သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သမိုင်းထဲက 7th July ရဲ့နေရာ


မြန်မာ့သမိုင်းထဲက 7th July ရဲ့နေရာ
please wait

No media source currently available

0:00 0:11:58 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ ကျူးလွန်ခဲ့တုန်းကတော့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပြီး ဝန်ခံရဲသူမရှိ၊ တာဝန်ယူရဲသူမရှိခဲ့တဲ့ “7th July” ဖြစ်ရပ်ဟာ နှစ်ပေါင်း (၅၅) ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို နောင်လာမယ့် မျိုးဆက်သစ်တွေ အမှန်အတိုင်း နားလည်သိရှိဖို့၊ သင်ခန်းစာယူနိုင်အောင် သမိုင်းမှာ ဘယ်လို မှတ်တမ်းတင်သင့်ပါသလဲ။ သမိုင်းပါရဂူ ဦးအောင်ခင် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင် … မြန်မာနိုင်ငံမှာ 7th July ဖြစ်ရပ်က ရာစုဝက်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ သမိုင်းအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် အခုအချိန်အထိ ဘယ်သူက ပစ်ခတ်လဲ။ ဘယ်သူက အမိန့်ပေးသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘယ်နှစ်ယောက် သေဆုံးသလဲဆိုလာလဲ မသိရသေးပါဘူး။ တာဝန်ရှိသူတွေက တယောက်နဲ့တယောက် လက်ညှိုးထိုးပြီး ငြင်းနေကြတယ်။ သူပစ်တာ မဟုတ်ဘူး။ ငါအမိန့်ပေးတာ မဟုတ်ဘူး။ ဒီကိစ္စက သမိုင်းထဲမှာ ဘယ်လို မှတ်တမ်းတင်ကျန်ရစ်ခဲ့မယ် ထင်ပါလဲ ဆရာ။ ဒီလိုပဲ မပြတ်မသားနဲ့ မရှင်းမလင်း ဖြစ်ပြီးတော့ ကျန်ရစ်ခဲ့မယ် ဖြစ်ရပ်တခုများ ဖြစ်နေမလား။

ဦးအောင်ခင် ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာက အာဏာရှိတဲ့လူက သမိုင်းရေးနေသလို ဖြစ်နေတယ်။ စစ်တပ်က အာဏာရှိတဲ့ နှစ်ပေါင်းများတဲ့အခါကြတော့ စစ်တပ်ကလဲ သူလုပ်တာ မှန်တယ်ဆိုပြီး ရေးတာပေါ့။ ၆၂ လူသတ်ပွဲမှာ တာဝန်အရှိဆုံးက ဗိုလ်ချုပ်နေဝင်း။ အဲဒီတုန်းက သူက အကြီးဆုံး၊ အာဏာအရှိဆုံး၊ အဲဒီတော့ ဒါကို သူ ရှောင်လို့မရဘူး။ သူ လျှောက်ပြီးတော့ ရှောင်နေတာ၊ အင်မတန် သူရဲဘောနည်းတဲ့ အလုပ်။ သူကနေ စပြီးဖြစ်လာတဲ့ ၁၉၈၈ အရေးတော်ပုံ အဲဒီမှာလည်း ဗိုလ်ချုပ်နေဝင်းပဲ။ အရပ်သား အများအပြားကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ စစ်ဗိုလ်က ဗိုလ်ချုပ်နေဝင်းပဲ။ သူက နံပတ်တစ်။ အဲဒီအချိန်မှာ သူနဲ့ သူ့တပည် ဗိုလ်ခင်ညွှန့်တို့က အဓိက တရားခံတွေပဲ။ ဒါတွေကို ဗိုလ်ခင်ညွှန့်က သူ့ရဲ့ ကိုယ်ရေးမှတ်တမ်း ရေးတဲ့အခါမှာ တခုမှ မပါဘူး။ သူ့အကြောင်းပဲ သူချီးကျူးပြီး ရေးထားတယ်။ ဒီဥစ္စာတွေက သမိုင်းလိမ်တဲ့ အမှု။

