သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်သွား တောလား


ဒီတပတ်မြန်မာ့အရေးသုံးသပ်ချက်မှာတော့ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကိုကြားကြရမှာ ဖြစ်ပါတယ်။ VOA ဝိုင်းတော်သားတွေ မြန်မာပြည်သွားပြီး ပြန်ရောက်လာတိုင်း သူတို့ရဲ့ အမြင်သုံးသပ်ချက်တွေကို မေးမြန်းတင်ပြနေတဲ့ ဦးကျော်ဇံသာတစ်ယောက် မကြာသေးခင်က မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ တစ်လတာခရီးစဉ်အတွင်း ဦးကျော်ဇံသာရဲ့ မြန်မာနိုင်ငံ အတွေ့အကြုံ အတွေးအမြင်တွေကို ဒေါ်ခင်စိုးဝင်းနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးကျော်ဇံသာ က မြန်မာနိုင်ငံကို (၁၃) နှစ်အတွင်းမှာ ပထမဦးဆုံး ပြန်ပြီးတော့ အလည်ရောက်ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက် ပြောင်းလဲလာတယ်လို့ သုံးသပ်လို့ ရသလဲရှင့်။

ဦးကျော်ဇံသာ ။ ။ ကျနော်က သတင်းသမားဆိုတော့ အမြင်ကိုလည်း ပြောရမယ်။ နောက်ပြီး သူများတွေကို မေးခဲ့တာလည်းပါမယ်။ ကြားခဲ့ရတာတွေလည်းပါမယ်။ ကျနော့်အမြင်ကို ပထမဦးဆုံး ပြောရမယ်ဆိုရင်တော့ ရန်ကုန်မြို့မှာ လမ်းတွေ တော်တော်ကောင်းသွားပြီလို့ ပြောရပါလိမ့်မယ်။ လမ်းအသစ်တွေလည်း အများကြီး ပေါ်လာတယ်။ နောက်ပြီးတော့ လမ်းတွေက မိုးတွင်းဆိုတော့ အပေါက်အပြဲတွေ မြို့တွင်းမှာ သိပ်မရှိဘဲနဲ့ လမ်းနယ်တွေ သတ်မှတ်ပြီးတော့ ပလက်ဖောင်း (platform) တွေ လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လမ်းမှာ မော်တော်ကားတွေ သိပ်များလာတယ်။ လူတွေ အန္တရာယ်ကင်းကင်းနဲ့ လမ်းဖြတ်ကူးဖို့တောင် တော်တော်လေး ကြိုးစားရတာကို တွေ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါကတော့ ဦးကျော်ဇံသာရဲ့ အမြင်ပေါ့။ အားလုံးကိုခြုံပြီးတော့ သုံးသပ်လိုက်တာပေါ့။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်ကော။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီဆိုတော့ လူတွေဟာ လွတ်လပ်မှုကို ပိုပြီးတော့ ခံစားနေရသလားဆိုတာကို ကျနော် စဉ်းစားကြည့်ပါတယ်။ အစိုးရဆိုတာ ကြောက်စရာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောထားတာကို သတိရမိပါတယ်။ တကယ်လည်း သူတို့ဟာ ပိုပြီးလွတ်လွတ်လပ်လပ် ပြောကြဆိုကြ ဆက်ဆံကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးကိုလည်း လက်ဖက်ရည်ဆိုင်တွေမှာ၊ နေရာတကာမှာ ပြောကြပါတယ်။ သို့သော်လဲပဲ သတင်းသမားတယောက်အနေနဲ့ကြည့်တော့ ကျနော်တို့ တိုင်းတာတဲ့ လွတ်လပ်မှုက သိပ်ပြီးတော့ မပြည့်စုံသေးဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် သတင်းသမားတွေကို အရေးယူတဲ့ကိစ္စတွေ၊ အာဏာပိုင်တွေ အထူးသဖြင့် တပ်မတော်ပိုင်းက ဆတ်ဆတ်ထိမခံ ဖြစ်နေတာ။ မဟုတ်တာလေးကို သရော်စာလေး