ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျန်နိုင်ငံတချို့ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့စာရင် မြန်မာနိုင်ငံအတွက် ပိုပြီးအကျိုးရှိနိုင်တယ်လို့ စီးပွါးရေးပညာရှင် ဦးစောမြင့်မောင် က သုံးသပ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခုခရီးစဉ် မတိုင်ခင်ကတည်းက ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာနိုင်ငံမှာရှိနေပြီး၊ ဂျပန်ဟာ မြန်မာအခြေအနေကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်တယ်လို့လဲ ဆိုပါတယ်။ ယခင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေး ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်မောင် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ စီးပွါးရေးအရ ဘယ်လောက် အရေးပါတယ်ဆိုတာကို စပြောထားပါတယ်။
ဦးစောမြင့်မောင် ။ ။ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာ စီးပွားရေး ဆက်ဆံရေး ကောင်းလာဖို့က အရေးပါတယ်။ နိုင်ငံတကာအထဲမှာ ဂျပန်ကလည်း အင်မတန် အရေးကြီးတဲ့ နိုင်ငံတခုအနေနဲ့ ပါတယ်။ သို့သော်လဲ ဂျပန် ရင်းနှီးမြုပ်နံှမှုတွေက ရောက်နေတာ ကြာပါပြီ။ ဂျပန်သည် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တခြားနိုင်ငံတွေထက်စာရင် တော်တော်ကို ထဲထဲဝင်ဝင် သိတဲ့နိုင်ငံလို့ ပြောလို့ရှိရင် ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် JICA အကူအညီနဲ့ လုပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးရှိနေတယ်။ ဂျပန်ပညာရှင်တွေလည်း မြန်မာပြည်ထဲမှာ မပြတ်မပြတ် ရှိနေတယ်ဆိုတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ သူတို့ မျက်ခြေမပြတ်ပါဘူး။ တော်တော်ကို အတွင်းကျကျ သိတဲ့သဘောရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဗမာပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သွားပြီးတော့ ဆွဲဆောင်လောက်ရအောင် အကြောင်းကတော့ အဲဒါ မဟုတ်လောက်ဘူးလောက်တော့ ထင်တာပဲ။ ဒါ ကျနော် တွက်ကြည့်တာပါ။ နောက် ဒီတခေါက် နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဂျပန်ခရီးမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ပါမသွားဘူး။ ကြိုပြီးတော့ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေက Forum လုပ်ဖို့ဆိုပြီး သူတို့သက်သက်သွားကြတာရှိတယ်။ ကြားရတယ်။ အဲဒီတော့ ဂျပန်က စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဆက်သွယ်မှုက ရှိနေတယ်။ န
