မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာရက် ပေါင်း (၁၀၀) ပြည့်လာသည့်တိုင် တိုင်းပြည်ကို မထိန်းသိမ်းနိုင်သေးပါဘူး။ တိုင်းပြည်အခြေအနေလည်း အတော့်ကို ကျဆင်းဆုတ်ယုတ်သွားခဲ့ပါပြီ။ ရှေ့မှာ ဘာဆက်ဖြစ်လာနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒေါက်တာတင့်ဆွေခင်များ .. အခု မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ရက်ပေါင်း (၁၀၀) ပြည့်ခဲ့ပါပြီ။ တက်လာတုန်းကတော့ လွယ်လွယ်ကူကူနဲ့ သူတို့ လိုချင်တဲ့အတိုင်း လုပ်လို့ရလိမ့်မယ်လို့ မျှော်မှန်းခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ ရက် (၁၀၀) သာ ကြာလာခဲ့တယ်။ တိုင်းပြည်က အခြေအနေ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာခဲ့တယ်။ စီးပွားရေးကအစပေါ့။ ဆိုတော့ ဒီအခြေအနေမှာ ကျနော်တို့ရှေ့ကို ဘယ်လိုတက်နိုင်မလဲ။ အဓိကအားဖြင့် သုံးသပ်သူတွေကတော့ Failed state or Revolution ဆိုပြီး ပြောကြတယ်။ ဆရာကတော့ သုံးသပ်သူ၊ တက်ကြွလှုပ်ရှားသူ နှစ်ခုပေါင်းလို့ သုံးချင်ပါတယ်။ တက်ကြွလှုပ်ရှား သုံးသပ်သူပေါ့။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ Failed state revolution ဆိုတာတော့ ကျနော်မြင်တာကတော့ နှစ်ခုစလုံးက on the road to a failed state, on the road to revolution ဖြစ်နေပြီလို့ ထင်တာပဲ။ ဒီအထဲက အကောင်းဆုံးအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို ပြောကြရအောင်ပါ။ စစ်အာဏာရှင်စနစ် ကျဆုံးပြီးတော့ ပြည်သူတွေမျှော်မှန်းတဲ့ ဒီမိုကရေစီလမ်းကြောင်းကို မြန်မြန်ဆန်ဆန် ပြန်လည်ရောက်လာနိုင်မယ့် အလားအလာ မြင်ရပါသလား။
ဖြေ ။ ။ ဦးကျော်ဇံသာ ပြောသလို၊ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးထဲပါတဲ့ လူတယောက်အနေနဲ့ ပြောရင်တော့ နွေဦးတော်လှန်ရေးခေါ်တဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးကို အမြန်ဆုံး အဆုံးသတ်ပြီးတော့ ပြည်သူလူထု လိုချင်တဲ့ပန်းတိုင်ရဖို့ဟာ ဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကနေ ကျနော် တင်ပြဆွေးနွေးရမှာ ဖြစ်ပါတယ်။ နောက်တခါ မညှာမတာ၊ အားမနာ နိုင်ငံရေးသုံးသပ်တဲ့ထောင့်ကနေ ကြည့်လို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်ကို ကမ္ဘာဖြစ်ပြီသား တော်လှန်ရေးတွေ၊ ဖြစ်ပြီသား ပြောင်းလဲမှုတွေနဲ့ယှဉ်ရင် ဘယ်နိုင်ငံမှမရှိတဲ့ ဖြစ်ပျက်ပြောင်းလဲမှုကြီး ဖြစ်တော့ကာ ဘယ်လိုအဆုံးသတ်မလဲ။ ဘယ်သူတွေက အနိုင်ရမလဲဆိုတာ အင်မတန်မှ ခက်သေးတဲ့ကာလလို့ ကျနော်မြင်ပါတယ်။
