ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြန်မာနိုင်ငံ စစ်ကိုင်း၊ ဧရာဝတီနဲ့ မကွေးတိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေးကြီမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာနေကြောင်း ဒေသခံတွေက နေပြည်တော်မှာဖွင့်ထားတဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနကို ဆက်သွယ်လာတာကြောင့် လိုအပ်တဲ့အကူအညီတွေ ချက်ခြင်း ဆောင်ရွက်ပေးနေကြောင်း နေပြည်တော်ရုံး တာဝန်ကျ ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပြပါတယ်။
“ရခိုင်၊ သံတွဲရဲ့ ၁၆ မိုင်အကွာ သူဋ္ဌေးချောင်း၊ ရွှေလှေရွာ၊ လင်းသီရွာ၊ ပေါက်တော၊ ဈေးကျွန်း၊ ပြင်ချောင်းရွာ၊ သပြုချိုင်ရွာ အဲဒါတွေက မနေ့ညက ၁ နာရီကနေစပြီးတော့ အဲဒီ သူဋ္ဌေးချောင်းကနေ စပြီး ရေတက်ပြီးတော့ ရေကြီးတာပေါ့။ သူက သတင်းပို့တာ။ ကျနော်တု့ိ ဖုန်းဆက်ပြီးတော့ ညွှန်မှူးကို ဖုန်းဆက်ပေးလိုက်တော့ သူတို့ သတင်းပို့ပြီး သိပ်မကြာဘူး။ သံတွဲက အုပ်ချုပ်ရေးမှူးတို့၊ ကျနော်တို့ ကယ်ဆယ်ရေးရုံးကျတော့ သံတွဲမှာ မရှိဘူး။ ကျောက်ဖြူနဲ့ စစ်တွေမှာရှိတယ်။ အဲဒါနဲ့ သူတို့က ချက်ခြင်းပဲ ကွင်းဆင်းပြီး သွားကြတယ်။”
စနေနေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြို့မှာ မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် အိမ်တချို့ ပျက်စီးသွားကြောင်းလည်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာလည်း စနေနေ့က တနေကုန်နီးပါး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ အစိုးရအဆောက်အဦးတွေနဲ့ လူနေအိမ်တွေထဲ ရေတွေဝင်ခဲ့တဲ့အပြင် မျိုးစပါးတွေလည်း ပျက်ဆီးကုန်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းက ကံမမြို့မှာလည်း မိုးသည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းဒေသကြီး ကောလင်းမြို့မှာ အခါတိုင်းနှစ် ရေကြီးနေကျ အချိန်ထက်စောပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကြာပတေးနေ့က ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ တမြို့လုံးနီးပါး ရေလွှမ်းသွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှု မရှိပေမဲ့လည်း ပစ္စည်းဆုံးရှုံးမှုတွေ အများအပြား ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်း မြို့မှာ ရေကြီးမှုတွေ နှစ်စဉ် ဖြစ်ပေါ်လေ့ ရှိပေမဲ့လည်း အခုနှစ် ရေကြီးမှုဟာ ခါတိုင်းနှစ်တွေထက် စောပြီး ဖြစ်တာကြောင့် ခါတိုင်းဖြစ်နေကျ အချိန်ရောက်ရင် အခြေအနေ အတော်လေး ဆိုးရွားနိုင်တယ်ဆိုပြီး ဒေသခံတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
မနှစ်က ကောလင်းမြို့မှာ ဖြစ်သွားခဲ့တဲ့ မိုးသည်း ရေကြီးမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို စိုက်ပျိုးရေးတွေလည်း အများအပြား ပျက်စီးခဲ့ရတာပါ။
ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသေကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။