အဲဒီတော့ စစ်တပ်က စပြီးတော့ သမိုင်းလိမ်တာပေါ့။ ထိမ်ချန်တာပေါ့။ စစ်သမိုင်းကိုကြည့်ရင် ထိမ်ချန်တာတွေ အများကြီးရှိမယ်။ ဒါမျိုးဟာ ဗမာပြည်မှာ စွယ်စုံကျမ်းလိုမျိုး encyclopedia ဟာမျိုး ကော်မတီဖွဲ့ပြီး သေချာရေးဖို့လိုတယ်။ ဟိုအရင် ဂျပန်ခေတ်ထဲကစပြီး သမိုင်းလိမ်တွေက သိပ်များတယ်။ ဥပမာ လူငယ်တွေက ထင်နေတယ်။ တပ်မတော်က တိုက်လိုက်လို့ လွတ်လပ်ရေး ရတယ်ဆိုတာ။ မဟုတ်ဘူးဗျ။ လွတ်လပ်ရေး ရတယ်ဆိုတာ ဂျပန်စစ်ရှုံးပြီး အင်္ဂလိပ်စစ်နိုင်လို့။ အင်္ဂလိပ် စစ်နိုင်တဲ့အတွက် အင်္ဂလိပ်နဲ့ ဗမာ စေ့စပ်ပြီးတော့ အင်္ဂလိပ်ကပေးတဲ့ လွတ်လပ်ရေး။ အဲဒီတော့ တပ်မတော်က ဘာမှ တိုက်တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ အချိန်မှာ ဗမာတပ်မတော်က အင်္ဂလိပ် လက်အောက်မှာ၊ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဘယ်လိုလုပ်ပြီး အင်္ဂလိပ်လက်အောက်ကနေ အင်္ဂလိပ်ကို တော်လှန်မလဲ။ အင်္ဂလိပ်စစ်တပ် လက်အောက်မှာ အင်္ဂလိပ် ခိုင်းတာလုပ်နေတဲ့ တပ်မတော်ပါ။ အဲဒါမျိုးတွေက အများကြီး ရေးဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီခေတ်ပြိုင်မှာ တကယ်ကြုံခဲ့ရတဲ့ လူတွေက သူတို့ကိုယ်တိုင် ပြောခဲ့တဲ့ စကားကတော့ သမိုင်းထဲမှာ ဒါကို ခေတ်ပြိုင်အထောက်အထားဆိုပြီးတော့ တန်းဖိုးထားရမယ်၊ ဘာညာ ရှိကြတယ်။ Comtempory evidence လို့။ အဲဒါကို ခေတ်ပြိုင်အထောက်အထား သမိုင်းလို့ မယူဆနိုင်ဘူး။ သမိုင်းတန်းဖိုး မရှိကြဘူးပေါ့။

ဦးအောင်ခင် ။ ။ အခု ဥပမာဆိုလို့ရှိရင် အရင်တုန်းက ကိုကျော်ဇံသာလည်း သိပါတယ်။ ဗမာပြည်မှာ ရှိသေးလား မသိဘူး - ဗိုလ်နေဝင်းက သမိုင်းအဖြစ်မှန် ပြုစုရေးဆိုပြီးလုပ်တယ်။ ဗိုလ်စောမောင် လက်ထက်မှာ သမိုင်းဌာနမှာလုပ်တော့ အဲဒီမှာ ဥပမာတခု ပြောပြမယ် -- ပျဉ်းမနားမှာ ဗိုလ်ချုပ်အောင်ဆန်း မသေခင်၊ ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ ဗိုလ်ချုပ်အောင်ဆန်းအစိုးရကို ဆန့်ကျင်ဖို့ ပျဉ်မနားမှာ လယ်သမားသူပုန် ခဏပေါ်လာတယ်။ အဲဒီ လယ်သမားသူပုန်နဲ့ ပတ်သက်ပြီးတော့ အင်္ဂလိပ်စစ်တပ်က ဒုဗိုလ်ချုပ်ကြီးဗစ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့က အထူးစစ်ဆင်ရေးလုပ်ဖို့ စဉ်းစားတယ်။ ဒီစစ်ဆင်ရေးကို တပ်ရင်း (၄) ရဲ့ တပ်ရင်းမှုး ဗိုလ်ချုပ်ဂျရက်နဲ့ ဒုတပ်ရင်းမှုး ဒုဗိုလ်မှုးကြီးနေဝင်းတို့က တာဝန်ယူပြီးတော့လုပ်တဲ့ Flush စစ်ဆင်ရေးလို့ ခေါ်တယ်။ ၁၉၄၇ ခုနှစ် မတ်လမှာလုပ်တဲ့ စစ်ဆင်ရေး။ ဒီစစ်ဆင်ရေးကို ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့က တပ်ရင်း (၄) ကို တာဝန်ပေးတာက ဒီထဲမှာ အရင်တုန်းက ဖက်စစ်တော်လှန်ရေးမှာ အနစ်နာခံကြတဲ့ မျိုးချစ်ရဲဘော်တွေ အများကြီးပါတယ်။