ဒီအရှေ့တောင်အာရှမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ နောက်ပိုင်းမှာ မေးခွန်းထဲမှာပါသလို ကျရှုံးနိုင်ငံ ဒီအသုံးအနှုန်းနဲ့ နောက်တခါ Civil war ဆိုတဲ့ ပြည်တွင်းစစ်ကြီး ဆီးရီယားလို ဖြစ်မယ် စသည်ဖြင့် သုံးသပ်ချက်တွေရှိတော့ အဲဒါတွေနဲ့လဲ ကျနော်တို့နိုင်ငံက မတူပြန်ဘူး။ ဒါကြောင့် ဘယ်လိုအဆုံးသတ်ပြီးတော့ ဘယ်သူတွေက အနိုင်ရမလဲလို့ ပြောဖို့ အခုထိ အတော်ကို ခက်သေးတယ်လို့ ကျနော်မြင်တယ်။ တော်တော်လေးတော့ ရှုပ်ထွေးတယ်။
မေး ။ ။ ဒါပေမဲ့ အခုလောလောဆယ်မှာကြည့်ရင် ပြည်သူတွေဘက်က စိတ်ဓါတ်ကတော့ အင်မတန်တက်ကြွနေတယ်။ အထူးသဖြင့် လူငယ်တွေက သိပ်တက်ကြွတယ်။ နောက်ပြီးတော့ စည်းလုံးညီညွှတ်မှု ခါတိုင်းထက် အားသာတယ်။ တိုင်းရင်းသားတွေလည်း အရင်တုန်းက ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ ဒီလောက်ထိ မစည်းလုံး၊ မညီညွှတ် ရွေးကောက်ပွဲဆိုတာလဲ တိုက်ပွဲပဲပေါ့။ အခုကိစ္စမှာတော့ တိုင်းရင်းသားတွေလည်း တော်တော်လေး တက်တက်ကြွကြွ စည်းလုံးညီညွှတ်တာကို တွေ့ရပါတယ်။ ဆိုတော့ ဒီအင်အားတွေကို ထည့်တွက်ရင်ကော ဒီမိုကရေစီအင်အားစုဘက်က အလေးသာနေတဲ့ အခြေအနေလို့ မပြောနိုင်ဘူးလား။
ဖြေ ။ ။ ကျနော်လည်း အဲဒါကို သဘောတူတယ်။ ဒီပွဲကြီး ဘယ်တော့ပြီမယ်၊ ဘာမယ်ဆိုတာဆိုတာကို တပိုင်းထားပြီးတော့ အခုရနေတဲ့ အကျိုးအမြတ်။ ဦးကျော်ဇံသာ ပြောသလို တိုင်းရင်းသားအင်အားစုတွေနဲ့ တိုင်းရင်းသားလို့ အခေါ်မခံရတဲ့ ပြည်မက အစုတွေ၊ အင်အားစုတွေဟာ ကျနော်တို့ လွတ်လပ်ရေး မရခင်ကတည်း၊ ရခါနီးကတည်းက ကွဲလာခဲ့တဲ့ အကွဲအပြဲတွေမှာ အခုလောက် စည်းလုံးညီညွှတ်မှု၊ စည်းလုံးညီညွှတ်မှုဆိုတာထက် အပြန်အလှန် နားလည်လေးစားမှု၊ အပြန်အလှန် ခံစားမှုတွေ တူညီမှုဆိုတဲ့ ရလဒ်ဟာ ဘယ်လိုနည်းနဲ့မှ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အဲဒါတွေကို ကျနော်တို့ ရနေတယ်။ အဲဒီလိုရခြင်းဟာ အနာဂတ် အခုတင်ပြတောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အလွန်ကြီးမားခိုင်ခန့်တဲ့ အခြေခံကောင်းကြီး ဖြစ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ဆက်လက်အောင်ပွဲခံဖို့ဆိုတာလဲ ဒီရထားပြီသား အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်ချစ်ခင်မှုတွေကနေ ဆက်သွားလို့ရှိရင် ပြည်သူလူထုဘက်က အင်အားဟာ တဘက်က ယိုးယွင်းကျဆင်းလာနေတဲ့ စစ်တပ်အုပ်စုဘက်ကို အသာစီးရနိုင်တဲ့၊ အလွန်ကောင်းတဲ့ အလေးသာမှုကြီး ဖြစ်တယ်လို့ ကျနော်အနေနဲ့ သဘောတူပါတယ်။
မေး ။ ။ ဒါပေမဲ့ တဘက်ကကြည့်မယ်ဆိုရင် စစ်တပ်ကတော့ လက်နက်အင်အားရှိတယ်။ တော်တော်နဲ့ အလျှော့ပေးမယ့် ပုံစံကိုတော့ မတွေ့ရဘူး။ ပြည်သူတွေကလဲ ဒါကိုတုံ့ပြန်ဖို့အတွက် တချို့ကတော့ လက်နက်အင်အားကို ကိုင်စွဲဖို့ အားထုတ်လာကြတာကို တွေ့ရပါတယ်။ ဒီလက်နက်အင်အားနှစ်ခု ယှဉ်တဲ့နေရာမှာတော့ လက်တွေ့အားဖြင့် ယှဉ်နိုင်ပါ့မလား။ ဒီကိစ္စကိုတော့ နည်းနည်းမေးခွန်းထုတ်စရာ ရှိမယ်ထင်တယ်။
ဖြေ ။ ။ ဒီမေးခွန်းကိုလည်း ကျနော် အားမနာတမ်း ဖြေပါမယ်။ စစ်တပ်ဟာ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာ လိုချင်တယ်ဆိုတဲ့ လူစား။ သူက မရရအောင်လုပ်မယ်။ ရတဲ့နည်းနဲ့ ဘယ်လောက်နာမည်ပျက်ပျက်၊ ဘယ်လောက်ဆိုးဆိုး စသည်ဖြင့် သူ လိုချင်တာရအောင် လုပ်ဖို့အတွက် ဝန်မလေးတဲ့ စစ်တပ်အုပ်စု ဖြစ်တယ်။ နောက်တခါ လက်နက်ကိုင်နည်းနဲ့ရော၊ ရရလက်နက်တွေနဲ့ရော ခုခံကာကွယ်လိုတယ်ဆိုတဲ့ စိတ်ဓါတ်က ရှင်းရှင်းပြောရရင်တော့ ကျနော် တခါဆွေးနွေးသလို စစ်တပ်ရဲ့ အားသာချက်က စစ်တိုက်နည်း ဖြစ်တယ်။ ကျနော်တို့က သူ့အားသာချက်ကို သွားပြီးတော့ challenge လုပ်ရတဲ့ဘဝ။ အဲဒီတော့ အဲဒီလိုဖြစ်တဲ့အတွက် ခင်များတို့ ကျနော်တို့ဘက်ကတော့ သူတို့စစ်အင်အားကြီးကို မယှဉ်နိုင်ဘူးလို့ ပြောလို့လဲ မဖြစ်တဲ့ဘဝ။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာလမ်း မရှိတော့ဘူး။ ယှဉ်ပြိုင်မှုနည်းတွေ - လမ်းပေါ်ထွက်တဲ့နည်းတွေ အမျိုးမျိုး၊ နည်းပေါင်းစုံနဲ့ လုပ်ပြီးတော့ နောက်ဆုံး ဒီနည်းကျန်သေးတယ်။ ဒီနည်းလုပ်ကြတဲ့ဟာ ဒါကို လုပ်တဲ့လူတွေကို အပြစ်ပြောလို့ မရဘူး။ ခင်များတို့ စစ်သည် လေးသိန်းငါသိန်းကို သွားယှဉ်လို့ မရဘူးဆိုပြီး ပြောလို့လဲ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ဘယ်သူမှ တားလို့မရတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ဒီနည်းနဲ့ အခုန ကျနော်တို့ အကြမ်းမဖက်နည်း ပြောပြော၊ တခြားနည်းတွေနဲ့ နှစ်ခုအပြင် နည်းတွေကစုံတယ်။ အဲဒါတွေနဲ့ပေါင်းပြီး ပြည်သူလူထုဘက်က ဆောင်ရွက်ကြတယ်ဆိုတာကို ကျနော် အပြစ်မမြင်ဘူး။ မဆောင်ရွက်ပါနဲ့လို့လဲ မပြောသင့်ဘူး။ ဒီဟာကို အားပေးနိုင်တဲ့လူတွေက အားပေးသင့်တယ်လို့ ကျနော် ယူဆပါတယ် - လက်နက်ကိုင်နည်းကိတော့။
မေး ။ ။ ဒီနေရာမှာ တချို့က ပြည်ပအင်အားကို မျှော်လင့်မျှော်ကိုးတဲ့ အသံတွေကိုလည်း ကြားရပါတယ်။ သူတို့ကိုကော ဘာပြောလိုပါလဲ။
ဖြေ ။ ။ ပြည်ပအကြောင်းကတော့ အခု ရက် (၁၀၀) အကြာမှာ အများစု ပြည်သူလူထု - နိုင်ငံရေး သုံးသပ်သူတတ်သူတွေကို ဘေးချိတ်ထားပြီးတော့ တောကနေသူတွေတောင်မှ နိုင်ငံတကာဆိုတဲ့ ကိစ္စကို ရေရေလည်လည် သဘောပေါက်လာကြပြီ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ရက် (၅၀) ရက် (၇၅) လောက်က မျှော်လင့်ချက်မျိုးတော့ နိုင်ငံတကာကို ဘယ်သူမှ မမျှော်လင့်ကြဘူးတော့လို့ ကျနော်မြင်တယ်။ အဲဒီတော့ မျှော်မနေဘဲနဲ့ ကိုယ်ဘာသာကိုယ် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အခုဆောင်ရွက်နေကြတယ်လို့ မြင်ပါတယ်။ တချိန်တည်းမှာ နိုင်ငံတကာရဲ့ အကန့်အသတ်ကြီး ကြီးမှုကို ဘယ်လိုကျော်လွှာမလဲ ဆိုတာကိုလည်း ကြိုးစားဆောင်ရွက်နေကြတယ်။
မေး ။ ။ ဒီကြားထဲမှာ နိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့ ခပ်တိုတိုတခုကို ထပ်ပြီးမေးချင်ပါတယ်။ မကြာခင်ပဲ အာဆီယံအကြီးအကဲတွေ - အာဆီယံလက်ရှိ ဥက္ကဋ္ဌ ဘရူးနိုင်း နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆိယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကိုသွားမယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့မယ် ဘာညာသတင်းထွက်ပါတယ်။ ဘယ်လောက်မျှော်လင့်နိုင်ပါသလဲ။
ဖြေ ။ ။ တည့်တည့်ပွင့်ပွင့်လင်းလင်း ပြောရရင် မျှော်လင့်ချက် သိပ်မရှိဘူးလို့ မြင်ပါတယ်။ ပြည်သူလူထုတချို့ သုံးသပ်သလို အချိန်ဆွဲမှု ဗျူဟာတခုလို့ ပြောတဲ့ဟာကို ကျနော်က ငြင်းလို့မရဘူး။ ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ဖြစ် စကားပြောရေးပဲဖြစ်ဖြစ်ဆိုတဲ့ ကိစ္စကို ပြည်သူလူထုက ဒီနေ့ အင်မတန်မှ နားခါးတဲ့ ကာလ ဖြစ်တယ်။ တချိန်တည်းမှာ အာဆီယံရဲ့နောက်မှာ ကုလသမဂ္ဂ၊ EU, အမေရိကအထိ အပါအဝင် နောက်ကနေ - ကျောထောက်နောက်က။ အထူးသဖြင့် တရုတ်နိုင်ငံ။ သူကတော့ ကျောထောက်နောက်ခံ မဟုတ်ဘူး။ အပေါ်က ကြိုးဆွဲရာ ဖြစ်နေတော့က ကျနော်မြင်တယ် တကယ်တမ်းသာ တွေ့ဆုံဆွေးနွေးမှုက အာဆီယံရဲ့ စေ့ဆော်မှုအရ ဖြစ်လာရင်လဲ ကျနော်တို့ တားလို့ရမှာ မဟုတ်ဘူး။ ခြေလှမ်းသေးလေးလေး တခုတော့ ရောက်ကောင်းရောက်ပါလိမ့်မယ်။
