ယူကရိန်းသမ္မတ ဂျပန်ပါလီမန် ကို အွန်လိုင်း မိန့်ခွန်းပြောကြား
{{Zawgyi/Unicode}}
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က အွန်လိုင်းကနေ တိုက်ရိုက်မိန့်ခွန်းပြောကြားရာမှာ ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအပေါ် အစောပိုင်းမှာကတည်းက ထောက်ခံမှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး၊ ဒီထက်ပို ကူညီအားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဂျပန်နိုင်ငံ သမိုင်းမှာ ပထမဆုံး ပြည်ပခေါင်းဆောင်တယောက်က လွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ အစီအစဉ်ကိုတော့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့လည်း ရှေ့ဆုံးတန်းကနေ နားထောင်ခဲ့ကြတာပါ။
ယူကရိန်းသမ္မတရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းအပေါ် ကျုးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့ အာရှနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ ပထမဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ရုရှားအစိုးရ တာဝန်ရှိသူတွေ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပြင်၊ ရုရှားနဲ့မဟာမိတ် ဘဲလာရုစ်နိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့သလို၊ ဂျပန်နိုင်ငံကလည်း အရေးယူခဲ့တာပါ။ ရုရှားရဲ့ ကျုးကျော်မှုအပေါ် ဂျပန်နိုင်ငံက အစဉ်တစိုက် ပြစ်တင်ဝေဖန်လေ့ရှိသလို၊ ယူကရိန်းအတွက် ဒေါ်လာသန်းထောင်ချီတဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ တခြားအထောက်အပံ့တွေကိုလည်း ပေးအပ်နေတာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတကတော့ ရုရှားစစ်တပ်ကို ယူကရိန်းတပ်ဖွဲ့တွေ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုအပ်တာကြောင့် ရုရှားစစ်တပ် ဝင်ငွေရစေမယ့် ကုန်သွယ်မှုတွေကို ပိတ်ပင်ဖို့လည်း တိုက်တွန်းခဲ့တာပါ။
ရုရှားဟာ ယူကရိန်းနိုင်ငံကို မစ်ဇိုင်းဒုံး ထောင်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့မြို့တွေ ပျက်စီးခဲ့ရသလို၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ အများအပြား ရှိတာကြောင့် အန္တရာယ်ကြီးမားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
....................................
{{Unicode}}