ဒီလူတွေကို စည်းရုံးသိမ်းသွင်းဖို့ဆိုပြီး ဒုတပ်ရင်းမှုး ဒုဗိုလ်မှုးကြီးနေဝင်းကို အဓိက တာဝန်ပေးပြီးတော့ စည်းရုံးသိမ်းသွင်းတယ်။ ဗိုလ်ချုပ်နေဝင်းကလည်း ဒီအတိုင်းပဲ သမိုင်းသုတေသနဌာနကို ပြောပြတယ်။ သူ့ရဲ့ စည်းရုံးရေးနည်းဗျူဟာကြောင့် ပျဉ်းမနားမြို့တဝိုက် ကွန်မြူနစ် ပုန်ကန်မှုက နိဂုံးချုပ်သွားတယ်လို့ သမိုင်းအဖြစ်မှန်မှာ ရေးလာတယ်။ အဲဒီတော့ မြန်မာနိုင်ငံသမိုင်း ပထမတွဲမှာ ရေးထားတယ်။ အဲဒါကို Robert Taylor ကလည်း ကပ်ဖား academic ဆိုတော့ Flush စစ်ဆင်ရေးအကြောင်းကို ကြံဖန်ပြီး ချီးမွမ်းထားပြန်တယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဗြိတိသျှအစိုးရထုတ်တဲ့ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု ဒုတိယတွဲမှာတော့ ဗိုလ်နေဝင်း ဦးစီးတဲ့ Flush စစ်ဆင်ရေးက အောင်မြင်တယ်လို့ ဖော်ပြတယ်။ ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီးတော့၊ ရက်စက်တဲ့ စစ်ဆင်ရေးလို့ မှတ်တမ်းတင်ထားတယ်။

အဲဒီတော့ Bertil Lintner က သူ့စာအုပ်မှာ အရင်တုန်းကရှိတဲ့ ပျဉ်းမနားက လူတွေကို လိုက်မေးပြီးတော့ အဲဒီမှာ ဗိုလ်ချုပ်နေဝင်းရဲ့ တပ်ရင်း (၄) က ဓမြတိုက်၊ လူသတ်ပြီး လုယက်ပြီး အဲဒီ ပျဉ်းမနားမြို့နယ်မှာ စပြီးတော့ ရတနာတွေ အကုန်လုံးလုပြီးတော့ ပျဉ်းမနားမြို့ထဲက မူစလင်ကျောက်ကုန်သည် ဒေါ်ပုကို ပြန်ရောင်းတယ်။ အဲဒါတွေကို ပျဉ်းမနားသားတွေကို ပြန်ပြောတယ်။ အဲဒါကြောင့်မို့ ဗိုလ်ချုပ်နေဝင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ပျဉ်းမနားနယ်မှာ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းဘက် ပါလာမယ့်အစား ဗိုလ်ချုပ်အောင်ဆန်းအစိုးရကို အတော်မုန်းပြီးတော့ ကွန်မြူနစ်ဘက်ကို အများကြီးပါသွားတယ်။ အဲဒါက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တာပေါ့။ သူတို့က သမိုင်းမှန်ပြုစုရေးဆိုပြီး သူတို့ ရေးချင်တာတွေရေးတော့ တဘက်က နစ်နာတဲ့လူကလဲ ရေးမယ်လူ မရှိဘူး။ Bertil Lintner တို့လို အင်္ဂလိပ်လိုရေးတာ ဗမာပြည်မှာလဲ သိပ်မရှိဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော့်ရဲ့ စာအုပ်ဝေဖန်ခန်းထဲမှာတော့ ဒီအကြောင်းတွေတော့ ရေးလို့ထားတယ်။ ဗမာပြည်မှာ စာအုပ်လည်း ထုတ်ဖြစ်ပါတယ်။ ဒါမျိုးက အများကြီးလိုတယ်။ ရေးဖို့ အမှန်ဖြစ်ဖို့။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ 7th July နဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ရပ်မှန် ပြုစုရေးဆိုတာက တကယ်တော့ အာဏာလက်ရှိတွေ၊ အဲဒီတုန်းက အာဏာပိုင်တွေ မပါဘဲ လုပ်သင့်တဲ့သဘောပေါ့။

ဦးအောင်ခင် ။ ။ ဟုတ်တယ်။ အခုလိုက အကောင်းဆုံး။ နိုင်ငံခြားသားထဲမှာလည်း ကပ်ဖားပညာရှင် မပါဘဲနဲ့ သမာသမတ် သေချာရေးနိုင်တဲ့လူတွေ လုပ်ဖို့လိုတယ်။ အဲဒါမျိုးက ဗမာသမိုင်းမှာ မရှိခဲ့ဖူးဘူး။ မရှိခဲ့ဘူးတော့ ဒီအစဉ်အလာကို သူများနိုင်ငံတွေမှာတော့ ပြန်ပြီးတော့ သူသတ်ရင် သတ်ပါတယ်လို့ Truth and Reconciliation တွေ ရှိတယ်။ ဒါတွေက သူတို့ကို ပြန်ပြီးတော့ ထောင်ချဖို့ မဟုတ်ဘူး။ ဒါမျိုးဖြစ်ခဲ့ပါတယ်ဆိုတဲ့ အမှန်တရားကိုတော့ နောင်လာနောင်သားတွေ သိခွင့်ရှိတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တာက ဒီလူတွေဟာ အဲဒီတုန်းက ကျောင်းသားတွေကို ပစ်သတ်တယ်။ တကသကို ဒိုင်နမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတာ ကျောင်းသားတွေရဲ့ အန္တရာယ်ဟာ တိုင်းပြည်ကို တကယ်နစ်နာစေမယ်။ ယုတ်စွအဆုံး သူတို့အာဏာကို စိန်ခေါ်နေတယ်ဆိုတဲ့ အဆင့်မှာ တကယ်ရှိလား။ အဲဒီတုန်းက ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက ဘယ်လောက် ကြောက်စရာကောင်းလို့ ပစ်ခဲ့ရတယ်လို့ ထင်ပါလဲ။ သို့တည်မဟုတ် ဒေါသစိတ်ကြောင့် ပစ်တာလား။ ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။

ဦးအောင်ခင် ။ ။ အဲဒီတုန်းက ကျောင်းသားလှုပ်ရှားမှုဆိုတာ မြို့ထဲတောင် မရောက်ပါဘူး။ တက္ကသိုလ်ဝန်းထဲမှာပါ။ တက္ကသိုလ်ဝန်းထဲမှာ သူတို့ လိုလားချက်ကို တောင်းဆိုတာ။ အဲဒီတော့ စစ်တပ်က အစိုးရလုပ်တဲ့အခါမှာ သူ့ဆန့်ကျင်တဲ့ လူအားလုံးဟာ ရန်သူပဲ။ လူကြီးဖြစ်ဖြစ်၊ ခလေးဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ် သူကို ဆန့်ကျင်ရင် ဆန့်ကျင်တဲ့လူကို စစ်တပ်က ရန်သူလို့ သဘောထားတယ်။ အဲဒီတော့ သူက ဒါကို ပစ်သတ်ပြီးတော့ နောက်နေ့ကြတော့ လူမိုက်စကားပြောတာပေါ့။ ဒါးဒါးချင်း လှံလှံချင်း တုတ်တုတ်ချင်း ဆိုပြီးတော့ နောက်ဆုံးပိတ် ပြည်သူတွေဆီက လက်နက်တွေ လိုက်သိမ်းပြီး ကျနော့်အိမ်က ကျနော့်အဖေရဲ့ နှစ်လုံးပြူးသေနတ်တောင် အသိမ်းခံရတယ်။ စစ်အစိုးရဆိုတာက ရှင်းရှင်းပြောရရင် လူမိုက်အစိုးရ။ ဗမာဘုရင်တွေကလည်း လူမိုက်ဘုရင်တွေပဲ။ လူမိုက်က ကြီးစိုးတယ်။ ဒီလူဟာ လူမိုက်ဖြစ်တယ်ဆိုတာကိုတော့ ပြောဖို့လိုတယ်။ တိတိကျကျ အထောက်အထားနဲ့ အခိုင်အမာ ပြောဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို Truth and Reconciliation ဖြစ်ရပ်မှန်ကို အဖြေရှာပြီးတော့ မရှင်းလင်းခဲ့ကြဘူးဆိုရင် နောင်ကိုလဲ ဒါမျိုးတွေ ကြုံရနိုင်သေးတယ်ဆိုတဲ့ သဘောပေါ့။

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ ဒါမျိုးက လုပ်လေ့လုပ်ထ ရှိတာကို။ စစ်တပ်က အမိန့်နာခံပြီး တာဝန်မရှိဘူး။ ဗိုလ်နေဝင်း ခိုင်းလို့ ပစ်သတ်တာ။ ငါ့မှာ တာဝန်မရှိဘူးဆိုပြီးတော့ စစ်ဗိုလ်ဆိုတာ အမှားအမှန် ဝေဖန်နိုင်တဲ့ ဉာဏ်မရှိဘူး။ သူက ခိုင်းတာအကုန်လုပ်တာ။ စစ်ဗိုလ်က ထွက်သွားတဲ့လူတွေရဲ့ နည်းနည်းပါးပါး စာဖတ်တဲ့အခါမှာ Conscious ရှိလာတယ်။ ဒါပဲ။ စစ်ဗိုလ်လုပ်နေတုန်းတော့ ခိုင်းတာကို အကုန်လုပ်တယ်။ အဲဒီတော့ ခိုင်းတဲ့လူမှာ အပြစ်ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒီလူတွေက သမိုင်းမှာ တရားခံ ဖြစ်မှာတော့ သူတို့ ကြောက်တာပေါ့။ သူတို့လုပ်တာ မှားတယ်လို့ သိတဲ့သဘောပေါ့။

ဦးအောင်ခင် ။ ။ အဲဒီ သဘောပေါ့။ သူတို့က မဟုတ်တာ လုပ်တယ်ဆိုတာ အဲဒီနေရာမှာ ရှက်ရင်ရှက်လာမှာပေါ့။ ဂျပန်ပြည်မှာ ယူနီဖောင်း မဝတ်ရဲသလို။ ဂျပန်စစ်ဗိုလ်က ယူနီဖောင်းဝတ်ပြီးတော့ မြို့ထဲ မလာရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်ပြည်မှာ စစ်တပ်က ဗိုလ်ကျလိုက်တာ တပြည်လုံး ချွတ်ခြုံကျပြီးတော့ အကုန်လုံး ပြာပုံဖြစ်သွားတဲ့ ဘဝရောက်သွားတာကို။ စစ်တပ်ကို အမေရိကန်က ရိုက်ချိုးပြီးတော့ မနေနိုင်အောင် လုပ်လိုက်တဲ့အခါကြမှ ဂျပန်ပြည်မှာ စစ်ဝါဒ ပျောက်သွားတာ။ ဗမာပြည်မှာတော့ အဲဒီလိုမျိုး လုပ်မယ့်လူ မရှိတော့ စစ်ဝါဒက တနည်းမဟုတ် တနည်းနဲ့တော့ ကျန်နေတာ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တာက သမိုင်းမှာ ဆိုရိုးစကားလဲ ရှိမယ်ထင်ပါတယ်။ History is written by the victors ဆိုပြီးတော့။ ဥပမာ ဒုတိယ ကမ္ဘာစစ်တို့ ဘာတို့ဆိုရင်လဲ ရုပ်ရှင်တွေကြည့်ရင် မဟာမိတ်တွေ စစ်နိုင်တဲ့ဘက်ကလူတွေ ရိုက်တာတွေပဲ တွေ့နေရတယ်။ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒီအစဉ်အလာပဲ ဆက်လက်ပြီးတော့ ရှိနေအုံးမလား။

ဦးအောင်ခင် ။ ။ ကျနော် အဲဒီမှာ တခုပြောချင်တာက ကိုကျော်ဇံသာလည်း သိပါတယ်။ Karl Marx ရေးထားတဲ့ 18th Brumaire of Louis Bonaparte ဆိုတာ။ အဲဒါ ဘာလဲဆိုတော့ ပြင်သစ်တော်လှန်ရေးမှာ အာဏာရှင်စနစ်ကို တော်လှန်တဲ့ တော်လှန်ရေး။ ဒါပေမဲ့ အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ နိုဝင်ဘာလ (၉) ရက်နေ့မှာ ပြင်သစ်တော်လှန်ရေး ပြက္ခဒိန်မှာ Brumaire (၁၈) ရက်နေ့လို့ ခေါ်တယ်။ နိုဝင်ဘာလ (၉) ရက်နေ့ကျတော့ နပိုလီယန် (Napoleon) ဆိုတဲ့ စစ်အာဏာရှင် တက်လာခဲ့တယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ ရှိနေတဲ့ နိုင်ငံရေးအယူအဆတွေ၊ အတွေးအခေါ်တွေ၊ ရိုးရာဓလေ့တွေက တနည်းမဟုတ် တနည်းနဲ့ ရှင်သန်နေတုန်းပဲ။ ကွယ်ပျောက်ဖို့ အလွန်ခဲယဉ်းတယ်လို့ သူကဆိုတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာလည်း မကောင်းတဲ့စရိုက်က…

