စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးများခဲ့တာကြောင့် ဝန်းသိုနဲ့ ကောလင်းမြို့နယ် တွေအတွင်းမှာ ရေကြီးရေလျှံတာတွေဖြစ်ပွားနေပြီး ဝန်းသိုမြို့နယ်အတွင်းမှာ လမ်းတံတားတွေ ကျိုးပျက်ခဲ့ သလို လူအသေအပျောက်လည်းရှိခဲ့ပါတယ်။ ကောလင်းနဲ့ဝန်းသိုအကြားမှာ ရထားလမ်းရေကျော်တာကြောင့် ရထားအသွားအလာတွေကို နာရီအတန်ကြာ ရပ်ထားထားခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အနောက်တောင် မုတ်သုန်လေဟာ ဇွန်လ ပထမပတ်မှာ မြန်မာပြည်အနံ့ှဝင်ရောက်လာပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ဒီရက်ပိုင်းအတွင်း မိုးများခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရွာသွန်းခဲ့တဲ့မိုးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာတော့ ရေကြီးရေလျှံပြီး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် ဝန်းသိုမြို့နယ်အတွင်းမှာ အပျက်အစီးများပြီး လူအသေအပျောက်ပါရှိခဲ့ကြောင်း ဝန်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက အခုလို ပြောပါတယ်။
“တံတားတွေကတော့ တော်တော်လေးကို ပျက်စီးသွားတာရှိတယ်ဗျ။ အခုလက်ရှိ အနေအထားမှာဆိုရင် မောက်ပေါ်တံတားကတော့ ရေ ကမ်းပြည့်လာတဲ့ အချိန်ပိုင်းမှာပေါ့ဗျာ၊ ဒီ တံတားစောင်းထိပ်ကို ရေ ဝဲလည် ပြီးတော့မှ အောက်ကနေ ပြိုကျသွားတဲ့အနေအထားမျိုး ရှိပါတယ်ဗျ။ ဒါပေမဲ့ တခြမ်းတော့ကျန်သေးတယ်။ ကျနော်တို့ ကျေးရွာချင်းဆက် တံတားတွေပေါ့၊ အဲဒီမှာ လူကူး၊ ဆိုင်ကယ်တွေကူးတဲ့ တံတားကတော့ တံတား တစင်းပါသွားတယ်ဗျ။
“နောက်ပြီးတော့မှ ဝန်းသိုနဲ့ ပင်လယ်ဘူးကို ဆက်သွယ်တဲ့လမ်းကြောင်းမှာ တံတားနှစ်စင်းကတော့ တော်တော် ကြီးကို ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။ ဘာလဲဆိုတော့ အဲဒီမှာ RC အောက်ခုံခံ တံတားတွေအကုန်လုံး ပျက်ကျသွားတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ လမ်းကျော်တွေရော ပိတ်ဆို့သွားတာပေါ့ဗျာ။ လူကတော့ နှစ်ယောက်သေတယ်ဗျ။ အဲဒါကတော့ ကျနော်တို့ ဝန်းသိုြမို့ပေါ်က။ အဲဒီနှစ်ယောက်ကတော့ မနက်က အလုပ် သွားဆင်းဖို့အတွက်ကိုပေါ့ဗျာ၊ ထွက်သွားတဲ့အချိန်ပိုင်းမှာ တောင်ကျရေနဲ့ တိုက်ပြီးတော့မှ ပါသွားတဲ့ အနေ အထားမျိုး ရှိတယ်ဗျ။”
မန္တလေး-မြစ်ကြီးနား ရထားလမ်းရဲ့ ကောလင်းနဲ့ဝန်းသိုအကြားလမ်းပိုင်းမှာ ရေကျော်တာကြောင့်လည်း ရထား အသွားအလာတွေ ရပ်ဆိုင်းခဲ့ရကြောင်း ဝန်းသိုဘူတာရုံ ဝန်ထမ်းတဦးက ပြောပါတယ်။
“ကျနော်တို့ဘက်တော့ ကောလင်း-ဝန်းသိုကြားက လမ်းလေး သူတို့ပြင်နေတာ ပြီးလို့ရှိရင်တော့ လမ်းတွေက သွားလို့ရပါပြီဗျ။ မန္တလာတစင်းပဲ နောက်ကျပါတယ်၊ မန္တလာနဲ့ ဒုတိယအမြန်၊ ဒုတိယအမြန်က အခု ကောလင်း ခနရပ်ထားတယ်။ မန္တလာက ဝန်းသိုမှာ ယာယီရပ်ထားတယ်။ ဝန်းသို-ကောလင်းကြားပဲ ရေကြီးတာ၊ တခြား နေရာတော့ ဘာမှဖြစ်တာ မကြားပါဘူး။ အခု နေ့လည် ၂ နာရီပိုင်းလောက် ပွင့်နိုင်မယ်ပြောပါတယ်။”
နောက်ဆုံး ဆက်သွယ်မေးမြန်းကြည့်တာမှာ နေ့ခင်း ၂ နာရီက ရထားအသွားအလာတွေ ပြန်လည်စတင်နိုင် ကြောင်း ပြောပါတယ်။
ကောလင်းမြို့ဖက်က အခြေအနေကိုတော့ ကောလင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ယက်အဖွဲ့က ကိုအောင်မျိုးဝေက အခုလို ပြောပါတယ်။
“ရေအတိုင်းအတာကတော့ ကျနော်တို့က မြို့ပေါ်ဧရိယာပါပဲ။ မြို့ပေါ်မှာ ၆ ရပ်ကွက်ရှိတယ်၊ ၆ ရက်ကွက်စလုံး ရေလွှမ်းတယ်ပေါ့၊ အဓိကကတော့ … မြို့ပေါ် ၆ ရပ်ကွက်မှာ အိမ်ခြေ ၄,၂၀၀ ရှိတယ်။ ၄,၀၀၀ လောက်က ရေဝင်ရောက်မှု ဧရိယာဖြစ်တယ်။ ၂,၀၀၀ လောက်ကတော့ တော်တော်ကြီး ရေများတယ်။ ၁၀ ပေလောက်ထိ ရှိတဲ့နေရာရှိတယ်။ ကျောင်းတွေအကုန်ပိတ်၊ ကျောင်းတွေထဲ ရေတွေက အကုန်ဝင်သွားတာကိုး၊ ရေတွေ နစ်ကုန်တာပေါ့။
“အဓိက အခက်အခဲကတော့ လတ်တလောကတော့ ရေ တအားကြီးဝင်သွားတဲ့ နေရာတွေမှာတော့ စားစရာ သောက်စရာပေါ့ အခက်အခဲ၊ နောက် ရေရှည်က ရေတွင်းတွေ အကုန်မြုပ်သွားပြီလေ၊ သောက်သုံးရေ၊ ရေသန့် ရရှိရေးပေါ့။”
ကောလင်းမြို့ ရေလွှမ်းတဲ့အခြေအနေကို အစိုးရက ကိုင်တွယ်ဖြေရှင်းစေလိုကြောင်းလည်း အခုလို တိုက်တွန်း ပြောဆိုပါတယ်။
“အဓိက ကျနော်တို့က ဘာသိစေချင်လဲဆိုတော့ နိုင်ငံတော်အစိုးရပိုင်းကိုလေ၊ ကျနော်တို့ ဒီ ကောလင်းနဲ့ ပတ်သက်တဲ့ရေဘေးကို စနစ်တကျ စီမံချက်ဆွဲပြီးတော့မှ ကာကွယ်သင့်တယ်ဆိုတာကိုလေ၊ အဲဒီတော့ ကာကွယ်လို့တော့ မရတော့ဘူး၊ အခုဟာ တွေ့တဲ့အချိန်ရောက်ပြီ။ တွေ့တဲ့အချိန်ရောက်တဲ့အခါမှာ လတ်တလော အခုလို အရေးပေါ်အခြေအနေဖြစ်ရင် စနစ်တကျ စီမံခန့်ခွဲမှုနဲ့ စနစ်တကျ ပူးပေါင်းလှုပ်ရှားမှုတွေ နိုင်ငံတော်အစိုးရအနေနဲ့လည်း စီမံချက်တွေရေးဆွဲပြီးတော့ အင်တိုက်အားတိုက် လုပ်ဆောင်သင့်တယ်လို့ တောင်းဆို တိုက်တွန်းပါတယ်နော်။”
ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းကလည်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ကောလင်းမြို့မှာ ရေကြီးရေလျှံ ဖြစ်ခဲ့ပြီး လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်ကတော့ မြန်မာနိုင်ငံအနှံ့မှာ မိုးကောင်းနေပြီး ၂၀၁၆ ခုနှစ်ရဲ့ ပထမ ရေကြီးကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရေလွှမ်းမိုးတာကို သတိထားဖို့ လိုအပ်ကြောင်း ပြောဆိုထား သလို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ဒီလ ၈ ရက်က ၁၈ ရက်အတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။