သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးကျွန်ပြုမှု နဲ့ တာဝန်သိသတင်းသမား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မိန်းကလေးငယ် နှစ်ဦး အိမ်ကျွန်အဖြစ် ခိုင်းစေနှိပ်စက်ခံနေရတဲ့ကိစ္စကို တာဝန်သိ မီဒီယာသမားတဦးက ဖော်ထုတ်လွတ်မြောက်စေခဲ့တာနဲ့ ပတ်သက်ပြီး အဆိုပါသတင်းသမား ကိုဆွေဝင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဒီကိစ္စကို အခိုင်အမာ ဖော်ထုတ်နိုင်ဖို့အတွက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းက အခုလို စပြောပါတယ်။

ကိုဆွေဝင်း ။ ။ နံပတ်တစ်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး စေ့စပ်သေချာတဲ့ အတိအကျ အသေးစိတ်အချက်အလက်တွေ ရရှိဖို့အတွက် စုံစမ်းရတာ အခက်အခဲ ရှိခဲ့တယ်။ စုံစမ်းပြီးတော့ တိုင်ကြားလိုက်တဲ့အခါမှာလည်း ကလေးငယ်တွေရဲ့ အသက်အန္တရာယ် နေ့ချင်းညချင်း ကျရောက်လာနိုင်တယ်။ ရဲတပ်ဖွဲ့က စတင်စုံစမ်းလိုက်တာနဲ့ ဒီကလေးငယ်တွေကို အစဖျောက်လိုက်တဲ့ကိစ္စ မဖြစ်အောင် ဒီကလေးငယ်တွေရဲ့ မျက်နှာကို ရရှိဖို့အတွက် ဓါတ်ပုံ ကြိုတင်ပြီး ရိုက်ဖို့အတွက် ကနဦးလုပ်ဆောင်ခဲ့တာ ဒါတွေက ခက်ခဲတယ်။ ဒါပေမဲ့ ကျနော် လုပ်နိုင်ခဲ့တယ်။ နောက်ပိုင်း ဘာခက်ခဲလဲဆိုတော့ ရဲတပ်ဖွဲ့ကို တင်ပြတယ်၊ ဖြစ်မလာခဲ့ဘူး။ နောက် ကော်မရှင်ကို တင်ပြတယ်။ ကော်မရှင် တင်ပြပြီးနောက်ပိုင်းမှာလည်း ကော်မရှင်ကို အကြိမ်ကြိမ် ဆက်သွယ်တယ်။ ဘာသံမှ မကြားရဘဲနဲ့ ဇွန်လကုန်နောက်က တိုင်ထားတဲ့ကိစ္စက စက်တင်ဘာ (၁၅) ရက်နေ့ ကော်မရှင်အစည်းအဝေးကျမှ ပြည့်ပြည့်စုံစုံ သိရတဲ့ အနေအထား ရှိခဲ့တယ်။ ဒီအချိန်မှာ ကော်မရှင်ရဲ့ ကြားဝင်ညှိနှိုင်းတဲ့ ပုံသဏ္ဍာန်ကို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့အတွက်ကြောင့်မို့ ကျနော် ကလေးတွေနဲ့ သွားတွေ့တယ်။ တွေ့ပြီးတော့ အသေးစိတ် အချက်အလက်တွေကို ထပ်ပြီးတော့ ရဲစခန်းမှာ တိုင်ကြားချက်အသစ်တခု ထပ်ဖွင့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ရဲစခန်းက နိုင်ငံတော်အဆင့် ကော်မရှင်ကြီးတခုလုံးက ကြားဝင်ညှိနှိုင်းထားတဲ့ကိစ္စကြောင့် ဘာမှ ထပ်ပြီးတော့ အမှုဖွင့်လို့ မရပါဘူးလို့ ပြောတယ်။ ကော်မရှင်ကိုယ်တိုင်က အဲဒီ စေ့စပ်ညှိနှိုင်းရေး မတိုင်မီ အင်းဝ အပ်ချုပ်ဆိုင်တွေက မေးပါတယ်။ ပိုက်ဆံမပေးခင် မိဘတွေက ကျေအေးလိုက်တယ်ဆိုရင်တောင် ငွေကြေးရလို့ ကျေအေးလိုက်ရင်တောင် မူလတိုင်ကြားထားသူ ကိုဆွေ က မကျေအေးရင် ဘာဖြစ်မလဲဆိုတာကို ဒီကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက “သူ့ဟာသူ စွဲချင်စွဲပေါ့ဗျာ” ဆိုတဲ့ ပုံစံမျိုး။ “ဒါကလေးမိဘအုပ်ထိန်းသူကတောင် ကျေနပ်နေပြီးသား” ဆိုတဲ့ စကားလုံးမျိုး သူပြောလိုက်တော့ နိုင်ငံတော်အဆင့် ကော်မရှင်ကိုယ်တိုင်က ဥပဒေလမ်းကြောင်းအတိုင်း သွားဖို့အတွက် ပိတ်ပင်လိုက်ပြီ။ ရဲတပ်ဖွဲ့ဘက်မှာလည်း မရှိတော့ဘူးဆိုတော့ ကျနော်မှာ အင်မတန် လမ်းဆုံးကို ရောက်ရှိခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုဆွေဝင်း က ဒါကို ဒီအချိန်အထိ သတင်းမလုပ်သေးဘူးပေါ့။ အဲဒီတော့ သတင်းလုပ်မယ်။ သတင်းရေးမယ်ဆိုတာ ဘယ်အချိန်မှာစပြီး စဉ်းစားဖြစ်ပါလဲ။

ကိုဆွေဝင်း ။ ။ ဒါကို ကျနော်ကနေ သတင်းမရေးခဲ့ခြင်းက အမှန်တော့ လူမျိုးရေးကိစ္စတွေ ပါလာနိုင်တယ်။ ဘာသာရေးကိစ္စတွေ ပါလာနိုင်လာလို့ ဥပဒေရဲ့ အမြင်ဆုံး စီရင်မှုကို ရရှိဖို့။ ကလေးငယ်တွေရဲ့အသက်ကို ကယ်တင်ဖို့ နံပတ်တစ်။ နံပတ်နှစ် ဥပဒေရဲ့ အမြင့်ဆုံး စီရင်မှုကို တိတိကျကျ ရရှိဖို့အတွက် တရားဝင် နည်းလမ်းဘောင်အတွင်းကနေ လုပ်ရှိခဲ့တာ အကုန်ကုန်ဆုံးသွားပြီလို့ သိလိုက်ရတဲ့အချိန်ကျမှ ဒီသတင်းကို ကျနော် ရေးသားခဲ့တယ်။ ရေးသားတဲ့အခါမှာလည်း ကျနော်မှာ ဘာအခက်အခဲ ဖြစ်ခဲ့လဲဆိုတော့ ကျနော်ဟာ သာမန်ရေးသားတာ မဟုတ်ဘူး။ ဒီမှုခင်းကို ကျနော်က စုံစမ်းတိုင်ကြားတယ်။ နှစ်ကြိမ်တိုင်တိုင် တိုင်ကြားခဲ့တယ်။ ကော်မရှင်ကို တိုင်ကြားခဲ့တယ်။ ကော်မရှင် ညှိနှိုင်းအစည်းအဝေးတွေကို လေ့လာသူအနေနဲ့ တက်ခွင့်ရတယ်။ အဲဒီမှာလည်း ကျနော် မကျေမနပ်တွေ ကြားခဲ့တယ်။ အကြိမ်ကြိမ် ကန့်ကွက်ခဲ့တယ်။ ဒီလူတယောက်ကနေ ဒီသတင်းကို ရေးခဲ့လို့ရှိရင် ဘယ်လောက်ထိ အဂတိကင်းပါမလဲဆိုတဲ့ ကော်မရှင်ရဲ့ စွပ်စွဲချက်တွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့်မို့ ကလေးငယ်တွေနဲ့ တွေ့တဲ့အခါ ကျနော် တယောက်ထဲ သွားမတွေ့ဘူး။ ကိုယ့်ရဲ့ အဂတိ အကယ်ရှိမယ်ဆိုရင်လဲ ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်လို့ရအောင် ကျန်တဲ့ သတင်းသမားတွေကို ခေါ်သွားလိုက်တယ်။ နောက်ပြီးတော့ အဲဒီအချိန်မှာ ရွာကနေ ကျနော် တယောက်ထဲ ပြန်လာတဲ့အခါမှာ ကျနော်ကို လုပ်ကြံတာဖြစ်ဖြစ်၊ တခုခု လုပ်တော့မယ်ဆိုရင် ကျန်တဲ့ သတင်းသမားတွေမှာ အချက်အလက်တွေ ရှိပြီးတော့ တစုံတဦးက လွတ်မြောက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော် သွားခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကလေးတွေရဲ့ အန္တရာယ်အပြင် ကိုဆွေဝင်းတို့လို သတင်းသမားတွေရဲ့ အန္တရာယ်ပါ စိုးရိမ်လာနိုင်တဲ့ အခြေအနေ ရောက်ခဲ့တယ်ပေါ့။

ကိုဆွေဝင်း ။ ။ ဟုတ်ကဲ့ … ဘာကြောင့်လဲဆိုတော့ ကော်မရှင်အဆင့်က ဆုံးဖြတ်လိုက်ပြီ။ နောက်ပြီးတော့ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေက ဒီသတင်းကို မရေးဘို့ဆိုပြီးတော့ ကော်မရှင် အစည်းအဝေးမှာ ကျနော်ကို ပြောတယ်။ နောက် ခြိမ်းခြောက်တာတွေ လုပ်တယ်။ “ဒိုင်ယာနာ ဘယ်လို သေသွားသလဲ မင်းသိလား” ဆိုပြီး အဲဒီလို ခြိမ်းခြောက်တယ်။ ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က တစုံတရာ ဝင်ရောက်ပြောဆိုတာ မရှိခဲ့ဘူး။ နောက်တခါ သတင်းသွားယူတဲ့အခါမှာလည်း ရွာအုပ်ချုပ်ရေးမှူးကို ကလေးတွေကို ဝှက်ပေးထားဖို့ဆိုပြီး ငွေကြေးအားဖြင့် ညှိနှိုင်းတဲ့ ပုံစံမျိုးနဲ့ ဖိအားပေးတယ်။ နောက်တခါ ညှိနှိုင်းလို့ မရတဲ့အခါမှာ ကျနော် သတင်းသွားယူတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးက ဖုန်းဆက်ပြီးတော့ ကျနော်ကို တွေ့မယ်ဆိုပြီးတော့ ပြောခိုင်းလိုက်တယ်။ ဒါ သတင်းမထွက်ခင်၊ သတင်းမရေးခင် ဒီလိုမျိုး ခြိမ်းခြောက်တာတွေကို ကော်မရှင်ရှေ့မှာ လုပ်တယ်။ နောက်ပြီးတော့ ဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာလည်း ဆက်တိုက်လုပ်ခဲ့တယ်။ ဒီလိုအခြေအနေမှာ ကျနော် သတင်းရေးရမယ့်ဟာကို ထိတ်လန့်တယ်။ ဒါပေမဲ့ အဲဒီ အန္တရာယ်က အဲဒီအချိန်ကျမှ ကြောက်ရွံတာ မဟုတ်ပါဘူး။ ကော်မရှင်က ကျနော့်ရဲ့ တိုင်ကြားချက်ဆိုပြီး တိုင်ကြားသူရဲ့ နံမည်တွေ၊ အသေးစိတ်တွေကို လျှိုဝှက်ထားရမှာကို လျှိုဝှက်မထားဘဲနဲ့ ကော်မရှင် ညှိနှိုင်းဆွေးနွေးပွဲကို ဆင့်ခေါ်တဲ့အခါမှာ ကျနော့်ရဲ့ နာမည်ကို တွဲပြီး စာတွေ ပို့ခဲ့တယ်။ အင်းဝအုပ်ချုပ်ဆိုင်ပိုင်ရှင် အပါအဝင် အားလုံးကို ပို့ခဲ့တယ်။ နံပတ်တစ် .. တိုင်ကြားသူရဲ့ Confidentiality ကို ကော်မရှင်က ချိုးဖောက်ခဲ့တယ်။ အဲဒီမှာတင် အန္တရာယ်ကို စတင်ခံစားရတယ်။ နောက်တခုက ဘာခံစားရသလဲဆိုတော့ ကော်မရှင်အစည်းအဝေးကို ကျနော် သွားလိုက်လို့ရှိရင် တိုင်ကြားသူကျနော်နဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူနဲ့ ထိပ်တိုက်တွေ့လို့ရှိရင် ကျနော့်အသက်အန္တရာယ် ပိုပြီးကျရောက်နိုင်တယ်။ ကျနော့်ရဲ့ မျက်နှာကို မြင်သွားရပြီဆိုရင် ပိုပြီးကျရောက်နိုင်တယ်။

ဦးကျော်ဇံသာ ။ ။ အမှန်တရားကို ဖော်ထုတ်တဲ့ သတင်းသမားတယောက်အနေနဲ့ သွားတာကို တရားဥပဒေ ဖော်ဆောင်ရေးအဖွဲ့ဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ရပ်ကွက်အာဏာပိုင်တို့က ဟန့်တားမှု တွေ့လာရတယ်။ အန္တရာယ်တောင် ကျရောက်လာနိုင်တဲ့ အဆင့်ရောက်လာတယ်ဆိုတော့ ဒီနေရာမှာ အဲဒီလူတွေက မသမာမှုလား။ သူတို့ဟာ တနည်းအားဖြင့် တဘက်အမှုသည်ဆီက တစို့လက်ဆောင် တစုံတရာ ယူပြီးတော့ မတရားသြဇာသုံးဖို့ ကြိုးစားတယ်လို့ ယူဆနေလား။

ကိုဆွေဝင်း ။ ။ ရဲတပ်ဖွဲ့က ဒါနဲ့ ပတ်သက်ပြီးတော့ တစုံတရာ မသမာမှု ရှိနေတယ်လို့ ကျနော်မှာ လုံးဝအလျင်သံသယ မရှိပါဘူး။ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ထွေအုပ် .. ဘာဖြစ်လို့လဲဆိုတော့ ကျနော် စုံစမ်းတဲ့အထဲမှာ ထွေအုပ်တို့၊ ရပ်ကွက်အုပ်ချုပ်ရေးတို့ အားလုံးက ဒီဟာနဲ့ ပတ်သက်ပြီးတော့ တစုံတရာ သိရှိထားပါတယ်။ အရင်ကတည်းက ဒီဟာ ဖြစ်နေတယ်။ အခုလိုမျိုး ဥပဒေအမှုလမ်းကြောင်းသာ မပေါ်ပေါက်လာတာ၊ ဒါဖြစ်မယ်ဆိုတာ အားလုံး သိနေတယ်။ ဒီ မိသားစုဟာ ဘာပဲဖြစ်ဖြစ် ငွေကြေးအာဏာ၊ အပေါင်းအသင်းအာဏာ ကြွယ်ဝတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့တွေဟာ ထိပ်တိုက်မတိုးဘဲ ရှောင်ရှားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး သူတို့တွေဟာ နှစ်မြို့ခြင်း မရှိဘူး။ ရဲတပ်ဖွဲ့က ဒါနဲ့ ပတ်သက်ပြီးတော့ ကနဦးတိုင်ကြားချက်ကို အချိန်နဲ့ တပြေညီ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒုတိယ တိုင်ကြားချက်ရပြီးတဲ့အခါမှာ သူတို့တွေဟာ တကယ်ကို ထဲထဲဝင်ဝင် ခက်ခက်ခဲခဲ လေ့လာစုံစမ်းခဲ့ကြတယ်ဆိုတာကို ကျနော် သိတဲ့အတွက်ကြောင့်မို့ သံသယ တစုံတရာ ဘယ်လိုမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကိုဆွေဝင်းပြောတဲ့ စိုးရိမ်တယ်ဆိုတဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တဲ့အတွက် ကိုဆွေဝင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာ အင်မတန် ကောင်းမွန်တဲ့ကိစ္စပါ။ ဒီလိုကိစ္စမျိုးနဲ့ ပြဿနာ ဖြစ်ခဲ့တဲ့သတင်းတွေ ယခင်က ရှိခဲ့ပါတယ်။ ဆိုတော့ အဲဒီလို မဖြစ်ရအောင် ရှောင်လွှဲဖို့ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာကို ပြောပြပါ။

ကိုဆွေဝင်း ။ ။ နံပတ်တစ် ရဲကို စတိုင်ကြားကတည်းက ဘယ်ဘာသာဝင်လဲဆိုတာကို လုံးဝ မတိုင်ကြားခဲ့ပါဘူး။ နံပတ်နှစ်က ဒီသတင်းကို ကျနော် တိုင်ကြားလိုက်တယ် .. ရဲအဆင့်ဆင့် ရောက်သွားပြီ။ ကော်မရှင်ဆီ ရောက်သွားပြီ။ အဲဒီအချိန်မှာ သတင်းသမားတယောက်ကနေ သတင်းလောဘနဲ့ ဒီလို အခြေအနေကြီး ဖြစ်ပျက်နေပြီဆိုတာကို ကျနော် သတင်းရေးသာခြင်း လုံးဝ မပြုခဲ့ဘူး။ ဒီကိစ္စကို ရှောင်ရှားချင်တာ တပိုင်း။ နောက်ပြီးတော့ သတင်းသမား တယောက်အနေနဲ့ တိကျခိုင်လုံတဲ့ ကာယကံရှင်တွေကို မေးမြန်းခွင့် မရသေးခင်၊ ကျနော် ရရှိထားတဲ့ အချက်အလက်တွေဟာ ခိုင်မာမှု မရှိနိုင်ဘူးဆိုတဲ့ဟာကို ကျနော် စောင့်ဆိုင်းခဲ့တယ်။ နောက်ဆုံး ကော်မရှင်အဆင့်၊ ရဲအဆင့်ရောက်တယ် အားလုံး ဥပဒေလမ်းကြောင်းအတိုင်း ဖြစ်သွားရင်တောင် ကျနော်က ဒါကို သတင်းရေးသားဖို့အတွက် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေ အေးချမ်းလုံခြုံစွာ ရောက်ရှိသွားဖို့က ပင်မဆန္ဒ။ ဒီဆန္ဒ ပြည့်ဝသွားလို့ရှိရင် သတင်းရေးသားဖို့ အစီအစဉ် မရှိပါဘူး။ ဒါတွေ မဖြစ်လာလို့သာ ကျနော်က ဒီသတင်းကို ရေးခဲ့ရတာပါ။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီလို မြန်မာနိုင်ငံမှာ အိမ်ဖော်ကို နှိပ်စက်တယ်။ လူမဆန်အောင်ထားတယ်။ လူလို မဆက်ဆံတာ မြန်မာတွေရဲ့ ခေတ်သစ် ကျွန်စနစ်ပဲ။ ဒါဟာ ဒီတစ်မှုထဲ မဟုတ်ဘူး။ ဒါဟာ Tip of the Iceberg ရေထဲမှာရှိနေတဲ့ ရေခဲတုံးကြီးရဲ့ အပေါ်ပိုင်းသာ ဖြစ်တယ်။ အလားတူကိစ္စမျိုးတွေ အများကြီး ရှိလိမ့်မယ် ထင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုဆွေဝင်း စိတ်ထဲမှာ တစုံတရာ တွေးတောမိထားတာ ရှိပါလား။

ကိုဆွေဝင်း ။ ။ ရှိပါတယ်။ ဒီကိစ္စကို သွေးပူလို့ ဒီကိစ္စတစ်ခုထဲ ကိုင်တွယ်တယ်ဆိုတာကို ကျနော် လက်မခံပါဘူး။ အစိုးရအဖွဲ့ကို ဘာအကြံပြုချင်လဲဆိုတော့ ဒီလို ဖြစ်ပေါ်လာမှ ကိုင်တွယ်တာ မဟုတ်ဘဲနဲ့ ဒီကိစ္စကြီး တခုလုံးကို ဘယ်လို ကိုင်တွယ်မလဲ။ နံပတ်တစ် Child Labor ကလေးလုပ်သားနဲ့ ပတ်သက်ပြီးတော့ ဒါကို ဥပဒေအရ တားမြစ်ဖို့အတွက်၊ ထိန်းချုပ်ဖို့အတွက် ဥပဒေတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြဌာန်းချက်တွေအတိုင်း တိတိကျကျ လုပ်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေတွေမှာ အကန့်အသတ်တွေ၊ အခက်အခဲတွေ ရှိတဲ့အတွက်မို့ ဒါကို တိတိကျကျ၊ ပြည့်ပြည့်ဝဝ ဘယ်အစိုးရတက်တက် လုပ်နိုင်တဲ့အနေအထား မရှိပါဘူး။ ဒါပေမဲ့ ခြွင်းချက်တော့ ရှိပါတယ်။ ဒီအိမ်ကူကိစ္စပေါ့။ အများပြည်သူ မြင်ကွင်းထဲမှာ မရှိဘဲနဲ့ သော့ခတ်ခံထားရတဲ့ နောက်ကွယ်မှာ အသက်မပြည့်သေးတဲ့၊ မိမိကိုယ်မိမိ ခုခံမယ့်၊ အန္တရာယ် ကျရောက်လာလို့ရှိရင် ရုန်းထွက်နိုင်ခွင့် မရှိတဲ့ ကလေးငယ်တွေ မည်သူတဦးတယောက်ကိုမှ ခိုင်းစေခွင့် မရှိ။ ခိုင်းလို့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူရမယ်။ Child Labor တွေ အားလုံးကို ဖြေရှင်းလို့ မရဘူးဆိုပြီးတော့မှ မဆုတ်ကိုင်ထားဘဲနဲ့ ဒီအိမ်ကူကိစ္စကိုတော့ ခြွင်းချက်ထားပြီးတော့ Outlaw လုပ်ပေးရမယ်။ နောက်ပြီးတော့ ဘာလုပ်ပေးရမလဲဆိုတော့ အသက်ပြည့်ပြီးတော့ လက်ခံထားရင်တောင်မှ အိမ်အကူပွဲစားတွေဖြစ်ဖြစ်၊ အိမ်ရှင်တွေပဲဖြစ်ဖြစ် အားလုံးဟာ Register လုပ်ပြီးတော့ Officially documented တရားဝင် မှတ်ပုံတင်ရမယ်။ နီးစပ်ရာ အာဏာပိုင်တွေမှာ။ ပြီးလို့ရှိရင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရရှိပါသလား။ ကလေးငယ်တွေ ကောင်းမွန်စွာ နေထိုင်ခွင့်ရပါသလား ရှေုာင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ရပါမယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ဥပဒေနဲ့အညီ သူတို့ဘက်က အကာအကွယ်ပေးထားဖို့။ နောက်တခု ကျနော် မေးချင်တာက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိစ္စ ဖြစ်ပါတယ်။ ဒီကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စကို ပိုက်ဆံပေးပြီးတော့ ကျေအေးဖြန့်ဖြေဖို့ ကြိုးစားတယ်လို့ ထင်တယ်။ ဆိုတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ဖြန့်ဖြေခြင်းဆိုတဲ့ကိစ္စ ပါနေတယ်လို့လဲ တချို့က ထောက်ပြကြပါတယ်။ ဆိုတော့ အဲဒီလုပ်ပိုင်ခွင့်က ပြင်သင့်တယ် ထင်သလား။ သို့တည်းမဟုတ် ဒီဟာကို ကော်မရှင်ထဲက လူတွေကို အစားထိုး ခန့်သင့်တယ်လို့ ထင်ပါသလား။ ကော်မရှင်နဲ့ ပတ်သက်လို့ ကိုဆွေဝင်းရဲ့ အမြင်ကိုလည်း ပြောပါအုံး။

