သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရရဲ့ ဖွံ့ဖြိုးရေး မူဝါဒ


Myanmar Central Bank
Myanmar Central Bank
NLD အစိုးရရဲ့ ဖွံ့ဖြိုးရေး မူဝါဒ
please wait

No media source currently available

0:00 0:05:40 0:00
တိုက်ရိုက် လင့်ခ်

စစ်အစိုးရခေတ်မှာ နိုင်ငံခြားထောက်ပံ့မှု အနည်းဆုံးရတဲ့ မြန်မာပြည်ဟာ ရွေးကောက်တင်မြှောက်ခံ အရပ်သားတပိုင်း အစိုးရခေတ်မှာ အများဆုံးရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ စီမံကိန်း ငါးရာကျော်အတွက် အသုံးစရိတ် ဒေါ်လာသန်း (၈၆၀၀) လျာထားပါတယ်။ ဒီအထဲမှာ ဒေါ်လာသန်း (၂၃၀၀) ကိုပေးပြီး ဖြစ်ပါတယ်။ နောက်ထပ်ဒေါ်လာငွေသန်းပေါင်း ထောင်ချီပြီး ဝင်လာဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဒါပေမဲ့ တိုင်းပြည်ဝင်ငွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ပြည်ပထောက်ပံ့မှုဟာ (၂) ရာခိုင်နှုန်းသာရှိပြီး အစိုးရဘတ်ဂျက်အသုံးစရိတ်ရဲ့ (၆) ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။

အာဆီယံအုပ်စုမှာ ဆင်းရဲသားဦးရေအများဆုံးဟာ မြန်မာနိုင်ငံဖြစ်နေတဲ့အတွက် ဖွံ့ဖြိုးရေးနဲ့ နိုင်ငံခြားကူညီထောက်ပံ့မှုဟာ အလွန်အရေးကြီးပါတယ်။ မြန်မာကို ထောက်ပံ့ကူညီဖို့ ကတိပြုထားသူတွေထဲမှာ ဂျပန်ဟာ အများဆုံးဖြစ်ပါတယ်။ JICA နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ဝန်ကြီးဌာနတွေကတဆင့် ထောက်ပံ့ပါတယ်။ NGO နဲ့ ကုလသမဂ္ဂဌာနခွဲတချို့ကတဆင့်လည်း ထောက်ပံ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ရာဒေသမှာ ကယ်ဆယ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း ဒေါ်လာသန်းတရာသုံးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

မြန်မာပြည်ကို နိုင်ငံခြားက ကူညီထောက်ပံ့ရာမှာ အလကားပေးနေတာကနည်းပြီး ချေးငှားတာက အများဆုံး ဖြစ်ပါတယ်။ ဂျပန်နဲ့ ကမ္ဘာ့ဘဏ်က အများဆုံး ချေးငှားပါတယ်။ တရုတ်ရဲ့ ချေးငွေမှာ အတိုးများတာကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတာမျိုးတွေ ရှိလာပါတယ်။ ခရီးသွားလုပ်ငန်းအတွက် ADB အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ (၄၅) သန်း ချေးတာကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ကြွေးပြဿနာမရှိတဲ့ မြန်မာပြည်ကို အတိုနည်းနည်းနဲ့ ငွေချေးဖို့ (သို့မဟုတ်) အလကားပေးဖို့ ၂၀၁၅ မှာ အလှုရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ADB က ပန်းကြားထားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရှိခဲ့တဲ့ အလှုရှင်နဲ့ အစိုးရ ညှိနှိုင်းဆောင်ရွက်မှုစနစ်ကို ပိုမိုထိရောက်အောင် NLD အစိုးရက ပြုပြင်ထားပါတယ်။ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် မဟာဗျူဟာ ချမှတ်ပြီး လုပ်ကိုင်ဖို့ NLD အစိုးရက အာရုံစိုက်ပါတယ်။