ရေးတာနဲ့ ပတ်သက်ပြီးတော့ ကြီးကြီးကျယ်ကျယ် အပြစ်တွေကို တိုးချဲ့ပြီးတော့ ရုံးတင်စစ်ဆေးနေတာတွေ တွေ့ရပါတယ်။ ဆိုတော့ အဲဒီလိုဘက်မှာ ကြည့်မယ်ဆိုရင်တော့ လွတ်လပ်မှု အပြည့်အဝရှိကြပြီလို့ မထင်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ NLD အရပ်သားအစိုးရ တက်လာပြီဆိုတော့ ပြည်သူလူထု အများစုကလည်း အရမ်းကြီးကို မျှော်လင့်ထားခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ အားကိုးနေလို့ ဖြစ်ပါ့မလားရှင့်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု အားကိုမျှော်မှန်းတယ်ဆိုတာ ဗမာပြည်သူတွေမက တကမ္ဘာလုံးက သူကို မျှော်မှန်းအားထားကြပါတယ်။ တကယ်တမ်းလည်း ဒေါ်အောင်ဆန်းစုကြည်လို ထက်မြက်တဲ့ ခေါင်းဆောင်ဆိုတာ မြန်မာနိုင်ငံမှာ အခုတောင် မကပါဘူး။ သမိုင်းစဉ်တလျှောက်မှာလည်း အင်မတန် ကြုံတောင့်ကြုံခဲ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်ခင်စိုးဝင်း ပြောသလိုပဲ သူ တယောက်ထဲနဲ့ လုပ်လို့တော့ မရဘူးပေါ့။ အကုန်လုံး ဝိုင်းလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သူနဲ့ လက်တွဲပြီးတော့ လုပ်နိုင်မယ့်၊ အရည်အချင်း ပြည့်ဝတဲ့လူတွေ အမြောက်အမြား လိုအပ်နေပါတယ်။ ပိုပြီးဆိုးတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကလည်း အာဏာတွေ အများကြီး ယူထားတယ်။ အခုနောက်ပိုင်းမှာ ပိုပိုပြီးတောင်မှ ယူလာသေးသလားလို့ ထင်မြင်မိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆိုတော့ စစ်တပ်နဲ့ NLD ဆက်ဆံရေး - အခုလောလောဆယ် လူတွေ မြင်နေကြတာကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားထဲမှာ နားလည်မှု လွှဲမှားတယ် ခေါ်မလား။ မကျေမလည်ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုဆီက ဘာသံတွေများ ကြားခဲ့ပါသေးလဲရှင့်။

ဦးကျော်ဇံသာ ။ ။ လူထုရဲ့ သဘေထား နှစ်မျိုး ကြားမိပါတယ်။ ပထမတမျိုးက ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက အပြောအဆို မလိမ္မာဘူး။ စစ်တပ်နဲ့ ဆက်ဆံရေး ကောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အစွမ်းကုန် ကြိုးပမ်းနေရတဲ့အချိန်မှာ ဦးဖြိုးမင်းသိန်း ဒီလိုပြောလိုက်တဲ့အတွက်ကြောင့် ဆက်ဆံရေးက ကဏ္ဋကောစလုပ် ဖြစ်သွားနိုင်တယ်။ မပြေမလည် ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်သံတချို့ကို တဘက်မှာ ကြားရပါတယ်။ နောက်တဘက်ကလည်း အခုအခါမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အတော်လေးကို အထင်သေးပြီးတော့ စိတ်ကုန်လာတဲ့အပိုင်း ဖြစ်လာတယ်။ ဒီလို ဖြစ်လာတဲ့ အခြေအနေမှာ ဦးဖြိုးမင်းသိန်းက အခုလို ကာကွယ်ရေးဦးစီးချုပ်ဆိုတာဟာ ညွှန်ကြားရေးမှူးချုပ်အဆင့်သာ ဖြစ်တယ်ဆိုတာ ပြောလိုက်တဲ့အတွက်ကြောင့် ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာ ပိုမိုမြှင့်တက်လာစေတယ်လို့ သုံးသပ်တယ့်လူလည်း ရှိပါတယ်။ ဆိုတော့ အရေးကြီးတာက သူတို့ပြောတာဆိုတာထက် ဒါပြောတာက ဘယ်လောက် အရေးကြီးလို့လဲ သူက Technically လုပ်ငန်းသဘောအရပြောရင်တော့ မှန်သင့်သလောက် မှန်နေတာ။ ဒီဟာကိုလည်း စစ်တပ်ဘက်ကနေ ဆတ်ဆတ်ထိမခံ သိပ်ပြီးတော့ အကဲဆတ်နေတာကတော့ နည်းနည်းတော့ လွန်းလွန်တယ်လို့ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ဦးဖြိုးမင်းသိန်းကို ကာကွယ်ရေးဦးစီးချုပ်ကို တောင်းပန်လိုက်ဆိုတဲ့ အနေအထားနဲ့ သူက နောက်ဆုံး ဒီပြဿနာကို ဖြေရှင်းပေးလိုက်တာပေါ့။ အဲဒီလို ဖြေရှင်းလိုက်တာကော ပြေလည်သွားတယ်လို့ ယူဆပါလားရှင့်။

ဦးကျော်ဇံသာ ။ ။ အခု အခိုက်အတန့် ဒီဟာအတွက် တောင်းပန်လိုက်တယ်ဆိုရင်တော့ ပြောတာနဲ့ လုပ်တဲ့လုပ်ငန်း ကာမိသွားပြီလို့တော့ ပြောရမှာပါ။ ဒါပေမဲ့ စစ်တပ်နဲ့ အရပ်ဘက် ဆက်ဆံရေးဆိုတာကတော့ အခုမှစပြီး လက်တွဲပြီး လုပ်ကြတယ်ဆိုတော့ အမြဲတမ်း ဖြောင့်ဖြူးနေတဲ့လမ်းတော့ မဟုတ်ပါဘူး။ ကတောက်ကဆ ဖြစ်တာလည်းရှိမယ်။ ပြန်လည်သင့်မြတ်တာလည်း ရှိမယ်။ မိသားစုတခုမှာ လင်နဲ့မယား၊ အိမ်ထောင်ဖက် တည်ဆောက်ကြသလိုပဲ နေမယ်လို့ ထင်ပါတယ်။ ရေရှည်သွားရမှာပဲ။ တဘက်ကပြောရင် တဘက်က သည်းခံရမယ်။ တဘက်ကမှားရင် တဘက်က သည်းခံခွင့်လွှတ်ရမယ်။ ဒီလို စိတ်ဓါတ်မျိုးတော့ လိုအပ်မယ် ထင်ပါတယ်။ အမြဲတမ်း တဘက်သတ် ဟိုဘက်ကကြီးပဲ ဖိနေတယ်ဆိုရင်တော့ ဒီဟာ အခြေအနေ မကောင်းဘူးလို့ သုံးသပ်လိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ စစ်တပ်ဆိုလို့ လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်း ရှိစမြဲ၊ ရှိနေတုန်းပဲဖြစ်တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ။ လွှတ်တော်မှာကော လွှတ်တော်ရဲ့ အနေအထားကို အခုတွေ့ခဲ့ရသလောက် ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင့်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်အမတ်တချို့နဲ့ အလွတ်သဘော စကားပြောကြည့်တာတွေ ရှိပါတယ်။ အထူးသဖြင့် ပြည်သူ့လွှတ်တော်ရဲ့ အာဏာပိုင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ အတော်လေးကို အတိမ်အစောင်းမခံအောင် ကြိုးပမ်းလွန်တယ်လို့ ကျနော်ထင်တယ်။ လွှတ်တော်အမတ်တချို့က ဥပမာ သုံးချင်တဲ့ အသုံးအနှုန်း - အဲဒါမျိုးဆိုရင် အဲဒါ မသုံးရဘူး။ ဒီအဆို မတင်ရဘူး။ ဒါကို မပြောရဘူးဆိုတဲ့ ပိတ်ပင်မှုတွေ အတော်လေးလုပ်တယ်ဆိုတာကို ကြားသိရပါတယ်။ အပေါ်လွှင်ဆုံး ကြားခဲ့ရတာက ဘူးသီးတောင်၊ မောင်းတောဘက်မှာ လက်နက်ကိုင်ပြီးတော့ ရဲစခန်းတွေ ဝင်တိုက်၊ ပုန်ကန်ဖို့ လုပ်တဲ့ကိစ္စတွေမှာ အဲဒီလူတွေကို အကြမ်းဖက်သမားလို့ သုံးတာကိုတောင်မှ လွှတ်တော်ဥက္ကဋ္ဌက မကြိုက်ဘူးလို့ ကျနော်ကို အလွတ်သဘော ပြောတဲ့ လူတွေ ရှိပါတယ်။ ဒါဆိုရင် နည်းနည်းလွန်းလွန်ပြီလို့ ထင်ပါတယ်။ လွှတ်တော်ဆိုတာ တကယ်တော့ လူထုကို ကိုယ်စားပြုတဲ့ လူတွေ။ လူထုအကျိုးအတွက် လူထုခံစားမှုကို အမှန်တကယ် ပြောရမှာပဲ။ အဲဒါကို ဘယ်သူငြိုငြင်မှာစိုးလို့၊ စစ်ဗိုလ် မကြိုက်မှာစိုးလို့ ဆိုရင်တော့ လွှတ်တော်လည်း လူထုကို အမှန်ကိုယ်စားပြုတဲ့ လွှတ်တော်အစစ်အမှန် မဖြစ်ဘူးလို့ မြင်နေရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးကျော်ဇံသာကိုယ်တိုင် ဆရာ ဖြစ်ခဲ့ဖူးတော့ မြန်မာနိုင်ငံရဲ့ ပညာရေးလောကကို ဘယ်လို သုံးသပ်လို့ ရပါလဲရှင့်။

ဦးကျော်ဇံသာ ။ ။ သိပ်ပြောချင်ပါတယ် ဒီကိစ္စကို။ ကျနော်က ကျောင်းဆရာ သားသမီး၊ ကျောင်းဆရာ လုပ်လာတဲ့လူဆိုတော့ ပညာရေးကို အမြဲတမ်း တန်းဖိုးထားပါတယ်။ ပညာရေးဟာ တော်လှန်ရေးပါပဲ။ လူမှုအဖွဲ့အစည်းတခုကို၊ တိုင်းပြည်တခုကို ပြုပြင်ဖို့ဆိုရင် ပညာရေးနဲ့သာ ပြုပြင်လို့ရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အခု ဒီမိုကရေစီ ပြုပြင်ရေးမှာ ပညာရေးဟာ လိုအပ်သလို မဖြစ်ဘူးလို့ ခံစားရပါတယ်။ ပညာရေးဌာနက ပုဂ္ဂိုလ်တချို့၊ ပါမောက္ခတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အများကြီး ဆွေးနွေးပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ဖို့အတွက် ဒီမိုကရေစီနဲ့ သင့်လျော်တဲ့လူတွေ။ ဒီမိုကရေစီစိတ်ဓါတ်ပြည့်ဝတဲ့လူတွေ မွေးထုတ်ပေးဖို့က ပညာရေးရဲ့ အဓိက တာဝန်ပါ။ မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကြောင်းပညာရေး မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာရေး တက္ကသိုလ်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ အလုပ်အကိုင်ပေးဖို့ မဟုတ်ပါဘူး။ အလုပ်အကိုင်ကတော့ စီးပွားရေးစနစ်အရ ဖြစ်လာမှာပဲ။ သူတို့ကို ဒီမိုကရေစီကျင့်စဉ်မှာ ဘောင်ဝင်တဲ့လူတွေဖြစ်အောင် တာဝန်သိတဲ့လူတွေဖြစ်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ အခု အဲဒီလို ပုံစံမျိုး ပြောင်းလဲပြီး ဖန်တီးထားတာ မတွေ့ရပါဘူး။ အဲဒီတော့ တက္ကသိုလ် ပညာရေးကိုလည်း လူတွေက သိပ်ပြီးတော့ အားမထားကြသလို ဖြစ်နေပါတယ်။ နောက်တခုက အင်္ဂလိပ်လို သင်တဲ့ကိစ္စ။ စာပေးစာယူ သင်တန်းမှာ တက္ကသိုလ် ဘာသာရပ်တွေကို၊ ဝိဇ္ဖာသိပ္ပံ ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ကြားတယ်။ ဘာသာရပ်တခုရဲ့ အနှစ်သာရကို ဘာသာရပ်က ပေးချင်တဲ့ အသိဉာဏ်ကို ရဖို့အတွက်က ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထဲထဲဝင်ဝင် လေ့လာနိုင်ရမယ်။ အခုတော့ အင်္ဂလိပ်လို လုပ်လိုက်တော့ သူတို့က ဘာသာရပ်အကြောင်းကို ဘာမှမသိတော့ဘဲနဲ့ Subject အကြောင်းကို မသိတော့ဘဲနဲ့ စာမေးပွဲအောင်ရုံလောက်ပဲ အဲဒါကို အတိုဖြတ်ပြီးတော့ အလွတ်ကျက်ပြီး ဖြေဆိုကြတာကို တွေ့ရပါတယ်။ ပိုဆိုးတာက ဥပဒေကို စာပေစာယူသင်တန်းမှာ အင်္ဂလိပ်လို သင်ကြားတယ်။ တရားရုံးမှာ လျှောက်လဲတာ ဗမာလို လျှောက်လဲကြတာဆိုတော့ စာပေးစာယူမှာ အင်္ဂလိပ်လို ရေးထားတဲ့စကားလုံးတွေ ကျက်ပြီးတော့ စာမေးပွဲအောင်လာတော့ အပြင်မှာ ဘာလုပ်စားလို့ရမလဲ။ အဲဒီလို ပညာရေးထဲမှာ အဟောသိကံ ဖြစ်နေတာတွေကို အများကြီး ကြားခဲ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တလွဲဆံပင်ကောင်းနေကြတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရမယ်ဆိုရင်တော့ … ကျနော်ကတော့ မသုံးရဲပါဘူး။ အဲဒီ စကားမျိုး။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါနဲ့ လူထုကြားမှာ အမြဲပြောနေ ဆိုနေကြတဲ့ မြန်မာနိုင်ငံရဲ့ အစားအသောက်တွေ စိတ်ချလုံခြုံမှု ရှိရဲ့လား။ ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လား။ ဆရာအနေနဲ့ ဘာတွေများ စားခဲ့ပါလဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီကသွားကတည်းက အဲဒါကို အထူးစိုးရိမ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ယူသွားခဲ့ပါတယ်။ ကျနော်ကတော့ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အိမ်တွေမှာ စားတာတွေဆိုတော့ လမ်းဘေးမှာ အများပြည်သူ စားနေတဲ့ အစားအစာမျိုးတော့ သိပ်မစားခဲ့ဘူးလို့ ပြောရပါလိမ့်မယ်။ ကံကောင်းတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ မိတ်ဆွေတော်တော်များများကို ကြည့်လိုက်ရင် နေမကောင်းတဲ့လူတွေ၊ သွေးတိုးရှိတဲ့လူတွေ၊ ဆီချိုရှိတဲ့လူတွေ အများကြီး တွေ့ရပါတယ်။ ကျနော် အံ့သြလို့မဆုံး ဘာလို့ ဒီလောက်တောင် ဖြစ်ရလဲဆိုတာ .. ဗမာပြည်မှာ Ready Made လုပ်ပေးတဲ့ အစားအစာတွေ တော်တော်များများမှာ ပါဝင်တဲ့ဟာတွေ ဘယ်လို ဘယ်လောက်ဆိုတာ တချို့ကတော့ ရေးထားတယ်။ တချို့က မရေးထားဘူး။ ရေးထားတဲ့ဟာတွေကကော သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ဒီဟာတွေကို စနစ်တကျ စီစစ်ပါရဲ့လားဆိုတာကို မေးရစရာ ဖြစ်တယ်။ ပြည်သူတွေကတော့ ကြုံရာဝယ်စားနေကြတဲ့သူတွေဆိုတော့ ကျန်းမာရေးကိုလည်း သိပ်ဂရုမစိုက်နိုင်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာ အခုသွားခဲ့တဲ့ ခရီးစဉ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်ဘုတ်တွေ မတင်ရတော့ဘူး။ မဘသ လှုပ်ရှားမှုတွေ မလုပ်ရတော့ဘူးဆိုတဲ့ ကန့်သတ်လာတဲ့ကိစ္စ။ မဟန လို့ ခေါ်တဲ့ သံဃာနာယကအဖွဲ့ကနေ စည်းကြပ်လိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ တွေ့ခဲ့ရပါလဲရှင့်။

ဦးကျော်ဇံသာ ။ ။ အဲဒါလဲ ပြဿနာပါပဲ။ မြန်မာန ပုဂ္ဂိုလ် ိုင်ငံရေးမှာ ဘာသာရေးက ပိုပြီးအရေးပါလာတယ်။ အဲဒါ အလားအလာမကောင်းတဲ့ ကိစ္စလို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းဖို့ YMBA ထဲက အမျိုးဘာသာ သာသနာဆိုပြီးတော့ ဘာသာရေး၊ သာသနာရေးက အဓိကထားခဲ့တယ်။ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာ ဒီကိစ္စက မှေးမှိန်သွားခဲ့တယ်။ တကယ်တော့ ခေတ်မီတဲ့ အမျိုးသားရေးစိတ်ဓါတ် Broader Sense of Nationalism ဆိုတာ ပေါ်ပေါက်လာရမယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတွေအားလုံး အသွေးအရောင်မခွဲခြားဘဲ တပြေညီ တိုးတက်လာရမယ်။ အခွင့်အရေး ပြည့်ဝရမယ်။ အဲဒီလို စံနှုန်းမဟုတ်ဘဲနဲ့ အခုထိ အမျိုးဘာသာ သာသနာဆိုတဲ့ ပိုတောင်မှ ကျဉ်းမြောင်းပါတယ် ဘာသာခြားကို လက်မထပ်ပါနဲ့ဆိုတာမျိုးတွေ ဖြစ်လာတယ်ဆိုတော့ မြန်မာနိုင်ငံအရေးအတွက် ကောင်းမွန်တဲ့အလားအလာ အစဉ်အလာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဆိုတော့ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တဲ့လူတွေနဲ့ ခေတ်မီတဲ့ အမျိုးသားရေးအမြင်နဲ့ ကြည့်ချင်တဲ့ လူတွေကြားမှာ ပဋိပက္ခ Level ပိုပြီးကြီးထွားလာပါတယ်။ နိုင်ငံရေး ကွဲရုံတင်မကဘူး။ Society divided လူ့အဖွဲ့အစည်းမှာတင် ကွဲလွဲမှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိလာတယ်။ တချို့ကပြောတာ နောက်ကနေ နိုင်ငံရေးသမားတချို့က တမင်တကာ ဖန်တီးနေတယ်လို့လည်း စွပ်စွဲမှုတွေလည်း ကြားခဲ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ မြန်မာ့နိုင်ငံရေး အလားအလာကို ခြုံငုံပြီးတော့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင့်။

ဦးကျော်ဇံသာ ။ ။ ကျနော့် ပုဂ္ဂိုလ်ရေးအရတော့ သိပ်ပြီးတော့ စိတ်ချမ်းသာစရာကောင်းတဲ့ ရှေ့ခရီးလို့ မတွေးမိပါဘူး။ အခုမြင်ရတာ မြန်မာနိုင်ငံမှာ အခုလက်ရှိ ခေါင်းဆောင်မျိုးဆက်ပြီးရင် သူတို့ကို ဆက်ခံမယ့်မျိုးဆက် ဒီလောက်မှ ထိထိရောက်ရောက် ရှိပါ့မလား။ ဒီထက်တောင်မှ ကျဆင်းသွားနိုင်သလား။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ၊ ပြည်သူလူထုအပေါ်မှာ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့။ အဲဒီတော့ ဒီမိုကရေစီအင်အားစု၊ အရပ်ဖက်က ပိုမိုကွဲပြားသွားလေမလားဆိုတာတွေကို စိုးရိမ်မိတယ်။ တချိန်ထဲမှာပဲ ဒီလို ကွဲပြားသွားရင် ငါတို့သာလျှင် ကယ်တင်ရမှာပဲလို့ ယူဆထားတဲ့ စစ်တပ်ရဲ့ သဘောထားကလည်း အရင်အတိုင်း မပြောင်းမလဲ ရှိကောင်းရှိမယ်လို့ ထင်ပါတယ်။ လိုအပ်ရင် ငါတို့ပြန်ပြီးတော့ ကိုင်ရမယ်။ ဒီဟာကို အဆင်သင့် လုပ်ထားကြဆိုတဲ့ သဘောမျိုးနဲ့ စောင့်ကြည့်နေသလားလို့လဲ စဉ်းစားကြည့်မိပါတယ်။ ဒီမိုကရေစီ ထွန်းကားမယ့် အလားအလာ၊ စစ်မှန်တဲ့ ပုဂ္ဂိုလ် ဒီမိုကရက်တစ် ပြည်ထောင်စု ဖြစ်မယ့်အလားအလာတော့ သိပ်မတွေ့နိုင်သေးဘူးလို့ စိတ်မကောင်းစွာနဲ့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG