ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ ကျောက်ဖြူ၊ သီလဝါ နဲ့ ထားဝယ်တို့မှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ စစ်အစိုးရခေတ်က စိတ်ကူးခဲ့တာကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ သီလဝါ အထူးစီးပွားရေးဇုန်တခုတည်းသာ သက်ဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ သီလဝါဇုန်ကို အရင်ဆုံး တရုတ်က မျက်စိကျခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က သံလျှင်ကျောက်တန်း စက်မှုဇုန် တည်ဆောက်ဖို့ တရုတ်က စိတ်ကူးခဲ့ပေမယ့် စီးပွားရေးအရ ပိုပြီးမြိုးမြိုးမြက်မြက် ရနိုင်မယ့် ကျောက်ဖြူကို အကောင်အထည်ဖော်ဖို့ ဦးစားပေးခဲ့ပါတယ်။
ဒါကြောင့် တရုတ်နေရာ ဂျပန်ဝင်ရောက်ပြီး သံလျှင်ကျောက်တန်း စက်မှုဇုန်နေရာမှာ သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ၂၀၁၂ မှာ မြန်မာအစိုးရနဲ့ သဘောတူလိုက်ပါတယ်။ ၂၀၁၃ မှာ တည်ဆောက်ခဲ့တဲ့ သီလဝါဇုန်ကို ၂၀၁၅ မှာ စတင်အသုံးပြုနိုင်တာမို့ ပထမဆုံးသော အထူးစီးပွားရေးဇုန် ဖြစ်လာပါတယ်။ ကျောက်ဖြူ၊ ယူနန် ဓါတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ မှာ တည်ဆောက်ပြီးစီးပြီ မကြာမီ ရေနံပိုက်လိုင်း ဆောက်လုပ်နိုင်တာမို့ တရုတ်ရဲ့ ပိုက်လိုင်းစီမံကိန်း အောင်မြင်သွားပါတယ်။ သယံဇာတ ထုတ်လုပ်မှုမှာ ခြေသွက်တဲ့ တရုတ်ဟာ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ဂျပန်ကို မမီဘဲ ဖြစ်နေပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ထိုင်းနဲ့လက်တွဲ အကောင်အထည်ဖော်ဖို့ ဂျပန်က သဘောတူထားပုံ ရပါတယ်။ လွန်ခဲ့တဲ့နှစ်က ဒေါ်လာသန်း (၁၅၀၀) လောက်အထိ ဂျပန်က ရင်းနှီးမြှုပ်နံှခဲ့ပါတယ်။ ဒီအထဲက သုံးပုံနှစ်ပုံဟာ စင်္ကာပူကတဆင့် မြုပ်နံှတာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ဂျပန်ကုမ္ပဏီတွေက ပိုပြီးစိတ်ဝင်စားကြပါတယ်။ တရုတ်၊ စင်္ကာပူ နဲ့ နယ်သာလန်ပြီးရင် ဂျပန် ရင်းနှီးမြုပ်နံှမှုဟာ စတုတ္ထ အများဆုံး ဖြစ်တယ်လို့ မေလ (၂၉) ရက်နေ့ထုတ် Japan Times မှာ ဖော်ပြထားပါတယ်။ ဂျပန်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ မြန်မာအစိုးရနဲ့ ပုဂ္ဂလိက မြန်မာ-ဂျပန် အစုအဖွဲ့တွေပေါင်းပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်နေပါတယ်။ သီလဝါရဲ့ အခြေအနေကို IGC နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးစင်တာက မတ်လမှာ အစီရင်ခံစာထုတ် တင်ပြထားပါတယ်။
မြန်မာပြည်ရဲ့ ပထမဦးဆုံး အထူးစီးပွားရေးဇုန်ကို ဘယ်အတိုင်းအတာအထိ အကောင်အထည် ဖော်နိုင်သလဲဆိုတာကို IGC – International Growth Centre က လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။ ကုန်ဖြန့်ဖြူးမှု၊ အလုပ်သမားနဲ့ လုပ်ငန်းအခြေအနေဆိုင်ရာ အစီရင်ခံစာတွေမှာ အခြေခံပြီး ရေးထားတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့အထိ သီလဝါမှာ လုပ်ငန်းပေါင်း (၃၈) ခု ရှိနေပြီး အလုပ်အကိုင် (၅၀၀၀) ကျော်ကို ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။ အထူးစီးပွားရေးဇုန်မှာ အခွန်ကင်းလွတ်ဇုန်နဲ့ လုပ်ငန်းမြှင့်တင်ရေးဇုန်ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ အခွန်ကင်းလွတ်ဇုန်ရဲ့ ထုတ်လုပ်မှု (၇၅) ရာခိုင်နှုန်းကို နိုင်ငံခြားကို တင်ပို့ရပါတယ်။ ဒါကြောင့် ဒီဇုန်မှာ အထည်ချုပ်လုပ်ငန်းနဲ့ အကြီးစား လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုကို အဓိကထားပါတယ်။ လုပ်ငန်းမြှင်တင့်ရေးဇုန်ကတော့ ပြည်တွင်းဈေးကွက်အတွက် ဖြစ်ပါတယ်။
ဒါကြောင့် ပို့ကုန်ထုတ်လုပ်တဲ့ အခွန်ကင်းလွတ်ဇုန်မှာ အလုပ်သမားဦးရေ (၅) ဆ ပိုများပါတယ်။ အထူးစီးပွားရေးဇုန်က နိုင်ငံခြားကုမ္ပဏီတွေရဲ့ အတတ်ပညာ ပြည်တွင်းကုမ္ပဏီဆီကို ပျံ့နံှ့သွားတာဟာ အကျိုးအမြတ်လို့ ဆိုပါတယ်။ နိုင်ငံခြားကုမ္ပဏီမှာလုပ်တဲ့ မြန်မာတွေ လုပ်ငန်းကျွမ်းကျင်လာကြပြီး အခြားအလုပ်တွေကို ပြောင်းရွှေ့လုပ်ကိုင်တဲ့အခါ ကျွမ်းကျင်မှုနဲ့ အတတ်ပညာ ပျံ့နံှ့သွားပါတယ်။ ဒါဟာ အထူးစီးပွားရေးဇုန်ရဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။ လူ့စွမ်းအား စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနဲ့ စာရင်းဇယားတွေမှာ ခေတ်မီပြီး ကျွမ်းကျင်လာကြပါတယ်။ ပြည်တွင်းလုပ်ငန်းတွေက ပေးပို့တဲ့ ကုန်ကြမ်းတွေကို အထူးဇုန်မှာ ကုန်ချောအဖြစ် ပြောင်းလဲနိုင်တာဟာ တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာ ရောက်ပါတယ်။ ပြည်တွင်းကုန်ကြမ်းနဲ့ ဝန်ဆောင်မှုကို အထူးစီးပွားရေးဇုန်မှာ သုံးနိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ သီလဝါမှာတော့ ဒီလိုလုပ်နိုင်တဲ့ အင်အားနည်းပါးနေပါတယ်။ အခွန်ကင်းလွတ်ဇုန်မှာ ပြည်တွင်းကုန်ကြမ်းသုံးတဲ့ စရိတ်စခဟာ (၁၀) ရာခိုင်နှုန်းအောက်မှာ ရှိနေပြီး၊ လုပ်ငန်းမြှင်တင်ရေးဇုန်မှာတော့ (၂၀) ရာခိုင်နှုန်းအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။ အစားအသောက်လုပ်ငန်းမှာသာ ပြည်တွင်းကုန်ကြမ်း (၅၀) ရာခိုင်နှုန်း အသုံးပြုပါတယ်။ အလုပ်သမားအများစုဟာ သီလဝါ အနီးတဝိုက်မှာ ငှားရမ်းနေထိုင်ကြတဲ့အတွက် သွားလာရေး အဆင်ပြေပါတယ်။ ဒါပေမဲ့ မန်နေဂျာတွေကတော့ အနေဝေးတဲ့အတွက် တနေ့ (၂) နာရီကျော် အလုပ်သွားဖို့ အချိန်ပေးနေရပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း နေထိုင်လုပ်ကိုင်နိုင်ရေးနဲ့ အဆင်ပြေ ချောမွေ့စေရေးအတွက် ဝန်ဆောင်လုပ်ငန်းတွေ မရှိသေးတာကို အားနည်းချက်တခုအဖြစ် ဖော်ပြထားပါတယ်။ ရန်ကုန်နဲ့နီးတာကို အကြောင်းပြုပြီး အိမ်ရာစီမံကိန်း မလုပ်တာဖြစ်ပုံ ရပါတယ်။ အထူးစီးပွားရေးဇုန် အောင်မြင်နေတဲ့ တရုတ်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားမှာ ပြည်တွင်းဈေးကွက်နဲ့ ချိတ်ဆက်ပြီး အထူးဇုန်ပြင်ပမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ သီလဝါကတော့ ဒီအဆင့်ကိုရောက်ဖို့ အများကြီးလိုပါသေးတယ်။