တပြည်လုံး ခြုံငုံတဲ့ ဖွံ့ဖြိုးရေးမူဘောင်ကို မကျင့်သုံးဘဲ လုပ်ငန်းကဏ္ဍအလိုက် မဟာဗျူဟာချမှတ်ပြီး အကောင်အထည်ဖော်တာဟာ NLD မူဝါဒ ဖြစ်ပါတယ်။ ဥပမာ အမျိုးသားပညာရေး မဟာဗျူဟာနဲ့ အမျိုးသားကျန်းမာရေး မဟာဗျူဟာမျိုးဟာ NLD ရဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေထဲမှာ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓါတ်အားကို ဦးစားပေးကဏ္ဍအဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ၂၀၃၀ မှာ တပြည်လုံး လျှပ်စစ်ဓါတ်အားသုံးနိုင်ဖို့အတွက် ဒေါ်လာသန်း (၆၀၀) လောက် လိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်၊ ကမ္ဘာ့ဘဏ် နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က သန်း (၁၅၀၀) ကူညီဖို့ ကတိပြုထားပေမယ့် အပြည့်အဝ ရရှိဖို့ အများကြီးလိုပါသေးတယ်။ သယ်ယူပို့ဆောင်ရေးမှာလည်း ဒေါ်လာသန်း (၁၄၀၀) ကတိပြုထားပေမယ့် ဒေါ်လာသန်း (၂၀၀) သာ ရပါသေးတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာရေးအတွက် ကူညီထောက်ပံ့မှု ရယူခဲ့ပါတယ်။ ထောက်ပံ့မှု စုစုပေါင်းရဲ့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့လာတာ တွေ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့မှုကို နိုင်ငံသူ၊ နိုင်ငံသားတွေ ခံစားနေရပြီ ဖြစ်ပါတယ်။ အရပ်ဘက်အသင်းအဖွဲ့တွေကို ဆက်လက်ထောက်ပံ့ဖို့လည်း လိုအပ်ပါတယ်။ အစိုးရကတဆင့်ပေးတဲ့ အထောက်အပံ့တွေကြောင့် ဗျူရိုကရေစီစနစ် ခေတ်မီလာပြီး လူမှုဖူလုံရေး ဝန်ဆောင်မှုကို ခံစားနိုင်သူတွေ များပြားလာပါတယ်။ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေးစီမံကိန်းမှာ ပြည်သူကိုယ်တိုင် ပါဝင်လာနိုင်အောင် အားပေးတဲ့ ထောက်ခံမှု ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ရရှိတဲ့ နိုင်ငံခြားထောက်ပံ့မှုဟာ နည်းသေးတာမို့ အလွန်ထိရောက်ဖို့ လိုပါသေးတယ်။

အလှုရှင်အမျိုးမျိုးက ရရှိတဲ့ ကူညီထောက်ပံ့မှုကို အကျိုးရှိအောင် အစွမ်းကုန်ကြိုးစားဖို့ လိုပါသေးတယ်။ အလှုရှင်တွေဟာ အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ ရန်ကုန်တဝိုက်ကိုသာ ထောက်ပံ့ဖို့ စိတ်ဝင်စားကြတာမို့ ဝေးလံတဲ့ ကျေးလက်ဒေသတွေကို ထောက်ပံ့နိုင်ဖို့ အထူးဂရုပြုရပါလိမ့်မယ်။ နိုင်ငံခြားကြွေးမြီကိစ္စမှာ စိတ်ပူစရာ အခြေအနေ မရောက်သေးပေမယ့် ပြည်သူ့အကျိုးစီးပွား မြှင့်တင်ဖို့ ခက်ခဲတဲ့ စီမံကိန်းတွေမှာ ငွေမဖြုန်းဖို့ အစိုးရကို ပြည်ထောင်စု လွှတ်တော်က စောင့်ကြည့်ဖို့ လိုပါတယ်။ ကဏ္ဍအလိုက် စီမံကိန်းချတာ အကျိုးရှိနိုင်ပေမယ့် တပြည်လုံးခြုံငုံထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမရှိရင် နိုင်ငံခြားထောက်ပံ့မှု ရသင့်သလောက် မရဘဲ ဖြစ်သွားနိုင်တယ်လို့ Asia Foundation သုတေသီ Thomas Carr က ဆိုပါတယ်။

ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေကို ကူညီထောက်ပံ့ဖို့ ဝန်လေးနေတဲ့ အလှုရှင်တွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ကိုင်ဖို့ အကြံပြုထားပါတယ်။ အလှုရှင်အားလုံးဟာ အမျိုးသားရေး ရည်ရွယ်ချက်တခုတည်းကိုသာ ဦးတည်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ ထောက်ပံ့ကူညီမှုတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေတာဟာ စရိတ်အကုန်အကျများတဲ့အတွက် ရသင့်သလောက် မရနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာဟာ အဆင်းရဲဆုံး အာဆီယံနိုင်ငံဖြစ်ပြီး ပြည်တွင်းစစ်နဲ့ အုပ်ချုပ်ရေးပြဿနာတွေ ရှိနေပါတယ်။ ပြည်သူတွေ ဆင်းရဲမှု နည်းပါးစေဖို့အတွက် မြန်မာပြည်အတွက် လျာထားတဲ့ သန်းချီနေတဲ့ ဒေါ်လာကို ဘယ်လိုသုံးမလဲဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG