပြီးတာတော့ပြီးပြီ။ ပြီးတာကို ဘာမှပြန်လုပ်လို့ မရဘူး။ ရှေ့ကိုသွားတဲ့အခါမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်မယ်ဆိုလို့ရှိရင် အဲဒီစိတ်တွေ များလာတာနဲ့အမျှ ပိုပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက မြန်ဆန်ပြီးတော့ ပြီသွားမှာ။ နှေးနေတယ်ဆိုရင်တော့ နှေးတာနဲ့အမျှ ကြာလိမ့်မယ်။ အဲဒီလိုမျိုး ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ခေါင်းဆောင်မှုပိုင်းက ဒီလိုအမြင်ရှိတယ်။ မျှော်မှန်းတယ်။ ဒါပေမဲ့ တကယ့် အောက်ခြေလူထုကို သက်ဝင်ယုံကြည်လာအောင်၊ ပူးပေါင်းဆောင်ရွက် ပါဝင်လာနိုင်အောင် ဘယ်လောက်အထိ လွယ်လွယ်ကူကူ လုပ်နိုင်မယ် ထင်ပါသလဲ။ တော်တော်လေး ခက်ခဲမယ့်ကိစ္စ ဖြစ်မနေဘူးလား။
ဦးကျော်မြိုင် ။ ။ ခေါင်းဆောင်ဆိုတာကတော့ ခေါင်းဆောင်လုပ်ကတည်းက အခက်အခဲတွေကို ရင်ဆိုင်ဖို့ သူက မကြောက်လို့ ခေါင်းဆောင်တက်လုပ်တာ။ အဲဒီတော့ ကျနော်တို့လည်း အခု UEHRD ဖွဲ့ပြီးတဲ့အခါမှာ ရိုးရိုးလူထုကို စည်းရုံးတဲ့နည်း၊ လူထုနဲ့ ဆက်ဆံနည်း Public relation and communication နည်းတွေ အကုန်လုံးကို ရှိသမျှအင်အားတွေ သုံးပြီးတော့ လုပ်မှာပါ။ အဲဒီတော့ စိန်ခေါ်မှုကို ကြောက်နေရင်တော့ ခေါင်းဆောင်မလုပ်ဘဲနဲ့ ထိုင်နေဖို့ပဲ ရှိတယ်။ အဲဒီတော့ ခေါင်းဆောင်လုပ်တဲ့လူကလည်း စိန်ခေါ်မှုကို ရင်ဆိုင်ရဲတဲ့အတွက်ကြောင့် ခေါင်းဆောင်အဖြစ်နဲ့ သူက ခိုင်နေတာဖြစ်တယ်။ ဥပမာဆိုရင် နိုင်ငံတကာက အကုန်လုံး ပြောကြတယ်။ Religious persecution လုပ်တယ် ဘာညာလျှောက်ပြောနေတာ ဒါပေမဲ့ ရန်ကုန်မြို့မှာ လာကြည့်ပါ။ ရန်ကန်ု၊ မန္တလေး အကုန်လုံး ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် နေနေကြတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါတွေက ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဟာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ အုပ်စုလည်း ရှိနေတယ်။
ဦးကျော်မြိုင် ။ ။ ရှိပါတယ်။ ကျနော်တို့ သိပါတယ်။ ဘယ်သူတွေ ဆန့်ကျင်နေလဲဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျနော်က ဗုဒ္ဓဘာသာဆိုတော့ ကျနော့်အမြင်က မဟုတ်မမှန်တဲ့စကားကို သစ္စာနဲ့ပဲ၊ မှန်ကန်တဲ့စကားနဲ့ပဲ တုံ့ပြန်လို့ရတယ်။ အပြင်မှာတော့ နဂိုကတည်းက မုန်းတီးတဲ့စိတ် ရှိနေတဲ့ ဒီစိတ်ကို ခံဖြစ်နေတဲ့ဟာကတော့ ဒီလိုပဲ ပြောကြမှာပေါ့။ ဒါက မထူးဆန်းပါဘူး။