ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် ဒုတိယပင်လုံ တတိယအစည်အဝေးမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာ တနေ့ကတွေ့ဆုံခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲညှိနှိုင်းရေးကော်မတီတို့ သဘောတူ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒုတိယပင်လုံ တတိယ အစည်းအဝေးကို သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်ပါ့မလား။ ငြိမ်းချမ်းရေးရေးခရီးရဲ့အကွေ့အကောက် အမတ်အစောက်တွေအကြောင်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို တောက်လျှောက်စောင့်ကြည့် တင်ပြလာခဲ့တဲ့ VOA သတင်းထောက် ဦးမိုးဇော် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးမိုးဇော် ။ ။ အဓိကတော့ NCA ထဲမှာ ချထားတဲ့ အချက်တွေ တော်တော်များများကို ဒီအစည်းအဝေးတွေမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားကြတဲ့သဘော။ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ အချက် (၃၇) ချက် သဘောတူညီချက်တွေ ရရှိခဲ့တယ်ဆိုပြီး ထုတ်ပြန်ပါတယ်။ အဲဒီအချက်တွေကိုလည်း ဒီတခေါက် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးတော့မှ အဲဒီဟာတွေကို အတည်ပြုဖို့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို သဘောတူညီမှုတွေ ရရှိခဲ့တယ်။ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကလည်း မကြာခဏ ပေါ်နေတော့ လူတွေက မေးခွန်းထုတ်ကြတယ်။ ဒီငြိမ်းချမ်းရေးညီလာခံက တကယ်ပဲ ရှေ့တိုးနေလားဆိုတော့ ကိုမိုးဇော်က ဒီကိစ္စကို အစအဆုံး လိုက်နေတဲ့ သတင်းထောက်အနေနဲ့ ဘာပြန်ပြောချင်လဲ။
ဦးမိုးဇော် ။ ။ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ ဒီ (၃၇) ချက်ကို သဘောတူညီချက် ရရှိတယ်ဆိုတာက အခု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုမှာ ပါနေတဲ့ အဖွဲ့အစည်းတွေကြီးပဲ ရရှိနေတဲ့အချက် ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှစ်ဖွဲ့ပဲ ပါဝင်တာဖြစ်တယ်။ ကျန်တဲ့အဖွဲ့တွေက အဲဒီထဲမှာ ပါဝင်လာတာ မရှိသေးဘူးဆိုတော့ ဒီဟာက တပြည်လုံးအတိုင်းအတာနဲ့ ပြည်ထောင်စုတခုလုံးနဲ့ လွှမ်းခြုံမလားဆိုတာမျိုးကို သုံးသပ်နေမှု ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျန်တဲ့အဖွဲ့တွေ ပါဝင်လာနိုင်ရေးကို အခုဆွေးနွေးပွဲတွေက ဘယ်လို ဆောင်ရွက်နိုင်သလဲ။ ပါဝင်လာနိုင်မယ့် အလားအလာကော ဘယ်လောက်ရှိနေတယ် ထင်ပါသလဲ။
ဦးမိုးဇော် ။ ။ လောလောဆယ်မှာဆိုရင်တော့ ဒီဆွေးနွေးပွဲမှာ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့ဆိုရင် အားလုံးက (၁၄) ဖွဲ့လောက် ရှိတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသက ‘ဝ’ ၊ ကချင်တို့ ဦးဆောင်ထားတဲ့ အဖွဲ့ (၇) ဖွဲ့ ရှိမယ်။ အဲဒီအဖွဲ့ (၇) ဖွဲ့နဲ့ဆိုရင် အခုထိ NCA မှာ ပါဝင်ရေးနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဆွေးနွေးနိုင်တဲ့ အနေအထားတွေ မတွေ့ရသေးပါဘူး။ အဲဒီအဖွဲ့ (၇) ဖွဲ့က FPNCC ပေါ်မှာ သူတို့က ဖွဲ့စည်းထားတယ်။ သူတို့က ဒီအဖွဲ့အစည်းတွေ (၇) ဖွဲ့လုံးနဲ့ တပြိုင်တည်း ဆွေးနွေးဖို့ ဆိုတဲ့ဟာကို တောင်းဆိုထားတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင်ဘက်က အဲဒီဟာပေါ်မှာ ဆွေးနွေးဖို့အတွက် လက်ခံထားတဲ့ အနေအထားမျိုး မရှိသေးဘူး။ (၇) ဖွဲ့လုံးနဲ့ တကြိမ်တည်း တွေ့မယ်ဆိုတဲ့ဟာမျိုး မရှိသေးဘူး။ အဲဒီဟာလဲ တွန့်ဆုတ်မှုတခု အနေအထားမျိုး တွေ့နေရပါတယ်။ ဒီကြားထဲမှာ UNFC လို့ခေါ်တဲ့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အဖွဲ့လေးဖွဲ့နဲ့လည်း အစိုးရနဲ့ ဆွေးနွေးခဲ့ကြတယ်။ UNFC ဘက်က တင်ပြထားခဲ့တဲ့ အချက် (၉) ချက်ကို အဓိက ဆွေးနွေးနေတယ်။ ဆွေးနွေးလာတာ (၁၄ - ၁၅) လလောက် ကြာမြင့်လာပြီဖြစ်တယ်။ အခုချိန်အထိ ဒီဟာတွေက သဘောတူညီချက်တွေ မရသေးဘူး။ အဓိကတော့ နယ်မြေပိုင်ခြားသတ်မှတ်ရေး၊ တပ်တွေလိုက်နာရမယ့် အချက်တွေနဲ့ တချို့အချက်တွေ ကျန်နေသေးတယ်။ အဲဒီအချက်တွေ မရဘူးဆိုရင်တော့ NCA မှာ ပါဝင်လာဖို့ဆိုတာလည်း အဟန့်အတားတခု ရှိနေတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခုလောလောဆယ် ဒီညီလာခံမှာ မပါနိုင်သေးတာက FPNCC ခေါ်တဲ့ တရုတ်နယ်စပ်က အဖွဲ့တွေဖြစ်တဲ့ ‘ဝ’ ၊ ကချင်တို့ ခေါင်းဆောင်တဲ့အဖွဲ့တွေ၊ နောက်တခါ ထိုင်းနယ်စပ်က UNFC အဖွဲ့တွေဆိုတော့ အုပ်စုနှစ်စု ကျန်နေသေးတယ်ဆိုတဲ့ သဘောပေါ့။
ဦးမိုးဇော် ။ ။ ဟုတ်ပါတယ်။ တချို့သုံးသပ်ချက်တွေမှာဆိုရင် ဒီအင်အားစုတွေက မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ သုံးပုံနှစ်ပုံ ဒါမှမဟုတ် လေးပုံသုံးပုံ - အဓိကတော့ လက်နက်ကိုင် အင်အားစုအများတွေက အဲဒီအဖွဲ့အစည်းတွေမှာ ရှိနေတယ်။
ဦးကျော်ဇံသာ ။ ။ တရုတ်နယ်စပ်မှာရှိတဲ့ ‘ဝ’ ၊ ကချင်တို့ ဖွဲ့စည်းထားတဲ့ အဖွဲ့က သူတို့က အစိုးရကိုယ်စားလှယ်တွေနဲ့ တပေါင်းတည်းသာ တွေ့ချင်တယ်ဆိုတဲ့ အဖွဲ့တွေရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ဘယ်လောက်အထိ ရှိနေပါလဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက ကိုယ်စားလှယ်ကို ဒုတိယညီလာခံတုန်းက တပေါင်းတည်း လာတက်သွားတယ်လို့ သတင်းကြားလိုက်ရပါတယ်။ ဆိုတော့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် နှောင့်နှေးနေလား။ တရုတ်က တွန်းပေးရင် ရွေ့နိုင်မလားဆိုတာကို သုံးသပ်ပေးပါအုံး။
ဦးမိုးဇော် ။ ။ အဓိကတော့ တရုတ်ဘက်က တိုက်တိုက်တွန်းတွန်းနဲ့ ဆောင်ရွက်လာရင်တော့ သူတို့အနေနဲ့ ပါဝင်လာနိုင်မယ့် အနေအထားတွေ တစိတ်တပိုင်းတော့ ရှိလာနိုင်မယ်လို့ သုံးသပ်နိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တရုတ်အစိုးရရဲ့ အာဘော်သတင်းစာ Global Times တို့ကို ကျနော်တို့ အမြဲတမ်း ဖတ်နေ၊ တွေ့နေရတာတော့ သူတို့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို သိပ်လိုလားတယ်ဆိုတဲ့ တချိန်တည်းမှာ ပြောနေတ။ တရုတ်ရဲ့ မူဝါဒက အပြောတမျိုး အလုပ်တမျိုးများ ဖြစ်နေသလား။
ဦးမိုးဇော် ။ ။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှုတွေက မြန်မာနိုင်ငံမှာ အများကြီး ရှိနေတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဆိုရင် တရုတ်နိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်ရဲ့ အဓိကသွေးကြောတခုလို့ ပြောလို့ရနိုင်တယ်။ ဒီလိုရှိနေတော့ ပိုက်လိုင်းလုပ်နိုင်ရေး ကိစ္စတွေက တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေး တည်ငြိမ်ရေးပေါ်မှာ အများကြီး တည်နေတယ်။ တရုတ်ဘက်ကတော့ ငြိမ်းချမ်းရေး အများကြီး လိုလားနေတယ်ဆိုတဲ့ အနေအထားမျိုးတွေတော့ သိထားရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဘာကြောင့် သူတို့က ဒီငြိမ်းချမ်းရေး စင်လုံးချော ဖြစ်သွားအောင် တွန့်မပို့နိုင်သလဲဆိုတာကို မေးစရာ ရှိနေတာပေါ့။
ဦးမိုးဇော် ။ ။ တချို့အချက်တွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း သူတို့ ရပ်တည်ချက်နဲ့ သူတို့ တောင်းဆိုချက်တွေက ညှိနှိုင်းလို့ မရသေးတဲ့ အခြေအနေမျိုးတွေ ရှိနေသေးတယ်လို့ အဲဒီလိုပဲ ပြောလို့ရမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးဇော်ပြောတာ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ‘ဝ’ ၊ ကချင်တို့အဖွဲ့တွေအပြင် MNDDA, TNLA, AA အဖွဲ့ (၃) ဖွဲ့တို့နဲ့ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးမှာ ဘယ်လိုရှိလဲ။
ဦးမိုးဇော် ။ ။ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ FPNCC အဖွဲ့မှာဆိုရင် ‘ဝ’ ၊ မိုင်းလား၊ KIO ပါမယ်။ SSDP လို့ခေါ်တဲ့ ရှမ်းမြောက်ပါမယ်။ နောက် အဲဒီအထဲမှာ ပလောင်၊ ကိုးကန့်၊ AA အဖွဲ့တွေပါမယ်။ အဲဒီမှာ ‘ဝ’ ၊ မိုင်းလားတို့ ကချင်၊ ရှမ်းမြောက်တို့ဆိုရင် bilateral စာချုပ်မျိုးတွေကို လက်မှတ်ရေးထိုးထားခြင်း ရှိတယ်။ ပလောင်၊ ကိုးကန့်၊ AA တို့ အဖွဲ့တွေနဲ့ကြတော့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်မျိုးတွေ မရှိသေးတဲ့ အနေအထားမျိုးတွေမှာ ဆွေးနွေးမှုပုံစံကို အတူတကွ မဆွေးနွေးနိုင်ဘူးဆိုတဲ့ အနေအထားမျိုးတွေ ရှိနေတာမျိုး ဖြစ်ပါတယ်။ ကချင်တို့ ရှမ်းတို့ဘက်က တောင်းဆိုထားတာကတော့ ပလောင်၊ ကိုးကန့်တို့ မပါဝင်လာတဲ့ နောက်မှာဆိုရင် ပါဝင်လက်မှတ်မရေးထိုးသေးဘူးဆိုတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ ပလောင်၊ ကိုးကန့်၊ AA တို့ကြတော့ NCA လက်မှတ်ရေးထိုးရေးမှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူတို့ကို လက်မှတ်ရေးထိုးဖို့ မဖိတ်ခေါ်ဘဲနဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေလိုပဲ ပြောရလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လက်မှတ်ထိုးပြီးသာ ရှစ်ဖွဲ့နဲ့ကြတော့ NCA ပေါ်မှာ အငြင်းပွားမှု အခက်အခဲ သိပ်မရှိတော့ဘူးဆိုတဲ့ သဘောပေါ့။
ဦးမိုးဇော် ။ ။ လက်မှတ်ထိုးပြီးသာ ရှစ်ဖွဲ့ကလည်း ဒီ NCA ပေါ်မှာ တချို့အချက်တွေပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်ရတဲ့ အချိန်မှာလည်း အခက်အခဲတွေတွေ့တဲ့ အနေအထားမျိုးတွေမှာ ပြန်လည်သုံးသပ်ဖို့ဆိုတာတွေ ပြောတာတွေရှိတယ်။ နောက် ကျနော်တို့ UNFC ရဲ့ အနေအထားမှာဆိုရင်လည်း NCA ထဲမှာပါတဲ့ အချက်တွေ တချို့ဟာတွေက သူတို့က လက်မခံနိုင်သေးတဲ့အတွက်ကြောင့် အချက် (၈) ချက် တင်ပြတယ်။ အဲဒီတော့မှ အဲဒီအချက်တွေ ရတယ်ဆိုရင် သူတို့အနေနဲ့ လက်မှတ်ထိုးမယ်ဆိုပြီးတော့ တင်ပြထားတာရှိတယ်။ အဲဒါတွေကလဲ ဆွေးနွေးမှု မပြတ်သေးဘူး။ နောက် FPNCC