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဂျပန်က မြန်မာနိုင်ငံအကြောင်းကို သိနေပြီ။ မြန်မာနိုင်ငံထဲမှာ ဂျပန်စီးပွားရေးတွေလည်း ရှိနေတယ်ဆိုတော့။ တချို့က နိုင်ငံခြားရင်းနှီးမြုပ်နံှသူတွေက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရင်းနှီးမြုပ်နံှလောက်အောင် မကောင်းသေးဘူးလို့ အမျိုးမျိုးအကြောင်းပြကြတာတွေ တွေ့ရပါတယ်။ ဥပမာအားဖြင့် Infrastructure အခြေခံအဆောက်အအုံတွေဟာ သူတို့ ရင်းနှီးမြုပ်နံှလောက်အောင် မကောင်းသေးဘူးလို့ ပြောကြတယ်။ တချို့က ခရိုနီ စီးပွားရေးသမားတွေပဲ အဓိက လွှမ်းမိုးနေတဲ့အတွက်ကြောင့်လည်း သူတို့အတွက် လုပ်ရကိုင်ရတာ ခက်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီအခက်အခဲတွေကြတော့ ဂျပန်တွေက ဘယ်လို သုံးသပ်ကြပါလဲ။ ဒီဟာတွေကို ဂျပန်တွေက ဘယ်လို ကျော်လွှားနိုင်ပါ့မလဲ။ ပထမဦးဆုံး Infrastructure အခက်အခဲ။ ဂျပန်တွေ စိတ်တိုင်းကျနိုင်စရာ ရှိပါရဲ့လား။
ဦးစောမြင့်မောင် ။ ။ မြန်မာနိုင်ငံရဲ့ Infrastructure အခြေအနေက တခြားနိုင်ငံတွေရဲ့ အခြေအနေနဲ့ ယှဉ်တွဲစဉ်းစားပြီးမှ မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နံှမှု စဉ်းစားကြမယ်ဆိုရင် သိပ်ပြီးတော့ အခြေအနေကောင်းကြီးလို့ ပြောလို့မရဘူး။ ဒါက တည့်တည့်ပဲ ပြောရမယ်ဆိုရင် ဥရောပတို့ ဘာတို့ကတော့ အဲဒီ ရှုထောင့်ကနေ ကြည့်တာတွေများတယ်။ သို့သော် ဂျပန်ကကြတော့ ကျနော်တို့အမြင်က မြန်မာနိုင်ငံအပေါ်ထားတဲ့ သူ့ရဲ့သဘောထားက ဥရောပတို့ဘာတို့ အနောက်ကနဲ့ မတူတဲ့ပုံ ကြည့်ရတယ်။ သို့သော် သူတို့က မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာတွေ တော်တော်များများ နားလည်နိုင်တယ်။ အထူးသဖြင့် စီးပွားရေး ပတ်သတ်လို့။ ဒါတွေကို မြှင့်တင်ဖို့က သူတို့က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာက ပညာပါ။ ဆိုလိုတာက သူများတွေ တခြားနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ မစဉ်းစားတဲ့ဟာမျိုးတွေ သူတို့ လိုက်စဉ်းစားမျိုးတွေ ရှိတယ်။ ဒီမှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေ။ အဲဒါတွေကို JICA ကတဆင့် လာတယ်။ ဒီပြဿနာတွေရှိတယ်။ Infrastructure .. Internet ဆက်သွယ်ရေးကိစ္စ၊ လမ်းပန်ဆက်သွယ်ရေးကိစ္စ၊ လျှပ်စစ်တို့ ဒီဟာတွေက အများကြီး လုပ်စရာရှိတယ်ဆိုတာကို သူတို့ သိတယ်။ အဲဒီဟာတွေကြားကို ဘယ်လိုနည်းနဲ့ ထိုးဖောက်ရှာ လုပ်မလဲဆိုတဲ့ဟာတွေ သူတို့မှာ အစီအစဉ်တွေရှိတယ်။ သူတို့က လာလိုက်ရင် စီမံကိန်းကြီးလိုဆန်ဆန်မျိုး Package ရှင်တွေက လာတာ။ နောက်တချက်ကလဲ အိမ်နီးချင်းဖြစ်တဲ့ တရုတ် - သူကလည်း စီးပွားရေးမဟာအင်အားကြီး ဖြစ်နေပြီ။ တရုတ်ပြည်ရဲ့ စီးပွားရေး Influence က အင်မတန်ကြီးတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ ကမ္ဘာနဲ့ချီသိတယ်။ ဒီနေရာကို ဂျပန်က တခြားနိုင်ငံတွေ စဉ်းစားသလိုမျိုး မဟုတ်ဘဲ၊ သူ့နည်းသူ့ဟန် ကိုယ်ပိုင်ဟန်နဲ့ ဝင်ဖို့ဟာ။ သူ ဝင်မှကို ဖြစ်မယ်ဆိုတဲ့ သဘောမျိုး သူမှာ တွေးထားဟန်ရှိတယ်လို့ ကျနော်တို့ သိရတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် ဒီနေရာမှာ မေးချင်တာက ဗမာပြည်ထဲမှာ အခုလောလောဆယ် အများဆုံး ရင်းနှီးမြုပ်နံှနေတာကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြုပ်နံှလာမယ့် ပမာဏဟာ တရုတ်ကို ယှဉ်နိုင်တယ် Balance လုပ်နိုင်တဲ့ ပမာဏအထိ ဖြစ်လာနိုင်တယ်လို့ ဆရာ တွက်ပါလား။
ဦးစောမြင့်မောင် ။ ။ ဒီဟာကတော့ ဘယ်နေရာ ဘယ် Sector မှာ ရင်းနှီးမြုပ်နံှမလဲဆိုတာနဲ့ မူတည်တာပေါ့။ ဗမာပြည်မှာက ရင်းနှီးမြုပ်နံှမှု များတယ်၊ ကြီးမားတယ်ဆိုတာက တကယ့်တကယ်ကြတော့ မြင်နိုင်တဲ့ သဘာဝဓါတ်ငွေ Sector ပေါ့။ Energy Sector မှာ ရင်းနှီးမြုပ်နံှတာတွေက များတယ်။ တရုတ်က တော်တော်များများကလည်း အဲဒါတွေ များတာပေါ့။ ဂျပန်ကတော့ တခြား Sector တွေကို စိတ်ဝင်စားတာ ရှိတယ်။ ဒါကြောင့် ကျနော်တို့က ဂျပန်ရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်လို့ ပိုပြီးတော့ အလေးထားပြီး ကြည့်တာက တကယ်လို့များ ကျနော်တို့နိုင်ငံမှာရှိတဲ့ ရင်းနှီးမြုပ်နံှမှု အားနည်းနေတဲ့ Industry နဲ့ Manufacturing နဲ့ Agricultural sectors တွေကို သူ ဝင်လာပြီဆိုရင်တော့ သေချာပြီ … ဒါဆိုလို့ရှိရင် ကျနော်တို့နိုင်ငံကို သူ သေသေချာချာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့် အနေအထားမျိုး ရောက်လာမယ်လို့ ကျနော်တို့ အဲဒီလို တွက်လို့ရတယ်။ ဒါကြောင့် ပမာဏအားဖြင့် ငွေသား ဒေါ်လာ ဘယ်နှစ်သန်း ဘာညာ ဘယ်လောက် ဘီလီယန်ဆိုရင်တော့ ခြားနားတော့ ခြားနားနေမယ်။ ဘာဖြစ်လို့လဲဆိုတော့ Sector မတူတဲ့ပေါ်မှာ ရင်းနှီးမြုပ်နံှမှု ပမာဏ က ကွာတယ်။ အကြီးအသေးက ကွာတယ်။ သို့သော် ဦးတည်တဲ့ Sector တွေက နည်းနည်းပို Solid ဖြစ်တယ်လို့ အဲဒီဟာလေး သိခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဂျပန် ရင်းနှီးမြုပ်နံှတာနဲ့ တရုတ် ရင်းနှီးမြုပ်နံှတာ လူတွေကတော့ ဂျပန်ရဲ့ ရင်းနှီးမြုပ်နံှမှုက ပိုပြီးတော့ အကျိုးရှိတယ်။ ဘယ်အချက်တွေမှာ သာတယ် စသည်ဖြင့် တွက်ကြပါတယ်။ ဆရာကော ဘယ်လို နှိုင်းယှဉ်လိုပါလဲ။ ဥပမာ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုမျိုး။
ဦးစောမြင့်မောင် ။ ။ ကျနော် စောစောကပြောတဲ့ အဓိပ္ပါယ်လဲ အဲဒါပါပဲ။ အဲဒီသဘောကို ပြောချင်တာပါပဲ။ တရုတ်ကတော့ Energy ဘက်ကို အလေးထားတယ်။ နောက် သူ့ကုန်စည်တွေကို များများရောင်းရဖို့ လုပ်တယ်။ သမာရိုးကျ လုပ်လေ့လုပ်ထ ရှိတယ်။ နောက်ပြီးတော့ တော်တော်များများက တရုတ်က တရားမဝင်တဲ့နည်းတွေနဲ့ ဝင်လုပ်နေတာ အများကြီးရှိတယ်။ ဒါကတော့ နိုင်ငံတော်အဆင့်အနေနဲ့ မဟုတ်တာတွေလည်း ရှိတာပေါ့။ အဲဒီတော့ ပမာဏအနေနဲ့ ကြည့်ရင် တရုတ်က အများကြီး ဖြစ်နေတာပေါ့။ တကယ့်တကယ်ကြတော့ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်တဲ့ ကုန်ထုတ်လုပ်မှု Manufacturing နဲ့ လယ်ယာကဏ္ဍတွေနဲ့ ပတ်သက်လို့ တရုတ်ကလုပ်တာ သိပ်မတွေ့ဘူး။ စိတ်ဝင်စားဟန်လဲ မပြဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဂျပန်ရဲ့ ရင်းနှီးမြုပ်နံှမှုအတွက် သူတို့အနေနဲ့ အဟန့်အတား ဖြစ်နေတယ်လို့ မြင်နိုင်တဲ့ အချက်အလက်တွေ ဘာတွေ ရှိနိုင်လဲ။ ဥပမာအားဖြင့် နိုင်ငံရေး တည်ငြိမ်မှုတို့ ဘာတို့။ ဂျပန်က စိတ်တိုင်းကျ ဖြစ်နေပါရဲ့လား။ နောက်တခါ ခရိုနီ စီးပွားရေးလောကမှာ သူတို့နဲ့ လက်သင့်တဲ့လူတွေ ဟိုတုန်းကတည်းက အာဏာပိုင်တွေနဲ့ စစ်တပ်နဲ့ ပေါင်းခဲ့တဲ့လူတွေက လွှမ်းမိုးနေတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအချက်တွေက ဂျပန်တွေ စိတ်တိုင်းကျ ဖြစ်ပါရဲ့လား။
ဦးစောမြင့်မောင် ။ ။ ခင်များ ပြောချင်တာက နှစ်ပိုင်းပေါ့။ တိုင်းပြည်ငြိမ်းအုပ်ပိပြားရေးကတော့ အဟန့်အတားတွေ အများကြီး ရှိနေတာ … ဒီဟာ ကျနော်တို့ သိနေတာ ကြာလှပြီ။ အခုမှာမှ မဟုတ်တာ။ အခုလက်ရှိ အစိုးရအနေနဲ့ ဟိုလွန်ခဲ့တဲ့ ဖြစ်လာတဲ့ဟာတွေအတွက် တောက်လျှောက်ဆက်ပြီးတော့ ရှင်းလင်းနေတာလည်း ရှိနေတယ်။ အခြေအနေက ဟိုတုန်းကထက်စာလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် ပိုကောင်းလာတာတွေ ရှိနေတယ်။ အဲဒါတွေက အတားအဆီး ဖြစ်လိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဂျပန်တွေက အန္တရာယ်ရှိတဲ့ ဧရီယာ နယ်စပ်တွေအထိ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွားလုပ်တာတွေ ဒါတွေလည်း ရှိတယ်။ နောက် ခရိုနီကိစ္စ … ခရိုနီဆိုတာက ဗမာပြည်မှာက ဓနအင်အားကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီးတွေလို့ ဒီလို ဆိုလိုခြင်းတော့ ရှိတာပေါ့။ သို့သော် တကယ်တမ်း ပြောကြစတမ်းဆိုရင် သိပ်လောက်လောက်လားလား မရှိပါဘူး။ ကျနော့်အမြင်ပေါ့။ သူတို့ချမ်းသာတာ ချမ်းသာတာကတနည်းတမျိုးပေါ့။ တိုင်းပြည်အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး ဖြစ်ပေါ်နိုင်စေတဲ့ ရင်းနှီးမြုပ်နံှမှုတွေ သူတို့ သိပ်လိုတာ မတွေ့ရပါဘူး။ သူတို့က ယေဘုယျအားဖြင့် လွယ်လွယ်နဲ့ အကျိုးအမြတ်ရတဲ့ စီးပွားရေးကို ပိုစိတ်ဝင်စားတယ်။ အဲဒီတော့ အစိုးရနဲ့ပေါင်းပြီးတော့လုပ်လို့ဆိုတာ အစိုးရဆီကရတဲ့ အစိုးရက အကြောင်းအမျိုးမျိုးကြောင့် လုပ်ပိုင်ခွင့် မရဘူး။ လုပ်ပိုင်ခွင့် မရဘူးဆိုတာ Sanction ကြောင့်ဖြစ်မယ်။ တခြားကိစ္စတွေ ရှိမယ်။ လုပ်ပိုင်ခွင့် မရတာတွေကို အစိုးရရဲ့ကိုယ်စား ကြားထဲက လုပ်ပေးနေတာ၊ သူတို့အတွက် အကျိုးအမြတ်ယူတာတွေ။ ဒီလိုမျိုးနဲ့ ချမ်းသာနေတဲ့လူတွေက များတာ။ နောက်ပြီးတော့ တခါကြတော့ ပြီးခဲ့တဲ့ မူဝါဒ အမှားတွေ ရှိတာပေါ့။ ဥပမာ Privatize လုပ်မယ်ဆိုပြီးမှ အောက်ဈေးနဲ့ ရောင်းပြစ်တာ။ ကျနော်တို့ ဖြစ်စေချင်တဲ့ Privatize ဆိုတာ ဒါမျိုး မဟုတ်ဘူး။ အဲဒီလိုနည်းနဲ့ နိုင်ငံတော်ရဲ့ Assets တွေကို အင်မတန် မတန်တဆ ဈေးနှုန်းတွေနဲ့ သူတို့က ရလိုက်တော့ အဲဒါတွေ ပြန်ရောင်းစားပြီး ချမ်းသာကြတာ။ တကယ့်တကယ် တိုင်းပြည်စီးပွားရေးအတွက် ဒါတွေက အကျိုးရှိလာတယ်လို့ ပြောလို့မရတဲ့ဟာတွေ။ အဲဒီတော့ ပြောချင်တာက ခရိုနီတွေလို့ ခေါ်ရလောက်တဲ့ ပုဂ္ဂိုလ်တွေက စီးပွားရေးမှာ ပြိုင်ဆိုင်နိုင်လောက်အောင် အစွမ်းအစ မရှိပါဘူး။ ကျနော်ကတော့ ရှိတယ်လို့ မမြင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီ ခရိုနီတွေနဲ့ တွဲပြီးလုပ်ရမှာကို ဂျပန်တွေက ဘဝင်ကျလား။
ဦးစောမြင့်မောင် ။ ။ ခရိုနီတွေနဲ့ မဆိုင်ဘဲနဲ့ အစိုးရနဲ့တွဲပြီလုပ်လို့ရ၊ ဖော်နိုင်တဲ့ဟာတွေ ရှိတယ်။ ဆိုကြပါစို့ Market Economy ကို သေချာသွားမယ်ဆိုရင် ဟိုတုန်းကရှိတယ် FEE တွေ ဘယ်လို ကိုင်မလဲ။ ဘယ်လို … လုပ်မလဲဆိုတာတွေကို အစိုးရက အခုထိ မကိုင်သေးဘူး။ ဒီလိုနေရာမျိုးတွေမှာ ကျနော် အကူအညီ လိုချင်တယ်။ ကျနော်တို့ အခုမှ စခါစရှိတဲ့ … တို့ဘာတို့ ဂျပန်တွေက ကြာလှပြီ ဒီ Banking sector နဲ့ ပတ်သက်တာတွေ၊ Financial service တွေနဲ့ ပတ်သက်တာတွေ သူလာပြီးတော့ အကူအညီပေးချင်ပါတယ်။ လုပ်ချင်ပါတယ်လို့ ပြောနေတာ ကြာလှပြီ။ အရင့်အရင် အစိုးရတွေက နားလည်ဟန်လဲ မတူဘူး။ စိတ်ဝင်စားဟန်လဲ မတွေ့ဘူး။ မလုပ်ခဲ့ဘူး။ အခုထက်ထိလဲ မလုပ်ကြသေးဘူး။ အခု အစိုးရလက်ထက်လဲ အဲဒီဟာတွေ စမကိုင်သေးဘူး။ အဲဒါမျိုးတွေဆိုတာက ကျနော်တို့ဆီက ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘာမှ လုပ်နိုင်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ တကယ့်တကယ်ကြတော့ အစိုးရအဆက်ဆက် အခုအစိုးရအထိ စီးပွားရေးနဲ့ ပတ်သက်တဲ့ဟာ မူဝါဒက ရှင်းရှင်းလင်းလင်းကို မရှိတာ။ မချနိုင်၊ အခုလဲ မချနိုင်သေးဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဂျပန်တွေ ရင်းနှီးမြုပ်နံှလာပြီးတဲ့ လာတဲ့အတွက်ကြောင့် မြန်မာပြည်တွင်းမှာ ပြည်သူတွေ ကျွမ်းကျင်မှု ကျန်ရစ်ခဲ့မလား။ မြန်မာတိုင်းရင်း လုပ်ငန်းရှင်တွေအတွက် အတားအဆီး ဖြစ်မလား။ သူတို့ကို အားပေးရာ ဘယ်လောက်ရောက်နိုင်သလဲဆိုတာ တချက်ပြောပါ။
ဦးစောမြင့်မောင် ။ ။ အကယ်၍သာ အဲဒီလို ကုန်ထုတ်လုပ်မှု Manufacturing နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နံှလာတယ်ဆိုရင် သာမန်ပြည်သူတွေထက် တော်တော်များများ ပိုကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်လာမယ်။ Technology တွေ ကျနော်တို့ ရမယ်။ ဒါမျိုးကို ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေက ဂျပန် ရင်းနှီးမြုပ်နံှသူ လုပ်ငန်းကြီးတွေ တွဲလုပ်လာလို့ရှိရင် ဒါဆိုလဲ ကောင်းတာပဲ။ ကောင်းလာနိုင်တာပဲ။ ပြိုင်ဘက်နည်းနဲ့တော့ ဂျပန်ကို တားလို့မရပါဘူး။ ဘယ်လိုမှ မပြိုင်နိုင်ပါဘူး။ သို့သော် စောစောက ပြောသလို အတားအဆီး ဖြစ်နေတယ်လို့ ပြောမယ်ဆိုရင် ဘယ်လိုနေရာ ရှိနိုင်သလဲဆိုရင် ဥပမာ သူတို့က မြေတွေ လက်ဝါးကြီးအုပ်ထားတယ်။ မြေဈေးတွေ ကြီးနေတယ်။ တကယ့် အချက်အခြာကျတဲ့ နေရာတွေကို ဒီလူတွေရဲ့ လက်ထဲမှာ ရှိနေတယ်။ အဲဒီနေရာတွေကို အခုနပြောတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နံှလိုသူတွေက အဲဒီနေရာကို ဝင်မတိုးနိုင်ဘူး။ ဈေးကြီးနေတယ်။ အဲဒီလို ဈေးကြီးတာမျိုးလဲ မရင်းနှီးချင်ကြဘူး။ ဒါက သဘာဝပဲ။ အဲဒါမျိုးကို အစိုးရက ဝင်ရှင်းပေး။ ဝင်ရှင်းပေးတဲ့ နည်းတွေ ရှိပါတယ်။ မူဝါဒ ရှင်းရှင်းလင်းလင်းနဲ့ ဒါတွေကို ပြတ်ပြတ်သားသားနဲ့ လုပ်ပြစ်လုပ်ပေးလို့ရှိရင် ရပါတယ်။ ဒါကြောင့် တိုင်းရင်းသား ခရိုနီတွေဆိုတဲ့ဟာက ဒီရင်းနှီးမြုပ်နံှမှုအတွက် ဒီအကြောင်းမျိုးလောက်တော့ အတားအဆီး မဖြစ်နိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဖြေပေးစေချင်တာက Ethical Investment အနောက်နိုင်ငံတချို့ကတော့ Ethical ဖြစ်ရမယ်။ စီးပွားရေးတခုတည်းကို မကြည့်ဘဲနဲ့ လူမှုရေးအားဖြင့် မလိုအပ်တဲ့ကိစ္စတွေကို မလုပ်မိအောင် ထိန်းသိမ်းရမယ်ဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာကြပါတယ်။ ဂျပန်ရဲ့ ရင်းနှီးမြုပ်နံှမှုကိုရော Ethical ရှုထောင့်က အကျဉ်းရုံး တိုင်းတာပေးပါ။
ဦးစောမြင့်မောင် ။ ။ ကျနော်တို့ ဖတ်ဖူးသမျှ၊ ပြုစုဖူးသမျှ၊ ကြုံဖူးသမျှဆိုရင် စီးပွားရေးလုပ်ငန်းဆိုတာ ကိုယ့်အကျိုးအမြတ်အတွက် မပါဘဲနဲ့ ဘယ်နိုင်ငံမှ၊ ဘယ်လူမျိုး၊ ဘယ်ကုမ္ပဏီမှ မလုပ်ပါဘူး။ အဲဒီတော့ သူတို့လည်း သူတို့အကျိုးအမြတ်ရှိအောင် လုပ်မှာပေါ့။ ဒါကိုတော့ ကျနော်တို့ ထည့်တွက်ရမှာပဲ။ သို့သော် စောစောကပြောတဲ့ Ethical Point of View က ပြောကြစတမ်းဆိုရင် လာသမျှ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေ မှန်သမျှသည်တွေထဲမှာ ဂျပန်တွေရဲ့ Ethical Standard က သူများနိုင်ငံတွေလောက် ဆိုးဆိုးဝါးဝါးဆိုတာ ကျနော်တို့ မတွေ့ဖူးပါဘူး။ အဲဒီတော့ ကျနော်ကတော့ တခြားနိုင်ငံတွေ စိုးရိမ်သလို စိုးရိမ်စရာ သိပ်မရှိဘူးလို့ ထင်ပါတယ်။ သူတို့ထက်ဆိုးတဲ့ Ethically ဆိုးတဲ့ နိုင်ငံတွေတောင်မှ ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရသေးတာ။ ဂျပန်က အဲဒီလို လက်လွှတ်စပယ်လုပ်တာ သိပ်မတွေ့ရပါဘူး။ အဲဒါကြောင့် ကျနော်တို့က နာမည်တွေတော့ နိုင်ငံနာမည်တွေတော့ ထည့်ပြောလို့ မကောင်းဘူးပေါ့။ အဲဒါကြောင့် ဂျပန်တွေ လာပြီးတော့ စီးပွားရေးရင်းနှီးမြုပ်နံှမှု ဆိုတာထက် အဲဒီ Ethical point of view က ကြည့်ရင်လဲ လက်ခံနိုင်လောက်တဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်ဆိုတာတော့ မျှော်လင့်လို့ရပါတယ်။