ကိုဆွေဝင်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်မှာ စုံစမ်းရမယ့် တာဝန် ရှိပါတယ်။ ဒါဟာ ဝေးလံခေါင်ဖျားပြီးတော့ ချောင်ကြိုချောင်ကြားမှာ ဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အနည်းဆုံးအားဖြင့် ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာ ရောက်ရှိလာပြီ။ ကလေးတွေကို ကျွန်ပြုနေပြီ၊ ညှဉ်းပန်းနှိပ်စက်နေပြီ ဆိုရင်တောင်မှ ကော်မရှင်က ချက်ချင်း ကလေးငယ်တွေကို သွားတွေ့ဖို့အတွက် အနည်းဆုံး သွားကြည့်သင့်ပါတယ်။ အဲဒီအလုပ်ကို ကော်မရှင်က မလုပ်ဆောင်ခဲ့ဘူး။ နောက်အခါကြတော့ ကော်မရှင်ရဲ့ တာဝန်ထဲမှာ၊ လုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်ထဲမှာ ညှိနှိုင်းကြေအေးတဲ့ အလားအလာရှိသော ကိစ္စရပ်များကို တည်ဆဲဥပဒေများနဲ့အညီ ညှိနှိုင်းနိုင်တယ်ဆိုတာ ညှိနှိုင်းဖို့ အလားအလာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ပြုတယ်၊ ညှဉ်းပန်းနှိပ်စက်တယ် ဆိုကတည်းက ဘာမှ ညှိနှိုင်းစရာ အကြောင်းမရှိတော့ဘူးဆိုတာကို ကော်မရှင်တွေက ဥပဒေကြောင်းအရ မပြောနဲ့၊ လူသားဆန်တဲ့စိတ် သာမန်အရပ်သားတယောက် တွေးခေါ်စိတ်နဲ့ ဆုံးဖြတ်လို့ ရပါတယ်။ ကျေးလက်ကနေ တက်လာပြီး၊ နုံချာစမတတ်၊ ပေမတတ် မိဘတွေနဲ့ မြို့ပေါ်မှာရှိတဲ့ လည်လည်ဝယ်ဝယ်တွေ ထိပ်တိုက်တွေ့ပြီးတော့ စေ့စပ်ညှိနှိုင်းခိုင်းတယ်ဆိုတာကိုက တော်တော်လေးကို လွန်းလွန်အားကြီးသွားပါပြီ။ နောက် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ဒါက အိမ်ရှင် နဲ့ အိမ်ကူဆိုတာ တခါတလေ ဖြစ်တတ်တာပဲ။ တခါတလေ ငါတို့ကိုယ်တိုင် ရိုက်ရတာပဲဆိုတဲ့ စကားလုံးတွေ ပြောကြားပြီး အင်မတန်မမျှတတဲ့ စီရင်မှုကို ဆောင်ရွက်ခဲ့တယ်။ နောက်ပြီးတော့ အရေးကြီးဆုံး အချက်ကတော့ ကလေးမိဘတွေကို ဘာပြောလဲဆိုတော့ ခင်များတို့က ပြီးပြီသားကိစ္စကို ပြီးပြီတယ်လို့ သဘောထားမလား။ ဒါမှမဟုတ် တရားဥပဒေလမ်းကြောင်းအတိုင်း သွားချင်သလား။ သို့ပေမယ့် ကျနော်တို့ရဲ့ ကော်မရှင်ရဲ့ တာဝန်ကတော့ ကော်မရှင်ကို ရောက်လာပြီဆိုရင်တော့ အားလုံး စေ့စပ်ညှိနှိုင်းကြရတာပဲဆိုတဲ့ ရေလာမြောင်းပေး တရားဥပဒေလမ်းကြောင်းတခုလုံးကို Justice ကို Block လုပ်တဲ့ဟာမျိုးလို့ပဲ ကျနော် မှတ်ချက်ပေးလိုပါတယ်။

XS
SM
MD
LG