မေး ။ ။ ဒီလိုအခင်းအကျင်းမှာ ရက်ပေါင်း (၁၀၀) ပြည့်လာတဲ့အခါမှာ သွေးထွက်သံယိုဖြစ်တာ။ အသက်စွန့်သွားရတဲ့ လူတွေ။ ထိခိုက်ဒဏ်ရာရတဲ့လူတွေ င်မတန်ကြေကွဲရင်နာစရာ ဖြစ်ရပ်တွေကိုလည်း တွေ့ရပါတယ်။ တချိန်ထဲမှာပဲ ပြည်သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က ကျရံှုးလာနေတဲ့အတွက် သူတို့ရဲ့ ဒုက္ခကလဲ တဖြည်းဖြည်း သိပ်ကြီးမာလာနေပါတယ်။ တချို့ဆိုရင် အငတ်ဘေးတောင် ဆိုက်မယ်လို့ ခန့်မှန်းထားတဲ့အထိ ပြောလာကြတာကိုလဲ တွေ့ရပါတယ်။ ဆိုတော့ ဒီလိုအကျပ်အတည်းတွေကို ပြည်သူတွေက ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲ။ အဲဒါလဲပဲ စဉ်းစားစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို ဘယ်လိုယူဆပါလဲ။
ဖြေ ။ ။ အင်မတန်မှ စိတ်မကောင်းစရာတွေ။ ကျနော်တို့ ပြောတာထက် ပြည်သူလူထု ခံစားရတဲ့လူတွေက ကိုယ်တိုင်သိကြပါတယ်။ အဲဒီတော့ တိုင်းပြည်ဟာ တကယ့်ကို ချွတ်ခြုံကျရုံတင်မက ဇောက်ထိုးမိုးမျှော် ကျမယ်ဆိုတာလဲ ကျနော်တို့ ငြင်းလို့မရဘူး။ သို့သော်လဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ဝန်းကျင်၊ နောက်ထပ် (၁၀၀) လောက်အထိ သုံးသပ်ရင် ကျနော်တို့နိုင်ငံက အင်မတန်မှ ဆင်းရဲနွမ်းပါးတဲ့ ဘဝကနေ လျှောက်လှမ်းလာခဲ့ကြတယ်။ ရှိတာလေးနဲ့ ရောင့်ရဲပြီးတော့ မြေကြီးရှိရင် သစ်ပင်စိုက်စားတဲ့ အတွေ့အကြုံပေါ့။ စစ်အုပ်စုက သူ့မိတ်ဆွေ (၂) နိုင်ငံလောက်ရှိရင် သူတို့ sanction မကြောက်ဘူး၊ ပြောနေသလို၊ ပြည်သူလူထုကလဲ မြေကြီးရှိရင် ဖော်စားစရာ - ဆန်ဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ် စိုက်စားမယ်၊ အသီးအရွက်ဖြင့် စိုက်စားမယ်ဆိုတဲ့ ဘဝကို ရင့်ကြတ်ပြီသားဖြစ်တော့ အငတ်ဘေးကိုလည်း လူထုက ကြံ့ကြံ့ခံကြလိမ့်မယ်လို ယူဆတယ်။ အင်မတန်မှ စစ်မကောင်းစရာ။ အဲဒါကြောင့်မို့ ကျနော်မြင်တာကတော့ စားစရာမရှိလို့ဆိုတာက ၈၈ တုန်းက ဆန်တောင် မရှိဘူး။ အဲဒီကနေ အုံကြွပေါက်ကွဲမှုကြီး ဖြစ်သလို၊ အခုကတော့ အဲဒီလို မဖြစ်ဘဲနဲ့ ပြည်သူလူထုက ဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ခံကြလိမ့်မယ်။ ပညာရေးရပ်တန့်မှုကြီး ဒဏ်ကိုလည်း အံ့ကြိတ်ပြီး ခံကြလိမ့်မယ်ဆိုတော့ ဒီဖိအားတွေကြောင့် ပြည်သူလူထုက လက်လျှော့ပြီးတော့ ကျနော်တို့ ကြောက်ပါပြီလို့ ပြောမယ်လို့တော့ ကျနော် လုံးဝမထင်ပါဘူး။
==Unicode==