ဘက်ကဆိုရင်တော့ ‘ဝ’ တို့ဘက်က ထုတ်ပြန်ချက်ထဲမှာဆိုရင် NCA က တဘက်လှည့်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စိုးမိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ သဘောမျိုးတွေကို ထုတ်ပြန်ခဲ့တာတွေရှိတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ ဒီလို အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့အဖွဲ့၊ သဘောတူညီမှု မရသေးတဲ့အဖွဲ့တွေ စသည်ဖြင့် အုပ်စုတွေ ရှိနေတော့ အဲဒီ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအထဲမှာကော အချင်းချင်း သဘောထားကွဲလွဲမှုတွေ ပြင်းပြင်းထန်ထန် ရှိနေတယ်လို့ သုံးသပ်နိုင်ပါသလား။
ဦးမိုးဇော် ။ ။ ပြင်းပြင်းထန်ထန် ကွဲလွဲတယ်လို့တော့ ပြောဖို့တော့ ခက်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာလည်း NCA ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ဝင်တော်တော်များများက UNFC အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံကြတာရှိတယ်။ ပြန်လည်ညှိနှိုင်းတာတွေ ရှိတယ်ဆိုတော့ ပြင်းပြင်းထန်ထန် ကွဲလွဲတယ်လို့တော့ ပြောလို့မရဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့ကြားထဲမှာလည်း တချို့ဟာလေးတွေမှာတော့ မတူညီတဲ့အချက်တွေ ရှိတယ်လို့တော့ မငြင်းလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒါကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ပေါ့။ အစိုးရနဲ့ တပ်မတော်ကြားထဲမှာကော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ လူတွေက ပြောနေကြပါတယ်။ ကိုမိုးဇော်ရဲ့ သုံးသပ်ချက်ကိုလည်း ကြားချင်ပါတယ်။
ဦးမိုးဇော် ။ ။ အဲဒီဟာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမတက်ခင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက ဒီကိစ္စတွေမှာ ဝေဖန်တာတွေ ရှိပါတယ်။ ဥပမာ ၂၀၁၃ ကချင်မှာ ထိုးစစ်ဆင်နွှဲနေတဲ့ အချိန်မှာဆိုရင် ဦးသိန်းစိန်က ထိုးစစ်တွေကို ရပ်ဆိုင်းဖို့ကို ကြေညာခဲ့တယ်။ ဒါပေမဲ့ ထိုးစစ်တွေ ရပ်ဆိုင်းသွားတာ မရှိဘူး။ မရှိတဲ့အခါမှာ အစိုးရနဲ့ တပ်မတော်နဲ့က အပြိုင်မျိုးလားဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရှိပါတယ်။ ရှိတယ်ဆိုတော့ အခု အမျိုးသားဒီမိုကရေစီအစိုးရ တက်လာပြီးတဲ့အချိန်မှာဆိုရင် တပ်မတော်ဘက်ကတော့ အမြဲတမ်းပဲ ဒီအစိုးရနဲ့ တသားတည်းရှိတဲ့ဟာမျိုး၊ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ဆောင်ရွက်နေတယ်လို့ ပြောနေပေမယ့် တော်တော်များများရဲ့ စောင့်ကြည့်ဝေဖန်မှုတွေမှာတော့ တသဘောတည်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကိုတော့ ကျနော်တို့ တချိန်လုံး ကြားသိနေရပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့က ပြောကြတာရှိတယ်။ အစဉ်အလာအားဖြင့် ဟို ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက သုံးသပ်လာကြတာ တပ်မတော်ဟာ ပြည်တွင်းစစ်ကို သူတို့က လိုလိုလားလား မရပ်ဆဲချင်ဘူး။ Political Will မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးတယ်ဆိုတာကို ပြသချင်လို့ ဒီဟာကိုထားပြီးတော့ အချိန်ကိုဆွဲနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ဟိုတုန်းကတည်းက ရှိခဲ့ပါတယ်။ ကိုမိုးဇော်ရဲ့ သုံးသပ်ချက်ကို ကြားသိချင်ပါတယ်။
ဦးမိုးဇော် ။ ။ ပြောဖို့တော့ နည်းနည်းတော့ ခက်မယ်ထင်ပါတယ်။ တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကို အမြဲလိုလားပါတယ်ဆိုတာမျိုးကို တောက်လျှောက်ပြောလာတာရှိတယ်။ တချို့အပိုင်းတွေမှာဆိုရင်လည်း ပြည်ထောင်စု မပြိုကွဲရေးအတွက် သူတို့တပ်မတော်က အဓိက ထိန်းသိမ်းဆောင်ရွက်လာတယ်ဆိုတဲ့ဟာမျိုးတွေ ပြောနေတွေ ရှိပါတယ်။ ဆိုတော့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ နှိုင်းယှဉ်ချိန်းထိုးပြီးတော့မှ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ ဒါက တကယ်တမ်း သူတို့အနေနဲ့ လိုလိုလားလား ဆောင်ရွက်လား။ မဆောင်ရွက်ဘူးလားဆိုတာကို ပြောလို့ ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တခြားတဘက်မှာကြတော့ တပ်မတော်စစ်ခေါင်းဆောင်တွေ၊ တပ်မတော်ကို ထိန်းချုပ်ထားပြီး အာဏာချုပ်ကိုင်လာတဲ့ အနေအထားတရပ်မှာ သူတို့ရဲ့ မိသားစု စီးပွားရေးလုပ်ငန်းတွေ ကြီးပွားလာတဲ့ အနေအထားတွေကတော့ တပ်မတော်က ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ မရပ်ဆဲအောင် ဆောင်ရွက်နေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်သူတွေအတွက် ထောက်ပြစရာအကွက်တခုလို့ပဲ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ မကြာခင်မှာ တတိယအကြိမ် (၂၁) ရာစု ပင်လုံကို ကျင်းပလာမယ်ဆိုတော့ အဲဒီအထိ လှမ်းမျှော်ကြည့်မယ်ဆိုရင် ဒီငြိမ်းချမ်းရေး အလားအလာဟာ ဆက်ပြီးတော့ ကောင်းသွားနိုင်မယ့် အခြေအနေ ရှိပါလား။ တော်တော်လေး ရှေ့ကိုတိုးသွားလိမ့်မယ်လို့ မျှော်လင့်ပါလား။
ဦးမိုးဇော် ။ ။ လက်ရှိအနေအထားအရ ပြောရမယ်ဆိုရင်တော့ ဒီဇင်ဘာလထဲမှာ ကျင်းပနိုင်မယ့် အနေအထားကို မတွေ့မြင်ရသေးပါဘူး။ ခေတ်က ရခိုင်နဲ့ ရှမ်းဘက်မှာဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ဆိုတာကို သဘောတူညီမှု မရသေးဘူး။ နောက်တချက်ကလည်း နိုင်ငံရေးမူဘောင်တွေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့တို့၊ ပြင်ဆင်ဖို့ ဆိုတာတွေကလည်း အခုအချိန်အထိ မပြီသေးဘူးဆိုတော့ ဒီအချိန်အတွင်းမှာ နောက်တကြိမ် အစည်းအဝေးကို စနိုင်မလား။ စမယ်ဆိုရင် ဒရောသောပါးနဲ့ အမြန်လုပ်သွားတဲ့ဟာတွေ။ တချို့အချက်တွေ မပြေလဲဘဲနဲ့ မပြီပြတ်ဘဲနဲ့ အစည်းအဝေး စတင်ရမယ့် အနေအထားမျိုးတွေ ဖြစ်လာမလားဆိုတဲ့ မြင်နေရပါတယ်။ ဒီအပေါ်မှာ ဘက်တွေအားလုံးက အများသဘောတူ လက်ခံနိုင်မယ့် အနေအထားတခုကို ညှိပြီးဆောင်ရွက်နိုင်မယ်ဆိုရင်တော့ နောက်ဆွေးနွေးပွဲတွေမှာ ပိုပြီးတော့ အောင်မြင်လာနိုင်မယ်လို့ မြင်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဆွေးနွေးနေတဲ့ ပင်လုံညီလာခံထဲမှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်။ သူတို့နဲ့ ဆွေးနွေးမှုတွေရဲ့ အောင်မြင်မှုတွေပေါ် မူတည်ပြီးတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လိုက်ပါလာမယ့် အနေအထားမျိုးတွေ ရှိနေတာဆိုတော့ အဲဒီဟာ ပိုပြီးအရေးကြီးမယ်လို့ ပြောနိုင်ပါတယ်။