ဦးအောင်ခင် ။ ။ ကြာအုံးမှာပဲ။ ဒါတွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ပြီးတော့ Free press ရှိတဲ့အထဲမှာ ချချပြရင်တော့ တဖြည်းဖြည်းနဲ့ ငါတို့လုပ်တဲ့ဥစ္စာကို လူသိရှင်ကြားဖြစ်အောင် ချပြနေပါလားဆိုတာကို သိလာရင်တော့။ ဒီလို ချပြနိုင်မယ့်လူ၊ တာဝန်သိတဲ့ စာနယ်ဇင်း လွတ်လပ်မှု။ အဲဒီလိုမျိုး လုပ်ပြနိုင်ရင်တော့ တဖြည်းဖြည်းနဲ့ သူတို့ လက်ရွံလာမယ့် သဘောရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု စဉ်းစားမိတာက ဥပမာ တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ။ ကျနော်တို့ဆို မမြင်ဘူးလိုက်ဘူး။ ကျနော်တို့ ရောက်တဲ့ခေတ်မှာ မရှိတော့ပါဘူး။ အခု မြန်မာနိုင်ငံမှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတွေလည်း ရှိနေကြတယ်။ အဲဒီ သူဌေးတွေက ဟိုမှာ အဆောက်အဦးတွေလှူ။ ဘာလှူညာလှူ အများကြီးလှူ သာဓုခေါ်ပါတယ်။ ဒီအဆောက်အဦးကို ပြန်လည်ဆောက်လုပ်ဖို့ ဘယ်သူမှ လှူတန်းချင်စိတ် မရှိကြဘူးလား။

ဦးအောင်ခင် ။ ။ ဒါကတော့ အရင်တုန်းက တက္ကသိုလ်ကထွက်တဲ့ လူဆိုရင်တော့ ဒီစိတ်ရှိမှာပေါ့။ ဦးနုလက်ထက်တုန်းက ကျောင်းသားပြဿနာဖြစ်ရင် ဦးနုက လာပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမထိ လာပြီးတော့ မိန့်ခွန်းပြောရဲတယ်။ သမဂ္ဂထဲမှာ ဝင်ပြောရဲတယ်။ သမဂ္ဂက သူတို့နေလာတဲ့ သမဂ္ဂ။ သူတို့အတွက်က မခဲယဉ်းဘူး။ ဗိုလ်ချုပ်နေဝင်းကြတော့ ကျောင်းသားဘဝမှာ အရက်သောက်၊ မြင်းလောင်း၊ မိန်းမလိုက် လုပ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒါတွေကို ဂရုစိုက်တာ မဟုတ်ဘူး။ တက္ကသိုလ်လည်း တနှစ်လောက် တက်ဖူးတော့ ဒါတွေကို ဘာမှတန်းဖိုးမထားဘူး။ တန်းဖိုးထားတဲ့ပေါ်မှာလည်း မူတည်ပါတယ်။ အရပ်သားအဖွဲ့အစည်း ဒီမိုကရေစီသဘောတရား၊ သမဂ္ဂ သဘောတရား။ ဒီသဘောတရားတွေကို တန်းဖိုးထားတတ်တဲ့ စိတ်ဓါတ်ကလည်း ရှိဖို့လိုတယ်။ ဒီသဘောထားတွေကို စံသတ်မှတ်ချက်တွေကို ဘာမှ idealism ကို တန်းဖိုးမထားဘဲနဲ့ အမိန့်နာခံရင် အကုန်လုပ်မယ်၊ ခလေး၊ လူကြီး၊ ဘုန်းကြီးမကျန် အကုန်သတ်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ လူတွေကတော့ ဘယ်လုပ်မလဲ။

XS
SM
MD
LG